အမျိုးသမီး၊ လူငယ်တို့ ရွေးကောက်ပွဲဝင်ကြဖို့ SNLD လိုလား
2019.10.22

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနဲ့ လူငယ် ၃၀ ရာခိုင်နှုန်းပါစေဝင်ဖို့ မြို့နယ်တွေကို ညွှန်ကြားထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် က ပြောပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုပဲ ရှမ်းပြည်နယ် မဲဆန္ဒနယ်အားလုံး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းတွေ က ရှမ်းလူမျိုး အများအပြားရှိတဲ့နေရာတွေ၊ မဲရနိုင်ခြေရှိတဲ့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
၁၉၉၀ တုန်းက ရွေးကောက်ခံခဲ့ဖူးတဲ့ ကိုယ်စားလှယ်တွေက ပြန်လည်ရွေးချယ်ခံဖို့ တင်ပြလာတာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူငယ်နဲ့ အမျိုးသမီးကိုယ်စားလှယ် နည်းပါးခဲ့တာဖြစ်ပြီး လွှတ်တော်တွင်း လုပ်ကိုင်နိုင်မှု စွမ်းရည် ကွာခြားမှုကြောင့် လာမယ့် ၂၀၂၀ အတွက် လူငယ်နဲ့ အမျိုးသမီးတွေ များများပါဝင်လာဖို့ ပါတီက ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
လက်ရှိရှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ် ရှစ်ဦးရှိပြီး အဲဒီထဲက ခြောက်ဦးက SNLD ပါတီက ဖြစ်ပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်တွင်း အမျိုးသမီးနဲ့ လူငယ်ပါဝင်မှု အားနည်းနေသေးပေမယ့် ပါဝင်နေတဲ့ ကိုယ်စားလှယ်တွေ ရဲ့ လုပ်ကိုင်နိုင်မှုအပေါ်ကိုတော့ အားရကျေနပ်မှုရှိတယ်လို့ မိုင်းရှုးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က ပြောပါတယ်။
"ရာနှုန်းအားဖြင့်နည်းတယ်လို့ အကြမ်းဖျင်းပြောရမယ်၊ ဘာလို့လဲ ဆိုတော့ လူငယ်ပါဝင်မှုနှုန်းကလည်း နည်းသေးတယ်ဆိုတော့လေ မထွက်ဘူး မဟုတ်ဘူး အသံတွေထွက်ပါတယ်၊ သွက်သွက်လက် လက် ထက်ထက်မြက်မြက် ပြောနိုင်ဆိုနိုင်ကြပါတယ် ပြောကြ ပါတယ်၊ ရှမ်းပြည်နယ်လွှွတ်တေ်ာမှာတော့ အမျိုးသမီးတိုင်းလိုလို အမျိုးသားတွေနဲ့ တန်းတူယှဉ်ပြီး ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင် ပါတယ်"
လက်ရှိမှာ SNLD ပါတီတွင်း လွှတ်တော်ရေးရာတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးတာတွေ ဆောင်ရွက်နေပြီး လွှတ်တော်အမတ်အဖြစ် တာဝန်ယူလိုသူ၊ စိတ်ပါဝင်စားသူတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။
SNLD ပါတီဟာ လက်ရှိအချိန်မှာတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးနေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာနဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ တစ်နေရာ ရွေးကောက်ခံထားရတာဖြစ်ပါတယ်။
စိတ်ပါဝင်စားမှုရှိတဲ့ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေ စာရင်းပေးနိုင်သလို၊ ပြည်သူတွေထဲက သဘောကျတဲ့လူတွေစာရင်းကိုလည်း ကောက်ခံနေတယ်လို့ SNLD ပါတီက ဦးစိုင်းကျော်ညွှန့် က ပြောပါတယ်။
