ရွှေကုက္ကိုကာစီနိုရုံရောက် လာအိုလူငယ်တွေရဲ့ ငရဲခန်း
2023.03.02

လာအိုနိုင်ငံသား လူငယ်လေးဦးဟာ မြန်မာနိုင်ငံမှာ လစာကောင်းကောင်းနဲ့ သုံးလအလုပ်လုပ်ရမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကရင်ပြည်နယ် ရွှေကုက္ကိုအထူးစီးပွားရေးဇုန်ထဲက ကိုစိုင်းဆိုတဲ့ ကာစီနိုလောင်းကစား ရုံဆီကို ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပါတယ်။
အဲဒီနောက် သူတို့ဟာ တခြားလူငယ်တွေနဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး နိုင်ငံခြားသားတွေကို အင်တာနက်ပေါ်ကနေ ငွေလိမ်ပေးရတဲ့အလုပ်ကို အတင်းအကျပ်စေခိုင်းခံခဲ့ရပါတယ်။ ငွေလိမ်မပေးနိုင်ရင်လည်း ပုံမှန်ရိုက်နှက် နှိပ်စက်ပြီး အပြစ်ပေးခံရတယ်လို့ အသက် ၁၄ နှစ်ပဲ ရှိသေးတဲ့ အမည်မဖော်လိုသူ လာအိုလူငယ်က RFA ကို ပြန်ပြောပါတယ်။
အခုအချိန်မှာ အဲဒီကာစီနိုလောင်းကစားရုံကနေ ပြန်လည်လွတ်မြောက်လာပြီး ထိုင်းနိုင်ငံကနေတစ်ဆင့် လာအိုနိုင်ငံက မိဘတွေအိမ်ကို ပြန်ရောက်လာတဲ့ အဲဒီလာအိုလူငယ်က ရွှေကုက္ကိုအထူးစီးပွားရေးဇုန်ထဲက လောင်းကစားရုံမှာ သူတို့ကို ကျင်စက်နဲ့တို့၊ သံချောင်းတွေ၊ ကြိုးတွေနဲ့ ရိုက်နှက်ပြီး ပုံမှန်နှိပ်စက်တဲ့အကြောင်း ပြန်ပြောပြပါတယ်။
သူတို့လေးဦး ပြန်လည်လွတ်မြောက်လာပေမယ့် သူတို့နဲ့အတူ ချုပ်နှောင်ခံထားရတဲ့ လာအိုလူငယ်တချို့ မြန်မာနိုင်ငံမှာ ကျန်နေသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက RFA က ရရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ မြဝတီမြို့နယ်ထဲက ကာစီနိုရုံတစ်ရုံမှာ လာအိုလူငယ်တစ်ဦးကို လက်ထိတ်ခတ်ချုပ်နှောင်ထားပြီး ကျွဲနွားတွေအတွက်သုံးတဲ့ ကျဥ်စက်နဲ့တို့ပြီး နှိပ်စက်ညှဥ်းပန်းနေတာ တွေ့ရတဲ့အကြောင်း RFA လာအိုဌာနက သတင်းဖော်ပြခဲ့ပါတယ်။ နောက် ဗီဒီယိုတစ်ခုမှာ ကျောပြင်ကို ကျင်စက်နဲ့တို့ပြီး နှိပ်စက်ထားလို့ ရထားတဲ့ဒဏ်ရာတွေကို အနီးကပ်ရိုက်ပြထားပြီး တတိယ ဗီဒီယိုဖိုင်မှာ လူငယ်ကို ပုံစံထိုင်ခိုင်းပြီး မထိုင်နိုင်ရင် ကျဥ်စက်နဲ့တို့နေတာတွေ တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင်ဟာ အဲဒီလူငယ်ကို ပြန်လွှတ်ပေးစေချင်ရင် ငွေပေးဖို့အတွက် မိဘတွေဆီကို ပေးပို့ထားတာလို့ ယူဆရပေမယ့် သက်ဆိုင်သူ လူငယ်ရဲ့ မိသားစုဝင်တွေကတော့ လက်စားချေမှာ စိုးရိမ်တဲ့အတွက် အတည်ပြု ပြောဆိုဖို့ ငြင်းဆန်နေကြပါတယ်။
ဒီဗီဒီယိုထဲမှာပါတဲ့ လူငယ်ကို သိကျွမ်းသူတစ်ဦးကတော့ အဲဒီလူငယ်ရဲ့ မိဘတွေဟာ မြန်မာနိုင်ငံက လူကုန်ကူးသူတွေကို အမေရိကန်ဒေါ်လာ ၈၇၅၀ လောက်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေသုံးသိန်း လွှဲပေးလိုက်တဲ့နောက် ပြန်လွတ်လာခဲ့တာလို့ RFA ကို ပြောပါတယ်။
