ဘူးသီးတောင်က မွတ်စလင်ရွာသား ပစ်ခတ်ခံရလို့ သေဆုံး


2019.10.08
buthidaung-622.JPG ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မြေပုံ
Photo: Google Map

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်မွတ်စလင်ကျေးရွာက အသက် ၇၀ ဝန်းကျင်အရွယ် ဦးမာမောက်စီဒီ ဟာ ဒီနေ့မနက်ပိုင်းက ရွာမှာရှိတဲ့ ပုစွန်ကန်မှာ ငါးရှာနေစဉ် ပစ်ခတ်ခံရလို့ သေဆုံးသွားတာပါ။

ရွာနားက တောင်ပေါ်မှာ တပ်စွဲထားတဲ့ တပ်ကပစ်တာလို့ ရွာသားတွေနဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ ဆင်သေပြင် မွတ်စလင်ရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ရွာက မွတ်စလင်လူကြီး ဦးမာမောက်စီဒီ၊ အဖေက ဆူဒီရာမောက်ပါ၊ သူကငါးရှာဖို့သွားတာ။ ငါးရှာ ဖို့သွားတာမှာလည်း သူတို့စစ်တပ်ကို သတင်းပေးပြီးသွားတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းက တောင်ပေါ်မှာ ပဲနေတာ။ ကျွန်တော်တို့ရွာနဲ့ကပ်လို့ တောင်ပေါ်မှာရှိတာ။ တောင်ပေါ်မှာ တပ်မတော်ရှိတယ်။ ဒီမှာငါးရှာနေတုန်း မှာ သူတို့ကပစ်တယ်။ ပစ်ပြီးတော့ ခေါင်းမှာထိပြီးတော့ ဆုံးသွားတယ်”

တပ်မတော်က ကျေးရွာအနီးက ကပ်လျက်တောင်ပေါ်မှာ တပ်စွဲထားတာဖြစ်ပြီး အချိန်မရွေးဖမ်းဆီးခံရနိုင်တယ် ဆိုပြီး သူ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။

ဆင်သေပြင်ကျေးရွာနဲ့ အနီးတဝိုက်ဒေသမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ စစ်ရေးပြင်းထန်နေတာဖြစ်ပြီး တပ်မတော်က ဆင်သေပြင်ကျေးရွာအနီးက တောင်ပေါ်မှာ လွန်ခဲ့တဲ့လ အနည်းငယ်ခန့်ကပင် အခိုင်အမာ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ကျေးရွာသားတွေဟာအပြင်ကို ငါးရှာ၊ ဟင်းခူးထွက်ရင် တပ်မတော်ကို အသိပေးခွင့်တောင်းပြီးမှ သွားရတာပါ။

ဒီနေ့မနက်ကလည်း တပ်မတော်ကို အသိပေးအကြောင်းကြားပြီးမှ ငါးရှာသွားတာဖြစ်ပေမယ့် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်တဲ့နေရာမှာ အခြားလူကြီးအချို့နဲ့ ကလေးငယ်အချို့ပါ ရှိနေတယ်လို့ ပြောကြပါတယ်။

သေဆုံးပြီးနောက် တပ်မတော်ဗိုလ်ကြီးတစ်ဦးက မိသားစုတွေကို လာရောက်တောင်းပန်ပြီး ငွေတစ်သိန်း ထောက်ပံ့ပေးအပ်သွားတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ သေဆုံးသူ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

“ဗိုလ်ကြီးကလာပြီးတော့ ဟုတ်တယ်၊ ကျွန်တော်တို့ လူတစ်ယောက်ကို ပစ်မိလို့ သေဆုံးသွားတယ်။ ခင်ဗျား တို့ရွာက လူတွေက အပြင်ကိုသတင်းမပေးပါနဲ့။ သူ့မိသားစုကို ကျွန်တော်တို့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အဲလိုပြောပါတယ်။ စားဝတ်နေရေးအဆင်ပြေအောင် လုပ်ပေးမယ်ဆိုတဲ့ သဘောမျိုးပြောတာဖြစ်မယ်။ သူက အဲလိုမျိုးတွေပြောပြီးတော့ ပိုက်ဆံ တစ်သိန်းပေးသွားတယ်။ သူတို့ကဝန်ခံတယ်။ ကျွန်တော်တို့ပစ်တာပါ လို့ပြောတယ်”

သူ့ရဲ့လုံခြုံရေးအခြေအနေအရ သူ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။

