တနင်္သာရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်လာ
2024.03.22

တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေတွေဟာ အခုနှစ်မှာ ပြောင်းလဲလာပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီကို ခုခံစစ်မဟုတ်တော့ဘဲ ထိုးစစ်ဆင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုနှစ် နှစ်စပိုင်းကတည်းက ထားဝယ်နဲ့ မြိတ်ခရိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်းမှာ ပထမဆုံးအနေနဲ့ စခန်းသိမ်းနိုင်တာတွေ ရှိလာပါတယ်။
ဇန်နဝါရီလထဲမှာ ထားဝယ်မြို့နယ်ထဲက ကျောက်ထုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ဖေဖော်ဝါရီလဆန်းမှာ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နားက စစ်ကောင်စီစခန်းကုန်းတွေကို သိမ်းပိုက်ခဲ့ကြသလို ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာက စစ်ကောင်စီ စခန်းကုန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
“၂၀၂၃၊ ၁၂ လပိုင်းကတည်းက တိုက်ခိုက်ရေးကို အားသွန်ခွန်စိုက်လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားပြီးတော့ ၂၀၂၄ ကျတော့ ပွဲရေပိုများလာတဲ့ သဘောရှိတာပေါ့။ စခန်းတစ်ခန်းကို သိမ်းလိုက်နိုင်ပြီ ဆိုကတည်းက ကျွန်တော်တို့ ပြယုဂ်ကို ပြရာလည်း ရောက်တယ်။ အဲဒီကျောက်ထုစခန်းက ကျွန်တော်တို့ရဲ့ Logistics လမ်းကြောင်းပေါ်မှာ ရှိတယ်။ အရင်ကဆိုရင် ကျောက်ထုစခန်းကို ကွေ့ပတ်ပြီးတော့ အနည်းဆုံး ၅ မိုင်လောက်ခွာပြီးတော့ သွားရတယ်ဗျ။ အဲဒါကြောင့်မလို့ ကျောက်ထုစခန်းကိုဦးစားပေးပြီးတော့ သိမ်းဖြစ်တယ်ဗျ”
မြိတ်ခရိုင်မှာလည်း ပုလောမြို့နဲ့ ပလမြို့မှာ စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာပဲ ထိန်းချုပ်ထားနိုင်ပြီး မြို့ပြင်ကရွာတွေကို မထိန်းချုပ်နိုင်တော့ဘူးလို့ မြိတ်ခရိုင်တပ်ရင်း (၁) က အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
“၂၀၂၄ မှာ စစ်ရေးပိုမိုလုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ တပ်မဟာ (၄) ကလည်း ပူးပေါင်းပါဝင်မှုအား ကောင်းလာတယ်။ အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ကနေ လုံးဝဖြတ်ခွင့်မပေးဘူး။ ကျွန်တော်တို့က ဖြတ်တောက်အဖွဲ့လို ဖြစ်နေတယ်။ ကျွန်တော်တို့ တပ်ရင်းကလေ။ ထားဝယ်ဘက်ကိုသွားမယ့် လမ်းကြောင်းတွေ ကရင်၊ မွန်တို့ကို သွားမယ့်စစ်ကူလမ်းကြောင်းတွေက မြိတ်ခရိုင်တပ်ရင်း (၁) ကို အဓိက ဖြတ်ပြီးသွားမှရတာ အဲဒါကြောင့် သူတို့က ရေလမ်းကြောင်းကိုပဲ အဓိကသုံးပြီးသွားတယ်”
မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ တနင်္သာရီတိုင်းထဲမှာ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေကလွဲလို့ ကျန်တဲ့ ၈ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ တိုက်ပွဲ ၃၆ ကြိမ်၊ ဖေဖော်ဝါရီလမှာ ၅၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ တနင်္သာရီတိုင်းထဲက အခြေအနေတွေကို သုတေသနလုပ်နေတဲ့ FE5 Tanintharyi အဖွဲ့က မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကလည်း အရပ်သားတွေရှိတဲ့နေရာတွေကိုပါ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနေသလို စားနပ်ရိက္ခာ အခက်အခဲလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ပိုများပြားလာတာဖြစ်ပြီး ထားဝယ်မြို့နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းဝန်းကျင်ခန့်ရှိပြီး တစ်တိုင်းလုံးအနေနဲ့ သုံးသောင်းဝန်းကျင်ရှိတယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဆိုပါတယ်။
အခုရက်ပိုင်းထဲဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က မြို့အဝင်၊ အထွက်လမ်းတွေကို ပိတ်ထားလို့ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ ရေဖြူ၊ တနင်္သာရီ စတဲ့ မြို့နယ်တွေမှာ စားသောက်ကုန်ရှားပြီး စျေးတွေတက်နေတယ်လို့ သရက်ချောင်းဒေသခံတစ်ယောက်က ပြောပါတယ်။
“ထားဝယ်မြို့ပေါ်ကနေ အရှေ့တောင်ဘက်ကိုဆိုရင် ဆီနဲ့ဆားနဲ့ပါ ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က စပိတ်တယ်။ ကားနဲ့ တင်လို့မရတာမျိုး ရှိနေပါတယ်။ ဆန်က အစောကြီးကတည်းက သယ်မရဘူး။ ဒီလိုပဲ ပေးပြုပြီး သယ်နေရတာ အခုက ပိုခက်သွားတယ်။ အခုမေတ္တာဘက်တွေဆိုရင် ထားဝယ်ကနေ ၂၅ မိုင်ဝေးတဲ့ ရှေ့ဘက်ခြမ်းဆိုရင် ဘာကားမှ အဝင်၊ အထွက် မလုပ်ရတဲ့အတွက် ဆီတစ်ဘူးကို တစ်သောင်းပေးတောင် မရောင်းဘူး။ ဆန်တစ်ပြည်ကို တစ်သောင်းပေးတောင် ဝယ်လို့မရဘူးဖြစ်နေတာ”
ဒီကြားထဲမှာ ဒုက္ခသည်တွေ ဆန်ပြတ်ပြီး အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ခံ ကိုယောနသံက ပြောပါတယ်။
“အခြေခံအကျဆုံးဖြစ်တဲ့ စားနပ်ရိက္ခာလိုအပ်မယ်။ ပြီးတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ လိုအပ်မယ်။ အမိုးအကာတွေ လိုအပ်မယ်ပေါ့။ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေဆိုရင် လုံလုံလောက်လောက် သယ်လို့မရဘူး။ စစ်ဆေးတာတွေ ရှိတယ်။ တချို့ပစ္စည်းတွေဆိုရင် လုံးဝသယ်ခွင့်မပေးတာမျိုး ရှိတယ်။ တချို့ဟာဆိုရင် သိမ်းတာမျိုးတွေ ကားသမားတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး အထိပါ လုပ်တာမျိုးရှိတယ်”
RFA က ပြုစုထားတဲ့ စာရင်းတွေအရ တနင်္သာရီတိုင်းမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၁ ရက်နေ့က ၁၉ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ရှစ်ဦးရှိပြီ ဖြစ်ပါတယ်။