ဒီပဲယင်းအရှေ့ဘက်ခြမ်းရွာတွေ လက်နက်ကြီးနဲ့အပစ်ခံရပြီး ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးရ

RFA Burmese
2022.12.18
ဒီပဲယင်းအရှေ့ဘက်ခြမ်းရွာတွေ လက်နက်ကြီးနဲ့အပစ်ခံရပြီး ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးရ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ဘက်အခြမ်းက ရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ညောင်လှ၊ ဝဲကြီး၊ ကံကုန်းနဲ့ သရက်တောရွာက ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရေဦးမြို့နယ်၊ ကုက္ကိုစုရွာဘက်ကနေ လာတဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းကနေ  အဲဒီရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီပဲယင်းအရှေ့ခြမ်း လက်ယက်ကုန်းရွာအပါအဝင် ရွာပေါင်း ၁၈ ရွာမီးရှို့ခံရတယ်။ စားဖို့ရာတောင်မှ အနိုင်နိုင်ဆိုတော့ အိမ်တွေပြန်မဆောက်နိုင်သေးဘူး"

လက်နက်ကြီးကြောင့် ညောင်လှရွာက အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး ခြေထောက် ထိမှန်ခဲ့ပြီး နေအိမ်ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ ညောင်လှရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၀ နာရီထိုးလောက်မှာ ဒီပဲယင်းအရှေ့ခြမ်း ခေါ်တာပေါ့နော်။ ညောင်လှ၊ ဝဲကြီး၊ သရက်တော အဲဒီဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ထုတာဗျ။ ၁၂၀ မမ လို့ သိရတယ်။ ကျနော်တို့ ညောင်လှနယ် ဒီပဲယင်းနယ်အခြမ်းကို လက်နက်ကြီး ခုနစ်လုံးကျတယ်။ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ ခြေသလုံးမှာ လက်နက်ကြီးစ မှန်တာပေါ့နော်။ သူ့အိမ်ရှေ့ကိုကျပြီးတော့ အိမ်တွေလည်းမှန်တယ်။ သူ့လည်း မှန်သွားတာပေါ့။ အဲဒီတော့ အခုနီးစပ်ရာကို ဆေးကုသမှု ခံယူနေတယ်လို့ သိရတယ်”

ညောင်လှရွာအပါအဝင် အနီးအနားရွာတွေမှာပါ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရွာကို  ဒီဇင်ဘာလ ပထမပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာ ကြောင့် နေအိမ် ၁၉၇ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ညောင်လှရွာခံတွေက ပြောပါ တယ်။

နေစရာမရှိတဲ့ ဒေသခံတွေဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စုပေါင်းနေထိုင် ကြရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“အဲဒီကျေးရွာမှာရှိတဲ့ ပြည်သူတွေအားလုံး ထွက်ပြေးကြရတာ။ ဒီကျေးရွာတင်မကဘူး အနီးနားက ဒေသခံတွေ ပါ ထွက်ပြေးကြရတာ။ သူတို့တွေ ရေဦးဘက်ကနေ ထွက်လာ ပြီဆိုကတည်းက မြေပြင်သတင်းရကတည်းက ကြိုတင်ပြီးတော့ ပြေးတဲ့သူကပြေးတာ။ အဲဒီလိုအခြေအနေမှာ သူတို့တွေက လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ တစ်ခုစိုးရိမ်စရာ ကောင်းတာက ညောင်လှကျေးရွာက အိမ်ခြေ ၂၀၀ လောက် မီးရှို့ဖျက်ဆီးခံရတဲ့ရွာ ဖြစ်တော့ သူတို့မှာ နေစရာအိမ်မရှိတော့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ စုပြုံပြီးတော့နေရတယ်။ အများပြည်သူလာလှူတဲ့ ဆန်လေးတွေ၊ ဆီလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေနဲ့ ချက်ပြီးတော့မှ ကျွေးမွေး နေရတာ။ တကယ်လို့များ လူအများစုကြားထဲမှာများ လက်နက်ကြီးကျခဲ့မယ်ဆိုရင် မတွေးရဲစရာပေါ့ဗျာ”

319283297_1401456313934674_1125520026595803839_n.jpg
ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာမှာ စစ်ကောင်စီလက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်အဆောက်အအုံတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)

ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရွာပေါင်း ၁၉ ရွာက နေအိမ် ၁၈၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီရွာတွေက စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ညောင်လှရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ လက်ယက်ကုန်းရွာခံတစ်ဦးကတော့ ဒီပဲယင်း မြို့နယ်ထဲက စစ်ဘေး ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ နေစရာအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ RFA ကိုပြောပါတယ်။

“ဒီပဲယင်းအရှေ့ခြမ်း လက်ယက်ကုန်းရွာအပါအဝင် ရွာပေါင်း ၁၈ ရွာမီးရှို့ခံရတယ်။ စားဖို့ရာတောင်မှ အနိုင်နိုင် ဆိုတော့ အိမ်တွေပြန်မဆောက်နိုင်သေးဘူး။ အဲဒီအတွက် သူတို့မှာ နေဖို့အခက်အခဲ တော်တော်လေးကို ဖြစ်နေ တယ်။ စားရေးသောက်ရေးနဲ့ ပတ်သက်လို့ အလှူရှင်တွေ လာလှူတဲ့ဆန်၊ ငရုတ်၊ ကြက်သွန်၊ အဲဒါတွေနဲ့ ရပ်ရွာ အဖွဲ့အစည်း အုပ်ချုပ်ရေးအဖွဲ့တွေကနေပြီးတော့ ဘုန်းကြီးကျောင်းမှာ ချက်ပြုတ် ကျွေးတာဆိုတော့ လတ်တလော ငါးရက်၊ တစ်ပတ်လောက်အထိတော့ အဆင်ပြေ သေးတယ်။ ပြန်ပြီးတော့နေဖို့ရာ အတွက်ကတော့ ဆောင်းခါ (ဆောင်းရာသီ) လည်း ဖြစ်နေတော့ တော်တော်လေးကို ခဲရာခဲဆစ်ရုန်းကန်နေကြရတယ်။ ဆွေမျိုးတွေ အိမ်ရှိရင်လည်း ကပ်နေပေါ့။ မရှိတော့လည်း မီးလောင်ပြင်မှာကျန်တဲ့ သွပ်ပြား အအိုအဟောင်းလေးတွေ ကာရံပြီးတော့ မြေကြီးကို ဖျာခင်း အိပ်နေကြရတာပေါ့”

လက်ယက်ကုန်းရွာဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၉၉ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

320064447_588733503061842_3103079752855047157_n.jpg
ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာတွင်း ကျရောက်ခဲ့သည့် လက်နက်ကြီးအစိတ်အပိုင်းအချို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)

လက်နက်ကြီးနဲ့ အပစ်ခံရပြီး ဒေသခံတွေထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမ ဖြေကြားပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်ပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန် အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်း မှာ ဒေသခံ ၆၁၆,၅၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လွတ်လပ်တဲ့ သုတသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ  စစ်အာဏာသိမ်း ပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။