"လွှတ်တော်ရေးရာတို့ ပါတီရေးရာ စိတ်ဝင်စားတဲ့ အဓိကလူငယ်ပိုင်းပေါ့၊ လူငယ်တွေ အမျိုးသမီးတွေကို အဓိက ထားပြီး သင်တန်းသဘောမျိုးဖြစ်ဖြစ် ပါတီတွင်း ဆွေးနွေးပွဲ သဘောမျိုးဖြစ်ဖြစ်ပေါ့ လုပ်သွားဖို့ အစီအစဉ်ရှိတယ်၊ အဲဒီကနေတဆင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်ခြေရှိတဲ့သူတွေ တဖြည်းဖြည်း ရွေးသွားရမယ်။ ပြည်သူတွေ ကိုယ်တိုင်ကိုလည်း တပ်လှန့်ထားတာရှိတယ်၊ ဒါမျိုးလုပ်ချင်တယ်ဆို ပါတီကို လာပြီး ပြောပေါ့လေ၊ အဲဒါမျိုး သက်ဆိုင်ရာမြို့နယ်တွေကို ညွှန်ကြားထားပါတယ်"
မူဝါဒချပြီး အမျိုးသမီးနဲ့ လူငယ်တွေကို နေရာပေးလာတာ ဝမ်းသာစရာပဲ
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသမီးနဲ့ လူငယ်တွေက နိုင်ငံရေးနဲ့ လွှတ်တော်ရေးရာကိစ္စရပ်တွေမှာ စိတ်ပါဝင်စားသူ နည်းပါးခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ စိတ်ပါဝင်စား သူတွေ များပြားလာပြီး လူငယ်နဲ့ အမျိုးသမီး တက်ကြွလှုပ်ရှား သူတွေ အများအပြား ပေါ်ထွက်လာခဲ့တယ်လို့ အမျိုးသမီး အရေးဆောင်ရွက်နေတဲ့ ကွတ်ခိုင်မြို့က မမိုင်းမိုင်က ပြောပါတယ်။
SNLD ပါတီ မူဝါဒကို ကြိုဆိုပြီး အခြားပါတီတွေလည်း အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးသင့်တယ်လို့ မမိုင်းမိုင် က ပြောပါတယ်။
"ဒါက ကြိုဆိုရမှာပဲ ဒီထက်ပိုပြီး SNLD တစ်ပါတီထဲ မဟုတ်ဘူး၊ ကျန်တဲ့ပါတီတွေလည်း မူဝါဒတွေ ပြောင်းလဲဖို့ လုပ်ရမယ်၊ SNLD က အမြင်ပွင့်လင်းပြီး အမျိုးသမီးတွေပါဝင်ဖို့ မူဝါဒ အပြောင်းအလဲလုပ်တာ ဝမ်းသာတဲ့ အခွင့်အရေးတစ်ခုပဲ၊ အရည်အချင်းတွေ တန်းတူရင်တောင်မှ အမျိုးသမီးဖြစ်လို့ အခွင့်အရေးမရတာ အများရှိနေ တယ်၊ အဲဒီမှာ မူဝါဒအနေနဲ့ချပြီး အမျိုးသမီးနဲ့ လူငယ်တွေကို နေရာပေးလာတာ ဒါက ဝမ်းသာစရာအရမ်းကောင်း တဲ့အချက်ပဲ"
လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းပြည်အခြေစိုက် ပါတီငယ် ၁၂ ခုကတော့ ပြည်နယ်တွင်း မဲဆန္ဒနယ်တွေကို ခွဲဝေယှဉ်ပြိုင်သွားဖို့ သဘောတူထားပြီး ရှမ်းပြည်မှာ ပါတီဝင်အင်အားအများဆုံးနဲ့ ပါတီကြီးတစ်ခုဖြစ်တဲ့ SNLD ကတော့ မပါဝင်ပါဘူး။
SNLD အနေနဲ့ မိတ်ဖက်ပါတီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ရှိပြီး ပြောင်းလဲလာတဲ့ နိုင်ငံရေးအရ မဲဆန္ဒရှင်တွေဆီ က မဲတွေရရှိလာနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
နိုင်ပြီးသားနေရာတွေ ဆက်လက်ရနေဖို့နဲ့ မဲကပ်ရှုံးထားတဲ့နေရာတွေနဲ့ ရှမ်းလူများ အများအပြားနေထိုင်တဲ့နေရာတွေ ကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ အင်အားကောင်းတဲ့ အခြား ရှမ်းပါတီတခုကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါပဲ။ SNDP တွဲဖက်အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင် ကလည်း ရှမ်းပြည်နယ်အတွင်းက ပါတီတွေဟာ လွှတ်တော်အတွင်းမှာ လူငယ်နဲ့ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ ဦးစားပေးနေတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေအားလုံးက ဖြစ်နိုင်သမျှ လူငယ်ပိုင်းနဲ့ အမျိုးသမီးပိုင်း ပါဝင်နိုင်သမျှ ပါဝင်နိုင်အောင် ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ထဲက ၂၀၂၀ အတွက် စဉ်းစားထားပါတယ်။ အမျိုးသမီးနဲ့ လူငယ်ပိုင်းကို ဦးစားပေးဖို့ပါ"
SNDP အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ SNLD ကို ကမ်းလှမ်းထားပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။