မြန်မာရေတပ်ကို ဆိုနာစနစ်ရောင်းချမှု အတွက် စင်ကာပူဆောင်ရွက်ချက် ဒီမိုကရေစီလှုပ်ရှားသူတွေ ကြိုဆို

RFA Burmese
2023.08.29
မြန်မာရေတပ်ကို ဆိုနာစနစ်ရောင်းချမှု အတွက် စင်ကာပူဆောင်ရွက်ချက် ဒီမိုကရေစီလှုပ်ရှားသူတွေ ကြိုဆို စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့မှာ တွေ့ရစဉ်။
STR / AFP

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာရေတပ်အတွက် ဆိုနာအသံလှိုင်းသုံး ရှာဖွေရေးစနစ်တစ်ခုကို Kongsberg Maritime နော်ဝေကုမ္ပဏီကနေ လိမ်လည် ဝယ်ယူပြီး တစ်ဆင့်ရောင်းချပေးခဲ့တဲ့ စင်ကာပူနိုင်ငံသား နှစ်ဦးကို စင်ကာပူတရားရုံးက စစ်ဆေးနေတဲ့အတွက် ထောက်ခံကြိုဆိုတယ်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီရဲ့ အသက် ၅၇ နှစ်အရွယ် အရောင်း မန်နေဂျာ Poiter Agus Kentjana နဲ့ အသက် ၇၀ အရွယ် ညွှန်ကြားရေးမှူး Wui Ong Chuan တို့ နှစ်ဦးဟာ နော်ဝေနိုင်ငံအခြေစိုက် Kongsberg Maritime ကုမ္ပဏီထံကနေ အင်ဒိုနီးရှား ကုမ္ပဏီတစ်ခုကို ရောင်းချမယ်ဆိုပြီး အဲဒီဆိုနာစနစ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က လိမ်လည်ဝယ်ယူခဲ့တာပါ။

အဲဒီနောက် စင်ကာပူအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ၂၀၁၈ ဇူလိုင်လ ၂၀ ရက်နေ့မှာ မြန်မာအခြေစိုက် LIGHT OF UNIVERSE ကုမ္ပဏီကတစ်ဆင့် မြန်မာရေတပ်ထံ ချက်ချင်းရောင်းချခဲ့တာပါ။ အခုတော့ သူတို့နှစ်ဦးကို စင်ကာပူအစိုးရက “လက်နက်အပါအဝင် နည်းပညာပစ္စည်းများရောင်းချမှုအပေါ် ထိန်းချုပ်တဲ့ဥပဒေ” ကို ချိုးဖောက်တယ်ဆိုပြီး ပုဒ်မနှစ်ခုနဲ့ တရားစွဲ စစ်ဆေးနေပါပြီ။

စင်ကာပူအကောက်ခွန်ရုံးရဲ့ တိုင်ကြားချက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ကစလို့ သူတို့ နှစ်ဦးကို အမှုဖွင့်စစ်ဆေးနေတာပါ။ နှစ်ဦးစလုံးက သူတို့မှာအပြစ်ရှိတယ်လို့ အခု သြဂုတ်လ ၂၅ ရက်နေ့မှာ ဝန်ခံခဲ့ကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဩဂုတ် ၂၈ ရက်နေ့က ဖော်ပြပါတယ်။

"ဒီလိုမျိုး တရားမဝင်ရောင်းချတာတွေရှိရင်လည်း စင်ကာပူအစိုးရအနေနဲ့ထုတ်ဖော်ပြီးတော့ တရားဥပဒေစိုးမိုးရေးဌာနတွေကနေ အပြစ်ပေး၊ အရေးယူတာမျိုးလုပ်မယ်လို့လည်း ယုံကြည်ပါတယ်"

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းတာကို ခွင့်မပြုနိုင်ဘူးလို့ စင်ကာပူအစိုးရက ပြောထားပြီး ပြောတဲ့အတိုင်း ဆောင်ရွက်တာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ စင်ကာပူနိုင်ငံအစိုးရကလည်း ပြောထားပြီးသား ရှိပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေရောင်းတာ သူတို့အနေနဲ့ ခွင့်မပြုနိုင်ဘူးဆိုတဲ့ဟာ။ သူတို့အနေနဲ့ အဲဒီအတိုင်းပဲ လုပ်ကိုင်နေတယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုမျိုး တရားမဝင်ရောင်းချတာတွေရှိရင်လည်း စင်ကာပူအစိုးရအနေနဲ့ ထုတ်ဖော်ပြီးတော့ တရားဥပဒေ စိုးမိုးရေးဌာနတွေကနေ အပြစ်ပေး အရေးယူတာမျိုး လုပ်မယ်လို့လည်း ယုံကြည်ပါတယ်"

