တပ်မတော်နဲ့ AA တိုက်ပွဲအတွင်း ရွာသားတွေကို ဖမ်းဆီးမေးမြန်းတာတွေရှိ
2018.12.28

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး တပ်မတော်ဘက်က ရွာသားတွေကို ဖမ်းဆီးတာ၊ လူအများအပြားကို ခေါ်ယူမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
~~~~~~~~~~
တပ်မတော်နဲ့ AA တိုက်ပွဲအတွင်း ရွာသားတွေကို ဖမ်းဆီးမေးမြန်းတာတွေရှိ
(မင်းသိန်းအောင်)
■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ငစင်ဘော်ချောင်းအထက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒီနေ့ မနက် ၇ နာရီလောက်ကနေ ၁၁ နာရီခွဲလောက်အထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်သံတွေကို အဆက်မပြတ်ကြားနေခဲ့ရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။
ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာမှာတော့ တပ်မတော်က ရာနဲ့ချီတဲ့ကျေးရွာသားတွေကို ဘုန်းကြီးကျောင်းဟောင်းကိုခေါ်ပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်မှုရှိ မရှိ စစ်ဆေးတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
"စစ်တပ်က ရွာကိုဝင်ပြီး မိန်းမတွေရော ယောကျ်ားတွေကိုပါခေါ်ပြီး ရေကောင်းချောင်းကျောင်းဟောင်းမှာ ထားတယ်။ ဘယ်ကိုမှမသွားရဘူး။ ကျောင်းဟောင်းအတွင်းမှာပဲထားတာ။ အဲဒီ ရေကောင်းချောင်းနဲ့ နီးတဲ့တောင်ကြောမှာက တိုက်ပွဲဖြစ်နေလို့ ဒီရွာသားတွေကို မသင်္ကာတဲ့အတွက် ဒီရွာသားတွေကလည်း တိုက်ပွဲမှာပါဝင်တယ်ဆိုပြီး မသင်္ကာလို့ အခုလိုကျောင်းအတွင်းမှာပဲ လှောင်ထားတာ"
ညနေပိုင်းမှာတော့ အမျိုးသမီးတွေကိုပြန်လွှတ်လိုက်ပြီး အမျိုးသားတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာရဲ့ တစ်ဘက်ကမ်းဟာ ဘူးသီးတောင်မြို့နယ်ဖြစ်ပြီးတော့ ဒီနေ့မနက်က စည်တောင်ရွာက လယ်ကွင်းထဲ စပါးရိတ်သိမ်းနေတဲ့ လယ်သမား ၁၁ ဦးကို အာဏာပိုင်တွေက ရေကောင်းချောင်းကျေးရွာဘက်ကို ကားလမ်းအတိုင်း ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက် တယ်လို့လည်းသိရပါတယ်။
စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ၁၁ ဦးကို လူသားဒိုင်းကာသဖွယ်ခေါ်ဆောင်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကပြောပါတယ်။
"ဟုတ်ပါတယ်။ ခေါ်ယူသွားတာ ဟုတ်ပါတယ်။ အခုတော့ပြန်ရောက်နေကြပါပြီ။ ခေါ်တဲ့ပုံစံကတော့ မနေ့က မိုင်းတွေနဲ့ ထိတွေ့ထားတယ်လေ။ အဲဒါကြောင့်မို့လို့ သူတို့က လူသားဒိုင်းကာအနေနဲ့ ခေါ်ယူသွားတယ်နဲ့ တူတယ်။ သူတို့ကလယ်ကွင်းပြင်တွေမှာ စပါးရိတ်သိမ်းနေတဲ့သူတွေကိုတွေ့တိုင်း အဲဒီလိုခေါ်ယူတာ"
ရေကောင်းချောင်းရွာမှာခေါ်ယူစစ်ဆေးနေသူတွေထဲက ရွာသားတစ်ဦးကိုတော့ လက်ထိပ်ခတ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတာတွေ့ရတယ်လို့လည်း မျက်မြင်တွေရဲ့ပြောဆိုတွေကို ကိုးကားပြီး စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိကြပါဘူး။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ ဒီကိစ္စတွေကို အသေးစိတ်စောင့်ကြည့် နေတယ်လို့ ပြောပါတယ်။
ဒေသခံတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပြောဆိုထားတယ်လို့လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကပြောပါတယ်။
"သက်ဆိုင်ရာအာဏာပိုင်တွေ၊ အပေါ်က အာဏာပိုင်တွေကို ဒီကိစ္စဖြစ်ရပ်တွေကိုပြောထားတယ်။ တရား ဥပဒေနဲ့အညီဖြစ်ဖို့၊ ပြည်သူလူထုကိုကူညီစောင့်ရှောက်ဖို့၊ မတော်မတရားလုပ်တာတွေ ရပ်ဆိုင်းဖို့ကိုပြော ထားတယ်။ ပြည်သူလူထုက ကြောက်ရွံ့စိုးရိမ်မှုတွေအများကြီးရှိတယ်။ သွားလာတာကအစ အခက်အခဲရှိတယ်။ သူတို့ရွာတွေရဲ့ မနီးမဝေးမှာ ချောင်းရှိတယ်ဆိုရင် အဲဒီချောင်းထဲမှာ တိုက်ပွဲတွေရှိနေတယ်ဆိုရင်တော့ အထိတ် တလန့်တွေကရှိတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကိုမြင်ရင် သူတို့က ကြောက်တယ်၊ လန့်တယ်၊ ထွက်ပြေးတယ်၊ ရှောင်ပြေးတယ် အဲဒါမျိုးတွေကရှိနေတယ်။ ဆိုတော့ ပြည်သူလူထုကိုလည်း အားပေးဖို့လိုတယ်"
မနေ့က ညနေပိုင်းမှာ ငရံ့ချောင်းနဲ့ ရေကောင်းချောင်းကျေးရွာကြားမှာ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက်က ရေကောင်းချောင်းကျေးရွာမှာ တပ်မတော်က ရွာသားတွေကို ခေါ်ယူစစ်ဆေးနေတာတွေ ရှိနေတဲ့အတွက် ရွာသားအချို့ဟာ ကြောက်လန့်ပြီး စည်တောင်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာ ကြတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်းက ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း ချင်းမဝန်တောင်းကျေးရွာမှာ တပ်မတော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျေးရွာအတွင်းကို ကျရောက်လာတာကြောင့် ရွာထဲမှာ ရှိတဲ့နေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရွာစောင့်ကျန်ရစ်ခဲ့တဲ့ကျေးရွာသားတွေအားလုံး သလူချောင်းကျေးရွာကို ထွက်ပြေး ရောက်ရှိလာကြတယ်လို့လည်း ရွာသားတွေက RFA ကို ပြောပါတယ်ခင်ဗျာ။