ဘယ်အာဏာရှင်စနစ်ကိုမဆို ဆန့်ကျင်သွားမယ်လို့ SNLD ပြော
ခေတ်အဆက်ဆက် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းကပဲ အုပ်ချုပ်တဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းခဲ့ရတဲ့အတွက် အနာဂတ်ကာလမှာ စုပေါင်းခေါင်းဆောင်တဲ့စနစ်ကို သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
- 2022-06-03
-
-
-
တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းကပဲ အုပ်ချုပ်တဲ့စနစ်ဟာ အာဏာရှင် ဆန်ပြီး အောင်မြင်မှု မရှိခဲ့တဲ့အပြင် နိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးမှုတွေပဲ ကြုံခဲ့ ရတာကြောင့် အနာဂတ်မှာ စုပေါင်းခေါင်းဆောင်တဲ့စနစ်နဲ့ သွားမယ်လို့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မေလ ၂၆ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ SNLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမိန့်ခွန်းမှာ ပါတီဥက္ကဋ္ဌက ထည့်သွင်း ပြောခဲ့တာဖြစ်ပြီး ညီလာခံအပြီးထုတ်ပြန်တဲ့ ရှေ့လုပ်ငန်းစဉ် ရှစ်ချက်ထဲမှာလည်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆောင်ရွယ်မယ်လို့ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဘယ်အာဏာရှင်ကိုမဆို တိုက်ဖျက်သွားမယ်ဆိုတဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တာ စစ်အာဏာရှင် မဟုတ်ရင် တောင် တစ်ပါတီ အာဏာရှင်ပေါ့။ ဒီမိုကရေစီခေတ်မှာတောင် အဖွဲ့အစည်းတစ်ခုကပဲ အုပ်ချုပ်တဲ့ပုံစံဖြစ်နေတော့ ရေရှည်မှာဆို ဒါက အဆင်မချောလောက်ဘူးပေါ့ဗျာ၊ အာဏာရှင်ကို တိုက်ရင်းနဲ့ အာဏာရှင်ဖြစ်ခဲ့တဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လိုသော အာဏာရှင်ပဲ ဖြစ်ဖြစ် ကျနော်တို့က တိုက်ဖျက်သွားမယ်ဆိုတဲ့သဘော၊ ဒါကြောင့်မို့ ထည့်ရေးထားတာ ဖြစ်ပါတယ်”
SNLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေအရ ရည်မှန်းချက်ရှိရာ ချီတက်နေတာချင်း အတူတူပဲလို့ NLD ရဲ့ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
"ကြေညာချက်မှာ ဖော်ပြထားတဲ့ အချက် ရှစ်ချက်ကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူလကတည်းက ချမှတ်ထားတဲ့မူဝါဒတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေး၊ ကောင်းမွန်သော ပညာရေးစနစ်သစ် ဖြစ်ပေါ်လာစေရေး စတာတွေနဲ့ တော်တော်များများ ကိုက်ညီနေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ရင်ဆိုင် ကျော်ဖြတ်နေရတဲ့ အခက်အခဲတွေ၊ ဘေးဒုက္ခတွေ၊ စိန်ခေါ်မှုတွေ အတိမ်အနက် အနည်းငယ်သာ ကွာခြားပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မိမိတို့ ရည်မှန်း ချက်ရှိရာကို ချီတက်နေတာ အတူတူပါပဲလို့ ကျနော့်အနေနဲ့ မြင်ပါတယ်"
ဖက်ဒရယ် ဒီမိုကရေစီရရှိရေး၊ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ကိုင် ထားတဲ့ SNLD ပါတီဟာ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ဧပြီလ ၃၀ ရက်နေ့မှာ ကွယ်လွန် သွားပြီးနောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ပြန်လည်ကျင်းပခဲ့တာပါ။
အဲဒီညီလာခံကနေပဲ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တဲ့အပြင် ပါတီဥက္ကဋ္ဌအဖြစ် စိုင်းညွန့်လွင်နဲ့ လူငယ်အများစုကို ဦးစားပေးထားတဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ၃၁ ဦးကို ပြန်လည် ရွေးချယ်ခဲ့ကြပါတယ်။
"တိုက်တယ်၊ ခိုက်တယ်ဆိုတဲ့နေရာမှာလည်း ပြည်သူလူထုကို ထိခိုက်စေတဲ့အရာမျိုးကိုတော့ ရှောင်ရှားရမှာပေါ့ဗျာ"
အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်နေတာကို ပါတီမူဝါဒအရ လက်ခံမှာမဟုတ်ဘဲ စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်းသလို ပါတီကတော့ ဓမ္မဘက်ကပဲ ရပ်တည်သွားမယ်လို့ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောပါတယ်။
