ဆီးရီးယားနဲ့ မြန်မာကွာခြားမှု Free Burma Rangers ရဲ့ အမြင်

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.04.27


စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ပြေလည်အောင် အမှန်တကယ် မဖြေရှင်းဘဲ - စစ်ကောင်စီကသာ အာဏာဆက်ကိုင်ထားခွင့် ရနေမယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြည်တွင်းစစ်မီးဟာ အရှိန်ပြင်းထန်လာနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet နဲ့ သံတမန်တွေကလည်း မြန်မာ နိုင်ငံဟာ အာရှတိုက်ရဲ့ ဆီးရီးယား ဖြစ်လာနိုင်တယ်ဆိုပြီး - အကြီးအကျယ်ကို သတိပေးထားတာပါ။

ဒါကြောင့် ဆီးရီးယားနဲ့ မြန်မာ - တူညီချက်နဲ့ ကွဲပြားချက်တွေကို ဆီးရီးယားမှာရော၊ လက်ရှိ မြန်မာပြည် တွင်းမှာပါ ဒုက္ခသည်တွေအရေး ဆယ်စုနှစ် ၃ ခုနီးပါးကြာ ကူညီဆောင်ရွက်ပေးနေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ အမေရိကန် Special Forces က တပ်မှူးဟောင်း David Eubank က အခုလို နှိုင်းယှဉ် သုံးသပ် ပြခဲ့ပါတယ်။

“တချို့လူတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေနှစ်ခုကို နှိုင်းယှဉ်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၇၂ နှစ်ရှိခဲ့ပါပြီ။ ဒီကာလတလျှောက်မှာ IDP ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဟာလည်း ၁ သန်းကျော်လောက် ရှိခဲ့တာပါ။ နောက်ထပ် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာလည်း နိုင်ငံကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါကတော့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စစ်အာဏာရှင်အဆက်ဆက်ကြားက ပြည်တွင်းစစ်ပါ။ အခုကတော့ စစ်အာဏာသိမ်းပြီးကတည်း ကနေ ဒီတိုင်းရင်းသားတွေအပေါ် တိုက်ခိုက်တာ ပိုများလာခဲ့တယ်။ သူတို့ရဲ့ ပြည်သူလူထုအပေါ် အာရုံစိုက် တိုးမြှင့် တိုက်ခိုက်လာတာကြောင့် အခုဆိုရင် မြို့ပြတွေက လမ်းမတွေပေါ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၇၅ဝ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ ဒါကြောင့် ဒီအခြေအနေက ဆိုးရွားတဲ့ အခြေအနေတခုလို့ ထင်ပါတယ်။ စစ်တပ်အနေနဲ့ သူတို့ စိတ်နှလုံးသားတွေပြောင်းလဲလာပြီး ဒီလုပ်ရပ်တွေကို ရပ်ပါစေ ဒါမှမဟုတ် ရင်လည်း သူတို့ပြောင်းလဲလာအောင်လို့ ကြားဝင်ဆောင်ရွက်ပေးလာနိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။ ကျနော်တို့က စစ်တပ်ကိုရော ရဲကိုရော ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ တိုင်းပြည်အတွက် တစိတ်တပိုင်း လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းစစ်ကို ရပ်ဖို့ နည်းလမ်းကတော့ တရားမျှတမှုရှိရှိ ဆောင် ရွက်ရမှာဖြစ်ပြီး၊ အကြင်နာမေတ္တာတရားရှိရပါမယ်။ ဒီ့အတွက်လည်း ကျနော် ဆုတောင်းနေပါတယ်။”

မြန်မာနိုင်ငံဟာ အာရှရဲ့ ဆီးရီးယားဖြစ်လာနိုင်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ရှိနေပေမဲ့ - မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနေ အင်တိုက်အားတိုက် ကူညီတာ မတွေ့ရဘူးလို့ David Eubank က ထောက်ပြပါတယ်။

“ဆီးရီးယားပြည်တွင်းစစ်မှာ ကျနော်တို့အဖွဲ့သွားကူရင်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသား ဇော်ဆိုင်းကို ဆုံးရှုံးခဲ့ရတယ်။ မြန်မာပြည်တွင်းစစ်မှာတော့ လွန်ခဲ့တဲ့ ၂၈ နှစ်ကစပြီး အခုအချိန်ထိ ကျနော်တို့ အဖွဲ့ ကူညီနေပါတယ်။ ဆီးရီးယားနဲ့ မြန်မာကြားမှာ တူတာ တချို့လည်း ရှိတယ်။ ပြည်တွင်းစစ်တော့ ပြည်တွင်းစစ်ပဲ။ ဆီးရီးယားကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်ဖြစ်နေတာ။ မြန်မာပြည်ကတော့ တိုင်းရင်းသားတွေနဲ့ မြန်မာစစ်တပ်ကြားမှာ ပြည်တွင်းစစ်က ၇၂ ကျော် ကြာခဲ့ပြီ။ အခုဆိုရင် နေ့တိုင်းနီးပါး ကချင်ပြည်နယ်မှာရော၊ ကရင်ပြည်နယ်မှာရော မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေကြရတယ်။”