အခြား အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးက စင်ကာပူအစိုးရလိုမျိုး လုပ်ဆောင်ကြဖို့လည်း ဦးကျော်ဇော်က တိုက်တွန်းပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီနဲ့ နော်ဝေ Kongsberg Maritime ကုမ္ပဏီတို့ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

မြန်မာရေတပ်အတွက် ဒီစနစ်ဝယ်ယူပေးခဲ့တဲ့ LIGHT OF UNIVERSE ကုမ္ပဏိကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ဒီဆိုနာစနစ်ဟာ စစ်လက်နက်ပစ္စည်း မဟုတ်သလို အရပ်ဘက်သုံး နိုင်ငံခြား ပင်လယ်ကူး သင်္ဘောတွေမှာလည်း အသုံးပြုနိုင်လို့ ဝယ်ယူခဲ့တာလို့ ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းကစလို့ ဒီလိုတင်သွင်းပေးတာမျိုး မရှိတော့ဘဲ ကုမ္ပဏီရဲ့လုပ်ငန်းတွေကိုလည်း အခုချိန်မှာ ရပ်ဆိုင်းထားတယ်လို့ သူက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့ ၂၀၀ နီးပါးကတော့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ ရောင်းချတာမျိုးကို တားဆီးပေးဖို့ စင်ကာပူအစိုးရထံ ဩဂုတ် ၂၂ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

အဲဒီအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ကိုမိုက်က စင်ကာပူအစိုးရဟာ သူတို့တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံကို လက်နက် ရောင်းချတဲ့ကိစ္စကို စတင်ကိုင်တွယ်နေပြီလို့ RFA ကို ပြောပါတယ်။

"စင်ကာပူအစိုးရသည် မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါ စပြီး ကိုင်တွယ်ပြီ။ ကြည့်ပြီနော်။ အဲတော့ စင်ကာပူမှာရှိနေတဲ့ စင်ကာပူကနေပြီးတော့ မြန်မာနိုင်ငံထဲကို လက်နက်တွေ၊ လေယာဉ်ဆီတွေ အဲလိုမျိုးဟာတွေ တင်သွင်းနေတဲ့ စစ်အုပ်စုရဲ့ အလိုတော်ရိတွေ၊ ဒါ ရေရှည်မှာဆက်ပြီး ဆက်လုပ်ဖို့ မလွယ်တော့ဘူးလို့ ပြသနေတယ်လို့ ပြောချင်ပါတယ်”

စင်ကာပူနိုင်ငံသားနှစ်ဦးကို အမှုဖွင့်စစ်ဆေးနေတဲ့ကိစ္စဟာ စစ်ကောင်စီထံ တရားမဝင် စစ်လက်နက် ရောင်းချမှုတွေအပေါ် အရေးယူမယ်ဆိုတာကို စင်ကာပူအစိုးရက လက်တွေ့ပြသလိုက်တာလို့လည်း ကိုမိုက် က ပြောပါတယ်။

The Straits Times သတင်းစာရဲ့ ဖော်ပြချက်အရ Hydronav Services ကုမ္ပဏီက စင်ကာပူနိုင်ငံသားနှစ်ဦးဟာ မြန်မာရေတပ်ကို ရောင်းမယ်ဆိုပြီး နော်ဝေ Kongsberg ကုမ္ပဏီကို ညှိနှိုင်းစဉ်က လက်မခံခဲ့တဲ့အတွက် အင်ဒိုနီးရှားကုမ္ပဏီတစ်ခုကို ပြန်ရောင်းမယ်ဆိုပြီး လိမ်လည်ဝယ်ယူခဲ့တာပါ။ အဲဒီနောက် မြန်မာအခြေစိုက် LIGHT OF UNIVERSE ကုမ္ပဏီကတစ်ဆင့် မြန်မာရေတပ်အတွက် ပြန်လည်ရောင်းချခဲ့တာပါ။

RFA ရဲ့ လေ့လာတွေ့ရှိချက်အရ LIGHT OF UNIVERSE ကုမ္ပဏီကို စစ်ကောင်စီ လက်အောက်ခံ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စာရင်းမှာ ဒေါ်ခင်ဦး၊ ဦးဇော်ထွန်းနဲ့ ဦးဖြိုးဇေယျာအောင်တို့ သုံးဦးက ဒါရိုက်တာတွေအဖြစ် မှတ်ပုံတင်ထားပါတယ်။ သူတို့သုံးဦး စစ်ဗိုလ်ချုပ်တွေနဲ့ ဘယ်လို ပတ်သက်သလဲ၊ သူတို့နောက်ကွယ်က ကုမ္ပဏီပိုင်ရှင်အစစ် ဘယ်သူလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ မြန်မာရေတပ်က တပ်ကြပ်ကြီး အေးမင်းစိုး ကတော့ ဆိုနာစနစ်ဆိုတာ ရေအောက်အသံလှိုင်း ရှာဖွေရေးစနစ်ဖြစ်လို့ စစ်ရေယာဉ်တွေနဲ့ ရေငုတ်သင်္ဘောတွေမှာ အများဆုံး အသုံးပြုလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