အလားတူပဲ လာအိုနိုင်ငံမြောက်ပိုင်းက အမျိုးသမီးကြီးတစ်ဦးကလည်း အဖမ်းခံထားရတဲ့ သူ့မြေးဖြစ်သူ လွတ်မြောက်ဖို့ ဘတ်ငွေတစ်သိန်း ပေးလိုက်ရတယ်လို့ ပြောပါတယ်။
ဒီရွှေကုက္ကိုအထူးစီးပွားရေးဇုန်နဲ့ အနီးတစ်ဝိုက်ဒေသတွေကို မြန်မာစစ်တပ်ရဲ့မဟာမိတ် ကရင်နယ်ခြားစောင့်တပ် ပိုင်ဆိုင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ ဟောင်ကောင်အခြေစိုက် Yatai International Holding Group တို့ပူးတွဲပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အခြေအနေတွေကြောင့် ဒီရွှေကုက္ကိုအထူးစီးပွားရေးဇုန်ဟာ ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ပြီး အရေးယူမခံရတဲ့ နယ်မြေဖြစ်လာနေတဲ့အကြောင်း ဒီအထူးစီးပွားရေးဇုန်ထဲမှာ နိုင်ငံပေါင်းစုံက လူတွေကို နည်းအမျိုးမျိုးနဲ့ ဖြားယောင်းခေါ်ဆောင်ထားပြီး တရားမဝင် လုပ်ငန်းအမျိုးမျိုး ခိုင်းစေနေတဲ့အကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် Center for Advanced Defense Studies အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်လာပြီး မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးကို မူလနိုင်ငံ ပြန်လည် ပို့ဆောင်ခဲ့ရတဲ့အကြောင်း မနီလာတိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ လာအိုလူငယ်တွေရဲ့ မိဘတွေကတော့ ချုပ်နှောင်ခံထားရတဲ့ သူတို့သားသမီးတွေကို ဖြစ်တဲ့နည်းနဲ့ ကယ်တင်ပေးဖို့ လာအိုအစိုးရကို တောင်းဆိုနေကြပါတယ်။
RFA လာအိုဌာနက ဆက်သွယ်စကားပြောခဲ့တဲ့ လာအိုနိုင်ငံမြောက်ပိုင်းက မိဘတစ်ဦးက ကျွန်မတို့ ဒီကနေ လုပ်လို့ရသမျှ အကုန်လုပ်ပြီးပါပြီ။ မြန်မာနိုင်ငံက လာအိုသံရုံးဆီကိုလည်း လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးတင်ပြီးပါပြီး အာဏာပိုင်တွေက စောင့်ပါဦးဆိုတာနဲ့ စောင့်နေတာ လနဲ့ ချီနေပါပြီ ဘာမှမလဲ ထူးမလာပါဘူးလို့ ပြောပါတယ်။
လာအိုအစိုးရအနေနဲ့ မြဝတီမှာ ချုပ်နှောင်ခံထားရတဲ့ လာအိုနိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေပြီး မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်နေတယ်လို့ အမည်မဖော်လိုသူ လာအိုအစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပတ်စ်စပို့မရှိဘဲ တရားမဝင် လာရောက်အလုပ်လုပ်နေတဲ့ လာအိုနိုင်ငံသား ရာဂဏန်းအထိ ရှိနိုင်တဲ့အကြောင်းနဲ့ လောလောဆယ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသကို သွားရောက်လို့ မရဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း အဲဒီလာအိုတာဝန်ရှိသူက ပြောပါတယ်။