နွေဦးတော်လှန်ရေး အောင်မြင်နိုင်ကြောင်း ပြည်ပသုတေသီတစ်ဦးသုံးသပ်
2022.03.14

မြန်မာ့ဒီမိုကရေစီရေးဟာ အောင်မြင်နိုင်တဲ့အလားအလာရှိပြီး၊ ကမ္ဘာ့အကူအညီသာ လိုအပ်ကြောင်း၊ ထောက်ခံသင့်တဲ့ကိစ္စလည်းဖြစ်ကြောင်း ပြည်ပမူဝါဒရေးရာပညာရှင်တစ်ဦးက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် Asia Foundation မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုပ်ကိုင်ခဲ့ဖူးသလို မြန်မာ့နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ၂ဝ၁၂ ခုနှစ်ကတည်းက စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးသုတေသီ Matthew Arnold က မတ်လ ၇ ရက်နေ့ ဧရာဝတီမဂ္ဂဇင်းမှာ ရေးသားဖော်ပြလိုက်တာပါ။
အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် ခိုင်မာတောင့်တင်းတဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံကို မထိန်းချုပ်နိုင်သေးပါဘူး။ တစ်ချိန်တည်းမှာ ကျယ်ပြန့်လာနေတဲ့ အရပ်ဘက် ခုခံကာကွယ်ရေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။
လေ့လာသူတွေကလည်း မြန်မာမှာ စစ်သည်အင်အား သုံးသိန်းခွဲ ဝန်းကျင်ရှိမယ်လို့ အလွယ်တကူ ခန့်မှန်းပြောဆိုနေကြပြီး၊ စစ်တပ်ကို ယှဉ်ပြိုင်ဖို့ မလွယ်ကူဘူး ဆိုတဲ့နေရာမှာ ရပ်တန့်သွားတာပါ။
တကယ်တော့ မြန်မာပြည်သူတွေဟာ တစ်နိုင်ငံလုံး ထကြွလှုပ်ရှားမှုနဲ့ စစ်တပ်ကို ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ထကြွအောင်လည်း စစ်တပ်ကဖန်တီးခဲ့တာပါ။
နိုင်ငံအနေနဲ့ ဆန့်ကျင်ရမယ့် အဖွဲ့အစည်းဆိုလို့ စစ်တပ်ပဲရှိတာပါလို့ နိုင်ငံရေးသုတေသီ Matthew Arnold က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပေါ်ပေါက်နေတဲ့ ပြည်တွင်းစစ်ဟာ ပြည်သူတွေ ဘေးကနေ ရပ်ကြည့်နေကြတဲ့ စစ်ပွဲမဟုတ်ဘဲ စစ်တပ်ကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်နေကြတာဖြစ်ပါတယ်။
PDF လို့ခေါ်တဲ့ ပြည်သူ့ခုခံရေးတပ်ဖွဲ့တွေလည်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံအနှံ့အပြားမှာ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ကြပြီး အားကောင်းလာခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီလ တစ်လတည်းမှာ စစ်ကောင်စီကို တိုက်ခိုက်မှု ၂၅ ရာခိုင်နှုန်းနီးပါး တိုးမြှင့်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက တစ်နိုင်ငံလုံးက မြို့နယ် ၃၃ဝ မှာ ၂၅ဝ ကျော်က စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်ဟာ ပြည်ပ ကျူးကျော်သူ တပ်ဖွဲ့တွေသဖွယ် ဖြစ်သွားခဲ့ပါတယ်။

တကယ်တော့ စစ်တပ်ဟာ ပြည်တွင်း လူထုဆန္ဒပြပွဲတွေကို ဖြိုခွဲဖို့ ပုံစံထုတ် ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အခုဆိုရင် စစ်တပ်ဟာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အားထုတ်ရာမှာ မအောင်မြင်ခဲ့သလို၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ခုခံရေး တပ်ဖွဲ့ PDF တို့နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စမှာလည်း မအောင်မြင်ခဲ့ပါဘူး။
အခုအခါ PDF ဟာ နိုင်ငံတစ်ဝန်း ခြေကုပ်ရပ်တည်လာနိုင်ပြီဖြစ်ပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာပါ အကျယ်အပြန့် လှုပ်ရှားလာနိုင်နေပြီဖြစ်ပါတယ်။ ရန်ကုန်၊ ပဲခူးနဲ့ မကွေးတိုင်း တောင်ပိုင်းမှာလည်း PDF တပ်ဖွဲ့တွေ ခြေကုပ်ယူနိုင်နေပါပြီ။ ဒါဟာ စစ်ကောင်စီရင်ဆိုင်ရမယ့် မဟာဗျူဟာ ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် PDF နဲ့ EAO တိုင်းရင်းသားအဖွဲ့တွေဟာ အခုအခါ လက်တွဲညီတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ထူထောင်ထားပြီဖြစ်ပြီး၊ ကရင် KNU၊ ကချင် KIA၊ ကရင်နီ KNPP၊ ချင်း CNF အဖွဲ့တွေပါ ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းတွေမှာ PDF နဲ့ EAO တပ်ဖွဲ့တွေ ပူးပေါင်းပြီး၊ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။
လက်နက်ကိုင် ခုခံရေးအရှိန်မြင့်လာတာနဲ့အမျှ၊ စစ်တပ်က ပြည်သူတွေအပေါ် စနစ်တကျ အကြမ်း ဖက်မှု မဟာဗျူဟာကို ကျင့်သုံးလာခဲ့ပါတယ်။ ခုခံရေးအင်အားစုတွေကို ကူညီထောက်ပံ့နေတယ်လို့ ယူဆရတဲ့ဒေသခံ ပြည်သူတွေအပေါ် အလွန်အကျွံ အကြမ်းဖက်လာခဲ့တာပါ။ ရွာတွေမီးရှို့၊ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်၊ စပါးကျီတွေကို ဖျက်ဆီးပြီး အကြောက်တရားကို သွတ်သွင်းခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနနဲ့လည်း တစ်ခါတစ်ရံ စစ်တပ်ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးဆိုတဲ့ ထောင်ချောက်ထဲ ကျရောက်တတ်ပါတယ်။ မြန်မာ့ လက်ရှိအကျပ်အတည်း ပြေလည်နိုင်ဖို့ တည်ငြိမ်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။
အခုလတ်တလော ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ကိစ္စမှာ အကြမ်းဖက် အာဏာရှင်စနစ် ကနေ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးဟာ တရားသဖြင့် ဆောင်ရွက်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ ယူကရိန်းရဲ့ ခုခံမှုကို တစ်ကမ္ဘာလုံးက ထောက်ခံနေကြတာပါ။ ဒါပေမဲ့ မြန်မာပြည်အတွက်ကတော့ ဆောင်ရွက်စရာတွေ ရှိနေပါသေးတယ်။
မြန်မာပြည်သူတွေဟာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဝံ့တဲ့ သူရသတ္တိ ရှိကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ပြီး၊ ပိုမို ငြိမ်းချမ်းတိုးတက်တဲ့ အောင်မြင်ရေး လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ကြောင်း Matthew Arnold က သူ့ရဲ့ ဆောင်းပါးမှာဖော်ပြထားပါတယ်။