"light Frigate (အပေါ့စား စစ်ရေယာဉ်) ကနေ စပြီးတော့ Frigate (အကြီးစား စစ်ရေယာဉ်)၊ အဲဒါထက်ကြီးတဲ့ဟာတွေ အကုန်လုံး အဲဒါသုံးတယ်။ အဓိက အသုံးများတာကတော့ ရေငုပ်သင်္ဘောတွေမှာ အသုံးများတယ်။ Sonar System က ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းမယ်၊ ပြီးတော့ ဘေးပတ်ဝန်းကျင်တွေကို Sonar နဲ့ပဲ ပြန်ပြီး ထောက်လှမ်းမယ်။ နောက်ပြီး သွားတာ၊ လာတာကအစလည်း အဲဒီ Sonar နဲ့ပဲ သွားကြတယ်။ ရေငုပ်သင်္ဘော တော်တော်များများက ငုပ်သွားပြီဆိုလို့ရှိရင် (ရေအောက်မှာ) Sonar နဲ့ပဲ သွားတယ်"

နိုင်ငံတကာရဲ့ ဆန့်ကျင်ဒဏ်ခတ်မှုကို ခံနေရတဲ့ စစ်ကောင်စီတပ်ကို ဒီလိုစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချပေးတာဟာ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။

မြန်မာရေတပ်ကို ဆိုနာစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦးအား တွေ့ရစဉ်။ (Photo: ST PHOTOS: KELVIN CHNG)
မြန်မာရေတပ်ကို ဆိုနာစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦးအား တွေ့ရစဉ်။ (Photo: ST PHOTOS: KELVIN CHNG)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ကမ္ဘာပေါ်မှာ စီးပွားရေးသမားတွေ ရှိနေသမျှ စစ်လက်နက်ပစ္စည်းဝယ်လို့ ရတဲ့နေရာတွေ နောက်ထပ် အများကြီးရှိတယ်လို့ RFA ကို ပြောပါတယ်။

"စစ်လက်နက်ဝယ်ယူရေးဆိုတာကတော့ ပြောရရင် စီးပွားရေးရှိသမျှ၊ စီးပွားရေးသမား ရှိသမျှ စီးပွားရေးသမားတွေက သူတို့လုပ်လို့ရတဲ့ လမ်းကြောင်းတွေထဲက ဝယ်ယူလို့ရတဲ့ နေရာတွေက အများကြီးရှိတယ်၊ အဲဒါ တစ်ချက်။ နောက်တစ်ချက်က ဆိုနာစနစ် ဘာကြောင့်သုံးလဲဆိုတော့ အရပ်ဘက်လည်း သုံးလို့ရတယ်၊ စစ်ဘက်လည်း သုံးလို့ရတယ်ဆိုတဲ့ ပစ္စည်းမျိုးကတော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ အဲဒါမျိုးကတော့ လိုရင်တော့ လိုသလိုဝယ်ရမှာပဲလေ"

လက်ရှိ စင်ကာပူမှာ နေထိုင်တဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ စင်ကာပူ အစိုးရဟာ စစ်ကောင်စီကို စစ်လက်နက်ရောင်းချမှုတွေကို ပိတ်ဆို့မယ်ဆိုတဲ့ ကတိအတိုင်း လက်တွေ့လုပ်ပြလိမ့်မယ်လို့ ပြောပါတယ်။

"ဒီလိုမျိုးလုပ်တာတွေလည်း စင်ကာပူအစိုးရကိုယ်တိုင် (စစ်လက်နက်) တရားဝင် လွှဲပြောင်းတာတွေ မလုပ်ဘူး။ လုပ်တဲ့ဟာတွေကိုလည်း တားဆီးမယ်ဆိုတာမျိုးတွေ၊ သူတို့ပြောထားတဲ့အခါမှာ အခုလိုမျိုး ပေါ်ပေါက်လာတဲ့ဟာကို စင်ကာပူအစိုးရက ဒါ အရေးယူတာ။ နောက်ပြီးတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာကတော့ သူပြောထားတဲ့အတိုင်း ကတိ စကားအတိုင်း တည်တယ်လို့ပဲ ကျွန်တော်တို့ ယူဆရမှာပေါ့"

စင်ကာပူနိုင်ငံဟာ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာစေမယ့် လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကိုရောင်းချမှုကို ပိတ်ပင်ထားတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ၂၀၂၃ ဇူလိုင်လဆန်းပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ရဲ့ ဒီနှစ် မေလ ၁၇ ရက်နေ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ နှစ်လယ်ပိုင်းအထိ စင်ကာပူနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူတင်သွင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။