တပ်မတော်ဗိုလ်ကြီးတစ်ဦးက  မိသားစုကို လာရောက်တောင်းပန်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ RFA က ကျေးရွာသားတွေနဲ့ ဒေသခံလူကြီး လေးဦးခန့်ကို မေးမြန်းခဲ့ရာမှာ သူတို့က ဟုတ်မှန်ကြောင်း ပြောဆိုကြပါတယ်။

သူတို့ကဝန်ခံတယ်။ ကျွန်တော်တို့ပစ်တာပါလို့ပြောတယ်

ဒါပေမဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က သူတို့လက်ချက်နဲ့သေဆုံးတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“ကျွန်တော်တို့ကြားတာကတော့ တပ်နဲ့ဆက်စပ်နေတယ်ဆိုပြီးတော့မှ အဲလိုသတင်းရပြီး အေအေကနေ ပြီးတော့မှ ပစ်သွားတယ်ဆိုပြီးတော့မှ ကျွန်တော်ကြားတယ်။ အမြဲတမ်း အေအေကလှုပ်ရှားပြီးတော့မှ ဒီလိုပဲ မသင်္ကာတဲ့လူတွေကို နောက်ကနေ စောင့်ကြည့်တဲ့စနစ်မျိုးလုပ်ပြီးတော့မှ အခြေအနေပေးတယ်ဆိုလို့ရှိရင် ဒီလိုလုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ဖြစ်စဉ်တွေ အများကြီးပဲ။ ဒါကြောင့်မို့လို့ မနက်တုန်းကဖြစ်သွားတဲ့ ဖြစ်စဉ် ကလည်း ကျွန်တော်သိရသလောက်ကတော့ အေအေရဲ့ စနိုက်ပါမိသွားတာဆိုပြီးတော့ ကျွန်တော်အဲလိုပဲ ကြားတယ်”

တပ်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ဒီနေ့မနက်က ရွာသားသေဆုံးတဲ့အပေါ် တပ်မတော်ဗိုလ်ကြီး တစ်ဦးက မိသားစုကို လာရောက်တောင်းပန်တာ၊ သတင်းကို အပြင်ကို မထုတ်ဖို့ ပြောဆိုတာ၊ ငွေတစ်သိန်းကျပ်ပေးသွားတာ စတဲ့အချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်လက်မေးမြန်းခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက

“အော် အဲဒါကတော့ ကျွန်တော်ထင်တယ်လေ မဟုတ်လောက်ဘူးဗျ။ ကုလားတွေက ကျွန်တော်တို့နဲ့ပဲ အမြဲတမ်းဆက်စပ်ပြီးတော့မှ သူတို့လိုတဲ့ဟာတွေပဲ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က သွားပြီးတော့မှ လူမှုရေးအရကူညီပေးတယ်လို့ပဲ ကျွန်တော်ထင်တယ်ဗျ”

သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ဦးမာမောက်စီဒီကို ဒီနေ့မှာပဲ ရွာမှာ သဂြိုဟ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ဆင်သေပြင်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်တချို့ မီးလောင်ခဲ့ပါတယ်။

အဲဒီအနီးအနားက ထိပ်ထူးပေါက် မွတ်စလင်ကျေးရွာမှာလည်း အလားတူ လက်နက်ကြီးကျရောက်ပေါက်ကွဲ တာကြောင့် အမျိုးသမီးအချို့ ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း အရပ်သား အများအပြား ထိခိုက် သေဆုံးနေတာပါ။

တပ်မတော်ပြောခွင့်ရသူတွေကတော့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် စစ်စည်းကမ်းဥပဒေကို တိတိကျကျ လိုက်နာကျင့်သုံးနေတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။

“ဘယ်သူ့ဘက်ကပစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ဒီဒေသခံကာယကံရှင်တွေကတော့ သိမှာပေါ့နော။ မလိုလားအပ်ပဲနဲ့ဒီလိုဖြစ်သွားတာကတော့ မကောင်းဘူးပေါ့နော်။ တိတိကျကျညွှန်ကြားထားတဲ့အတိုင်း လိုက်နာဖို့တော့လိုတာပေါ့နော။ မလိုက်နာတာ လိုက်နာတာက သူတို့အပိုင်းပေါ့။ ကျွန်တော်တို့ကတော့ ညွှန်ကြားချက်အတိုင်း မှန်မှန်ဖြစ်စေချင်ပါတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှု ၉၀ ကျော်၊ ထိခိုက်ဒဏ်ရာရမှု ၁၂၀ ကျော်အထိရှိနေပြီလို့ အရပ်ဘက်အဖွဲ့တွေကပြောကြပါတယ်။

နှစ်ဘက်တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေးသင့် အရပ်သားဦးရေဟာလည်း ခြောက်သောင်းကျော် ရှိနေပြီလို့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုကြပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။