သရက်ချောင်းမှာ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရပြီး ငါးထောင်ကျော် ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ ဇွန် ၈ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာကြောင့် ဇွန်လ ၁၁ ရက်နေ့အထိ ကနက်သီရိရွာ အပါအဝင် နီးစပ်ရာရွာတွေက အရပ်သားပြည်သူ ငါးထောင်ကျော် ထွက်ပြေးနေရပြီး ရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနက်သီရိ၊ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲနဲ့ ကျွဲမင်းကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အဖမ်းခံထားရသူတွေထဲမှာ အမျိုးသားရော၊ အမျိုးသမီးပါ ပါဝင်ပေမယ့် ဘယ်သူ ဘယ်ဝါတွေဆိုတာ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ညဘက်တွေမှာရော လိုက်ဖမ်းထားတာ အခုဆိုရင် ၅၀ လောက် ရှိပြီကြားတယ်"

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကနက်သီရိရွာကို ဇွန် ၈ ရက်နေ့ကတည်းက ရောက်လာပြီး ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားသလို CDM ဆရာမတစ်ဦးရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့နေ့က ရငဲနဲ့ကမြိုင်ရွာကြားမှာ သရက်ချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့သလို ရေကြောင်းကနေ စစ်သင်္ဘောတစ်စီး စစ်ကူလာရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကနက်သီရိရွာကို ဝိုင်းထားတာကြောင့် ပိတ်မိနေတဲ့ စစ်ကောင်စီတပ်က ရွာသားတွေကို လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနက်သီရိ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“လာလာချင်းတစ်ရက်ကတော့ ရွာထိပ်ကဘုန်းကြီးကျောင်း ဓမ္မရိပ်သာကျောင်းထဲမှာ လူ ၃၀ လောက် ဖမ်းပြီးတော့ စခန်းချ၊ တပ်စွဲထားတာတယ်။ နောက်နေ့ကျတော့ လူသားဒိုင်းကာလုပ်ပြီးတော့ စိတ်ချရတဲ့နေရာ၊ ဘုရားကိုးဆူတောင်ဆိုတာရှိတယ် ကျွန်မတို့ရွာမှာ။ အခုက လူသားဒိုင်းကာအဖြစ် ၃၀ ကျော်ကို ဖမ်းပြီးတော့မှ အဲဒီတောင်ပေါ်ကို အရင်ရွှေ့လိုက်တာ။ ရွှေ့ပြီးတော့မှ နောက်ထပ်ရသမျှလူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေရော အကုန်လိုက်ဖမ်းတယ်ရှင့်။ ညဘက်တွေမှာရော လိုက်ဖမ်းထားတာ အခုဆိုရင် ၅၀ လောက် ရှိပြီကြားတယ်။ ထွက်ပြေးလို့ရတဲ့သူ ကျတော့ အစ်မတို့ရွာနဲ့နီးတဲ့ တခြားရွာဘက်တွေကို ထွက်ပြေးနေကြရတာ”

ဇွန်လ ၁၁ ရက်ဒီနေ့အထိ ကနက်သီရိရွာမှာ စစ်ကြောင်းတပ်စွဲထားတာကြောင့် နောက်ထပ်ဖမ်းဆီးခံရတဲ့ ဒေသခံတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ထွက်ပြေးလာရသူတွေက ပြောပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ကနက်သီရိရွာဟာ မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးနဲ့ ခြောက်မိုင်ခန့် အကွာမှာရှိပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို လက်ခံထားတဲ့ရွာတစ်ရွာက ဒေသခံတစ်ဦးကလည်း ကနက်သီရွာဒေသခံတွေဟာ မိုးရွာထဲမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြရတယ်လို့ RFA ကို ပြောပါတယ်။

“စစ်အင်အားတွေ ထပ်ဖြည့်တဲ့နေ့ (ဇွန်လ ၁၀) ရက်မှာကျတော့ လက်နက်ကြီးတွေနဲ့ အများကြီးပဲထုတာ (ပစ်တာ) ဘယ်လိုမှမခံနိုင်ကြတဲ့အဆုံး ကနက်သီရိရွာခံတွေက ထွက်ပြေးလာကြရတာ။ ဟိုးပင်လယ်ဘက် ထွက်ပြေးတဲ့သူလည်းရှိတယ်။ ရွာနားနီးစပ်ကို ပြေးတဲ့သူလည်းရှိတယ်။ ညီမတို့ရွာကိုလည်း ပြေးလာကြတာရှိတယ်။ အဲဒီစစ်ဘေးရှောင်တွေကလေ သူတို့အမျိုးတွေရှိရင် အမျိုးတွေဆီသွားကြတယ်။ အမျိုးတွေမရှိရင် ဘုန်းကြီးကျောင်းမှာ စုပြီးနေကြတယ်။ လာတဲ့အချိန်မှာ ဘာကိုမှ မပါဘူး၊ အကုန်လုံးလည်း မိုးရွှဲပြီးတော့လေ။ သူတို့အတွက် လိုအပ်တာကတော့ စောင်တို့၊ ခြင်ထောင်တို့၊ အဝတ်အစားတို့ပေါ့။ စားနပ်ရိက္ခာကတော့ ရွာကစုပြီး လှူထားတယ်”

အဲဒီရွာမှာ စစ်ကောင်စီတပ်သတင်းပေး (ဒလန်) လို့ နာမည်ကြီးနေသူတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့တာကြောင့် စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကလည်း ကနက်သီရိရွာနားကို စစ်ကူဖို့ရောက်ရှိလာတဲ့ အင်အား တစ်ရာကျော်ပါ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

သရက်ချောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ကနက်သီရိရွာအနောက်မှာ ပင်လယ်ပြင်ပဲရှိပြီး စစ်ကောင်စီတပ်အတွက် ထွက်လမ်းတစ်ခုပဲရှိတာကြောင့် တိုက်ပွဲအချိန်ကြာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ဒေသခံတွေကတော့ ပြန်တော့ပြန်ဝင်နိုင်မယ်ထင်တယ်။ တိုက်ပွဲကတော့ ကြာတော့ကြာနိုင်သေးတယ်။ ကျွန်တော်တို့ဘက်က ပိတ်ဆို့ထားတဲ့ပုံစံနဲ့ဆိုရင် သူတို့ကထွက်လာဖို့ တော်တော်ခဲယဉ်းနေသေးတယ်။ သူတို့က ရေလမ်းကနေ ထွက်ရင်တော့ ပိုလွယ်မယ်ပေါ့နော်။ ဒါပေမဲ့ ရေလမ်းကနေထွက်ဖို့လည်း အခက်အခဲဖြစ်နေလား မသိဘူး။ သူတို့ကို ကြိုပေးမယ့်လှေပဲ အဆင်မပြေလို့လား မသိဘူး။ ရေလမ်းကနေထွက်ဖို့ သူတို့ အခက်အခဲ ရှိတယ်။ ကျွန်တော်တို့ဆီကလည်း အတက်နိုင်ဆုံး ကြိုတင်ပြင်ဆင်ထားတာပေါ့နော်။ တိုက်ပွဲကတော့ ကြာတော့ ကြာနိုင်တယ်”

လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို အရပ်သားပြည်သူတွေ မနက် ၆ နာရီက ည ၉ နာရီအထိသာ သွားလာကြဖို့ သရက်ချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၈ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ် အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။