“ဆီးရီးယားနဲ့ မြန်မာကြားမှာ မတူတဲ့အချက်ကတော့ - ဆီးရီးယားပြည်တွင်းစစ်မှာ ပြည်ပက တပ်ဖွဲ့တွေ အကြီးအကျယ် ဝင်ပါခဲ့တယ်။ ဆီးရီးယား အနောက်မြောက်ဘက်မှာဆိုရင် တူရကီက ထောက်ခံတဲ့ အဖွဲ့ခွဲတစ်ခု ရှိတယ်။ တခါ ဆီးရီးယားအရှေ့ဘက်မှာကျတော့ အမေရိကန်က အားပေးနေတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေထဲက ကာဒ့်တွေ၊ ခရစ်ယာန်တွေ၊ အာရပ်တွေနဲ့ တခြားအဖွဲ့ရှိတယ်။ ဆီးရီးယားအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာကတော့ ရုရှားနဲ့ အီရန်က အာဏာရှင် အာဆတ်အစိုးရကို ကူညီနေတယ်။ ပြီးတော့ တခြားအုပ်စု တော်တော်များများက ထောက်ခံပေးထားတဲ့ IS စစ်သွေးကြွအကြမ်းဖက်အဖွဲ့ကလည်း ရှိနေပြီး တော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တယ်။”

“မြန်မာ့ပြည်တွင်းစစ်မှာတော့ ဒါမျိုးတွေ မတွေ့ရဘူး။ ပြည်ပကနေ တိုက်ရိုက် ဝင်ကူနေတာမျိုး မတွေ့ရဘူး။ ဒါကြောင့် အခုဆိုရင် ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေကြားမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကြီးဟာ သက်ဆိုးဆက်ပြီး ရှည်နေသလို၊ မြန်မာစစ်တပ်က သူ့ပြည်သူလူထုအပေါ် ရက်ရက်စက်စက် စစ်ပွဲတွေ ဆက် လက် ဆင်နွှဲနေပါတယ်။ ဒါတွေရပ်ဖို့ ကျနော် ဆုတောင်းပါတယ်။”

စစ်ကောင်စီက တပ်မတော်နေ့လို့ ခေါ်ပြီး ဒီမိုကရေစီလှုပ်ရှားသူတွေက တော်လှန်ရေးနေ့လို့ ခေါ်တဲ့ မတ်လ ၂၇ ရက်နေ့ကစလို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်း အပါအဝင် အင်အားအလုံး အရင်းနဲ့ နေ့ရော ညပါ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ ၆ သောင်းလောက် ရှိနေပြီလို့ ကုလသမဂ္ဂ လူ့သားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က တနင်္လာနေ့မှာ ထုတ်ပြန် ထားပါတယ်။ ဒီဒုက္ခသည်တွေကို ကူညီရင်း မြန်မာတောတွင်းတနေရာကနေ Free Burma Rangers အဖွဲ့ တည်ထောင်သူ David Eubank က နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အရေးပေါ် အကူညီတွေကို တောင်းဆို ခဲ့ပါတယ်။

“စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထွက်ပြေးလာ ကြသူတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ၊ ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော် မေတ္တာရပ်ခံပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရသစ်ကို လည်း နိုင်ငံရေးအရ အသိအမှတ်ပြုပြီး ကူညီဖို့ လိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလူတွေအား လုံးအတွကို ရပ်တည်ပေးဖို့လိုပါတယ်။ တတိယတချက်ကတော့ လူတွေ သတ်ဖြတ်ခံနေရတဲ့ကိစ္စ ရပ်တန့် အောင်လို့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ပဲဖြစ်ဖြစ် ကြားဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ သတ်ဖြတ် ခံနေရတာတွေကို ဘာမှလုပ်လို့မရဘူးဆိုပြီး ဒီအတိုင်း ရပ်ကြည့်နေလို့ မရပါဘူး။”

မြန်မာနိုင်ငံဟာ ဆီးရီးယားလိုအဖြစ်မျိုး ဦးတည်နေပြီလို့ သတိပေးမှုတွေ ထွက်လာနေချိန်မှာပဲ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက အရေးပေါ် အစည်းအဝေးခေါ်ပြီး ပြဿနာ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ အကြမ်းဖက်မှုတွေရပ်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ရရှိခဲ့ပေမဲ့ - စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအပေါ် အသေအပျောက်ရှိတဲ့အထိ ဖြိုခွင်းမှုတွေကတော့ ဆက်ပြီး ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။