"အဓမ္မဆိုတာက သူများလူ လုပ်မှ မဟုတ်ဘူး။ ကိုယ့်လူလုပ်ရင်လည်း ဒါ အဓမ္မပဲ။ အဲလိုမျိုးတွေကို လက်မခံနိုင်ဘူးဆိုတဲ့ သဘောကို ကျနော်တို့ ဆိုလိုတာ ဖြစ်ပါတယ်။ တိုက်ခိုက်နေတာတော့ ပုံစံပေါင်းစုံနဲ့ တိုက်ခိုက်နေကြတာပဲလေ။ ဒါက အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပြဿနာကို ဖြေရှင်းတာမှာ ချဉ်းကပ်ပုံချင်း မတူဘူးလေ။ ဆိုတော့ ဒါကို ထွေထွေထူးထူး ဝေဖန်ဖို့တော့ မလိုအပ်ဘူး။ တိုက်တယ်၊ ခိုက်တယ်ဆိုတဲ့ နေရာမှာ လည်း ပြည်သူလူထုကို ထိခိုက်စေတဲ့အရာမျိုးကိုတော့ ရှောင်ရှားရမှာပေါ့ဗျာ။ ကျနော် တို့ ကြေညာချက်ထဲမှာလည်း ရှမ်းပြည်အပါအဝင် တစ်တိုင်းပြည်လုံးမှာ ပုံစံမျိုးစုံနဲ့ ဖြစ်တဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်းထားတာပါတယ်"
အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ တရားဓမ္မဘက်မှာပဲ ရပ်တည်မယ်ဆိုတဲ့အပေါ် ကြိုဆိုတယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
"ဒီဓမ္မဘက်က ရပ်တည်မယ်ဆိုတာ အခုလက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာမှာ မှန်ကန်တဲ့ဘက်က ရပ်တည်မယ်လို့ ပြောတယ်လို့ ကျနော် နားလည်တယ်။ ပြီးရင် လက်ရှိ ရွာတွေ မီးရှို့ခံနေရတာတွေ ရှိတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက် ပြီး သတ်ဖြတ်ခံနေရတာတွေ ရှိတယ်။ ဒီလိုသတ်ဖြတ်ခံနေရတဲ့ မတရားတဲ့ လုပ်ရပ်တွေ ကို သူတို့ လက်ခံလို့မရဘူး။ တရားတဲ့ဘက်ကပဲ သူတို့ပါတီအနေနဲ့ လုပ်ကိုင်ဆောင်ရွက် မယ်။ ဓမ္မဘက်က ရပ်တည်မယ်လို့ သူတို့ အဲလိုထုတ်ဖော်ပြောဆိုတာဖြစ်တယ်လို့ ကျနော်အဲလိုမြင်တယ်။ ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်လို့ ကျနော် အဲလိုပြောလိုတယ်"
လက်ရှိမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကုန်ကျ စရိတ် စာရင်းတွေ စစ်ဆေးခံဖို့ ခေါ်ယူထားပေမယ့် SNLD ပါတီကတော့ ပါတီရုံးမှာပဲ အစစ်ခံနိုင်မယ်လို့ အကြောင်းပြန်ထားတာကြောင့် သတ်မှတ်တဲ့ရက်နဲ့ နေရာမှာ လာရောက်စစ်ဆေးမခံဘူးဆိုရင် ပါတီကို အရေးယူမယ်လို့ ဖိအားပေးခံထားရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ SNLD ပါတီဟာ NLD ပါတီနဲ့ နှစ်ပေါင်း ၂၀ တိုင် လက်တွဲခဲ့သလို လက်ရှိလည်း ခိုင်မာတဲ့မူဝါဒတွေအတိုင်း ရပ်တည်နေတဲ့အပေါ် စစ်ကောင်စီက မကြိုက်တာကြောင့် ဖိအားပေးနေတာလို့ သုံးသပ်ပါတယ်။
"SNLD ပါတီကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် မသင့်လျော်တဲ့၊ စစ်ကောင်စီရဲ့ ရန်ဘက်အဖွဲ့အစည်းတွေကို ထောက်ခံပြီး အဲဒီမူဝါဒတွေအတိုင်း ရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် သဘောထားတဲ့အတွက် အချိန်မရွေး SNLD ပါတီကို ဖျက်သိမ်းတာ၊ ချုပ်ချယ်တာတွေ လုပ်လာလိမ့်မယ်၊ SNLD ရဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းဟာ ရှမ်းပြည်သူလူထုက မျှော်လင့်နေတဲ့ လမ်းကြောင်းဖြစ်တယ်။ အဲဒီလမ်းကြောင်းနဲ့ အဲဒီယုံကြည်မှုကြောင့် ရှမ်းပြည်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆိုရင် NLD လိုပဲ ရှမ်းပြည် တစ်ပြည်လုံးမှာ အများစုနေရာကိုရမှာပဲ"
၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပါတီသက်တမ်း နှစ် ၃၀ ကျော်ရှိတဲ့ SNLD ပါတီ ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ NLD ပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲ မှာ အမတ် ၄၇ နေရာအထိ အနိုင်ရခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာလည်း အမတ်နေရာ ၄၂ နေရာရရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တတိယ အများဆုံး အနိုင်ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။
လက်ရှိပါတီက ချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် ပါတီအတွင်း လိုအပ်နေတဲ့ လူငယ်အင်အားတွေရရှိနိုင်ဖို့ ရှမ်းလူငယ်တွေ ပါတီမှာ ပါဝင် လာဖို့ကိုလည်း SNLD ပါတီက တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။