ဘက်စုံသုံး တိုက်လေယာဥ်ခြောက်စင်း ရုရှားဆီက စစ်ကောင်စီမှာယူ
2023.08.20

ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည် စာရင်းဝင် မြန်မာနိုင်ငံက စစ်တပ်မှာ တစ်စင်းကို ၂၀၂၀ ခုနှစ် ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်း ၄၀ တန်တဲ့ ရုရှားနိုင်ငံလုပ် ဘက်စုံသုံး Su-30 SME နှစ်စင်း လက်ဝယ်ရှိနေပါပြီ။
ဒါကို ကမ္ဘာ့စစ်ရေးစစ်ရာတွေ ဖော်ပြနေတဲ့ Update Defense YouTube မှာ ထုတ်လွှင့်သွားတာကတော့ ... “မြန်မာစစ်ကောင်စီလေတပ်ဟာ ရုရှားကနေ ပထမအသုတ် အနေနဲ့ Sukhoi Su-30SME တိုက်လေယာဉ်နှစ်စင်းကို ၂၀၂၂ မတ်မှာ လက်ခံရရှိပါပြီ နေပြည်တော်မှာရှိပါတယ်”လို့ ပြောသွားတာပါ။
တဆက်တည်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu မြန်မာနိုင်ငံကို ရောက်လာချိန်အတွင်း ဒီဂျက်တိုက်လေယာဉ် ခြောက်စင်းနဲ့ Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ်တွေဝယ်ယူဖို့ ၂၀၁၈ ဇန်နဝါရီမှာ လက်မှတ်ရေးထိုး သဘောတူထားတယ်လို့ ပြောပါတယ်။
Su-30 SME ဟာ ရုရှားနဲ့ တရုတ်နိုင်ငံလုပ် ဂျက်တိုက်လေယာဉ်တွေ အများစုရှိတဲ့ မြန်မာစစ်ကောင်စီ လေတပ်မှာ ခေတ်အမီဆုံးပဲလို့လည်းဆိုပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကို မြန်မာလေတပ်က Su-30SME အသုံးပြုပြီး ၂၀၂၁ က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အထောက်အထားလည်းမရှိ အဲဒီတုန်းက ဒီလေယာဉ်တွေလည်း မြန်မာလေတပ်မှာ မရှိသေးဘူးလို့ Update Defense က ပြောပါတယ်။
ခုရှိနေတာဖြစ်တဲ့အတွက် သုံးနိုင်တယ်လို့ RFA က မေးတာကို လွတ်မြောက်နယ်မြေ တနေရာရောက် လေတပ် CDM ဗိုလ်ကြီးဇေသူအောင်က လူမှုကွန်ရက်ကနေ ပြန်ဖြေပါတယ်။
လေတပ် ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို မိတ္ထီလာလေတပ်စခန်းမှာ ၂၀၂၂ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပချိန်မှာ ဒီ Su-30SME ခေတ်မီ ဂျက်တိုက်လေယာဉ်နှစ်စင်းကို ပျံသန်းပြသပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာမှာ Su-30SME ဟာ တိုက်ခိုက်ရေး စွမ်းရည်မြင့်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင်က RFA ကို ပြောပါတယ်။
“Su 30 ကတော့ လေကြောင်းစိုးမိုးမှုအရ အရမ်းအားသာတယ်။ လေယာဉ်က ကြီးသလို တင်ဆောင်နိုင်တဲ့ ဗုံးအရေအတွက် လက်နက်အရေအတွက်ကလည်း အရမ်းများတယ်။ တခြားလေယာဉ်တွေထက်စာရင် တိုက်ခိုက်နိုင်စွမ်း ပိုမြင့်တယ်ဆိုတာ သေချာတယ်။”
ဒီတိုက်လေယာဉ်ဟာ တခါကြဲရင် ပေါင်ချိန် ၁၁၀၀ ရှိတဲ့ ဗုံးလေးလုံး၊ ဒါမှမဟုတ် ပေါင်ချိန် ၅၀၀ ရှိတဲ့ ဗုံးလေးလုံးကြဲနိုင်တယ်လို့ ပြောပါတယ်။
ရာသီမရွေး နေ့ညမရွေး သုံးနိုင်တဲ့ Su-30SME ဟာ ဝေဟင်ကပစ်မှတ်တွေ ဒါမှမဟုတ် လေယာဉ်ချင်း ယှဉ်ပစ်နိုင်ရုံမက မြေပြင်ကို တိုက်ခိုက်နိုင်ပါတယ်။
ပြည်ပလေကြောင်းရန်မရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဒီဘက်စုံသုံးလေယာဉ် သုံးမယ်ဆိုရင် ကိုယ့်ပြည်သူကို ကိုယ့်နိုင်ငံသားတွေကပဲ ပစ်မှတ်ဖြစ်ရလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က မှတ်ချက်ပေးပါတယ်။
Su-30SME ဦးပိုင်းမှာ ရေဒါနဲ့ လေယာဉ်သုံး အီလက်ထရွန်းနစ် ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ စက်သေနတ်၊ ဗုံး၊ ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးနဲ့ မြေပြင်ခွင်း ဒုံးစတဲ့ လက်နက်တွေ တင်ဆောင်နိုင်အောင် Su-30SM ကို ဒီဇိုင်းဆွဲထားပါတယ်။
ပဲ့ထိန်းရော ပဲ့ထိန်းမဲ့ ဒုံးတွေလည်း သုံးနိုင်ပြီး လောင်စာဆီမဖြည့်ဘဲ ကီလိုမီတာ ၃၀၀၀ နဲ့ ညီမျှတဲ့ မိုင် ၁၈၀၀ ကျော်ပျံသန်းနိုင်ပါတယ်။
စက်နှစ်လုံးတပ် လေယာဉ်ကို စစ်ကောင်စီလေတပ် ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူတွေက ပျံသန်းမောင်နှင်ပြီး လေယာဉ်မှာ နှစ်ဦးလိုက်ပါနိုင်ပါတယ်။
မြန်မာစစ်ကောင်စီဟာ ဒီလိုကမ္ဘာ့အဆင့်မီ ဘက်စုံသုံးဂျက်တိုက်လေယာဉ်လည်း ပိုင်ဆိုင်ပြီး သူ့အတွက် မောင်းနှင်ပျံသန်း ပစ်ခတ် ဗုံးကြဲပေးတဲ့ စစ်သည်တွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်ကတော့ နိုင်ငံတနိုင်ငံအတွက် တကယ့်အင်အားဟာ Fire Power ဆိုတဲ့ ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့ ဒါတွေကို ဆောင်ရွက်ပေးနိုင်တဲ့ လူ့စွမ်းရည်မဟုတ်ဘဲ People Power လူထုအင်အားသာ ဖြစ်တယ်လို့ ပြောပါတယ်။