ပျူစောထီးများတဲ့ ရွှေဘိုမြို့ မြင်းချင်းရွာခံ ၆၀ ဦးကို ကာကွယ်ရေးအဖွဲ့ ဖမ်းဆီးစစ်ဆေးနေ
2023.12.25

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပျူစောထီးနဲ့ စစ်ကောင်စီရဲတပ်သားတွေရှိတဲ့ မြင်းချင်းရွာကို ဒီဇင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
"ပြည်သူလား ဘာလားညာလား မကွဲသေးတဲ့အတွက် ကောင်းကောင်းမွန်မွန်ထားပါတယ်"
သုံးနာရီခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်သားတစ်ဦးနဲ့ ပျူစောထီးနှစ်ဦး သေဆုံးခဲ့သလို မြင်းချင်းရွာက ဒေသခံ ခြောက်ဆယ်ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီတိုက်ပွဲမှာပါခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်း (၂၆) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“Dead Body သေဆုံး ရုပ်အလောင်းက သုံးခု။ ရဲတစ်ယောက်ရယ် လက်နက်ကိုင် ပျူနှစ်ယောက်ရယ်။ ကျန်တာတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတာလား။ ကျွန်တော်တို့ ဖမ်းတဲ့အထဲမှာပဲ ရောယောင်ပြီး ပါလာတာလားဆိုတာ အတိအကျ ကြီးတော့ မပြောနိုင်သေးဘူး။ ဖမ်းဆီးရမိမှု အခြေအနေကတော့ မ (အမျိုးသမီး) က ၃၁ ယောက်၊ ကျား (အမျိုးသား) က ၂၉ ယောက် ပေါင်းခြောက်ဆယ်ပေါ့နော်။ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ကျွန်တော်တို့ထားတယ်။ မိန်းကလေးသပ်သပ်၊ ယောကျာ်းလေး သပ်သပ် ခွဲပေးထားတယ်။ ပြည်သူလား ဘာလားညာလား မကွဲသေးတဲ့အတွက် ကောင်းကောင်းမွန်မွန်ထားပါတယ်။ ပြီးရင်တော့ ဥပဒေအရအရေးယူမှာပါ။ အရေးယူမယ့် အပိုင်းကတော့ ကျွန်တော်တို့ လုပ်မှာတော့ မဟုတ်ဘူး”
ရွှေဘိုမြို့နဲ့ တစ်မိုင်ခန့်သာဝေးတဲ့ မြင်းချင်းရွာမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သား ၁၄ ဦးရှိပြီး ပျူစောထီး အဖွဲ့ဝင် လေးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ အဲဒီရွာခံတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ် ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီရွာမှာရှိတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေဟာ အနီးအနားရွာတွေက ဒေသခံတွေကိုလည်း မကြာခဏ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြင်းချင်းရဲ့အနောက်ဘက်မှာ ကျွန်တော်တို့ ရွာသူရွာသားတွေကို ပျူတွေက လုပ်ငန်းလုပ်နေတဲ့အချိန်၊ တောထဲမှာ စက်မောင်းနေတဲ့ အချိန်တို့ဆို ဝင်ကုတ် (ဖမ်းဆီး) တာတွေ၊ အဲဒါမျိုးတွေ နိုင်ထက်စီးနင်းကတော့ တအားများတယ်။ သဘောတစ်ခုက ဒီဘက်ကမှာ စပါးတွေရိတ်နေတဲ့အချိန်ဆို သေနတ်တွေနဲ့တက်ပစ်ပြီး ရိတ်စက်တွေသိမ်း၊ ထွန်စက်ဆွဲခုတ်နေတဲ့သူတွေဆိုရင် ထွန်စက်တွေသိမ်းတယ်။ စစ်ကြောင်းလာရင်လည်း ဒီဘက်ရွာတွေကိုမီးရှို့တယ်၊ ပစ္စည်းတွေကို အဲဒီ (မြင်းချင်း) ရွာကို အကုန်သယ်တယ်”
အခုလို မြင်းချင်းရွာကို တော်လှန်ရေးအဖွဲ့တွေ စီးနင်းနိုင်ခဲ့တာဟာ ဘေးပတ်ဝန်းကျင် ရွာတွေအတွက် တည်ငြိမ်မှု ရစေတယ်လို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မြင်းချင်းရွာ စီးနင်းခံရမှုမှာ နေအိမ် ၁၆၀ ကျော်လောက် မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြထားပေမယ့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အတည်ပြု တုံ့ပြန်တာမျိုးမရှိပါဘူး။
စစ်တပ်အရာရှိဟောင်းလည်းဖြစ် နိုင်ငံရေးသုံးသပ်သူလည်းဖြစ်တဲ့ ဒေါက်တာ အောင်မျိုးကတော့ တစ်ဖက်နဲ့ တစ်ဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ အလွန်အကျွံ မလုပ်ဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“ပြည်သူ့စစ်ဆိုတာကတော့ ကိုယ့်ကျေးရွာကို ကိုယ်ကာကွယ်ဖို့အတွက် ဖွဲ့စည်းထား တာဖြစ်တယ်။ အစိုးရဘက်က ဖွဲ့ချင်လည်းဖွဲ့မှာပဲ။ အဲတော့ ဘယ်လိုပဲပြောပြော တစ်ယောက်နဲ့တစ်ယောက် အလွန်အကျွံ သတ်တာ၊ ဖြတ်တာတွေ ဖြစ်လာလို့ရှိရင် ဟိုဘက် (စစ်ကောင်စီနဲ့ ပြည်သူ့စစ်) လူတွေကလည်း တုံ့ပြန်ဖို့ကနှေးမှာ မဟုတ်ဘူး။ အလွန်အကျွံ မလုပ်ဖို့လိုတယ်။ တစ်ဖက်နဲ့တစ်ဖက်ကို တိုက်ပွဲအတွင်းမှာ ပစ်လို့ခတ်လို့ မသေဘူး၊ ရှင်ကျန်ခဲ့တဲ့လူတွေကို ဖမ်းဆီးသွားတဲ့အဖွဲ့တွေအနေနဲ့ မသတ်ဖြတ်ဖို့လိုတယ်။ ကျွန်တော် အဲလောက်ပဲ မှတ်ချက်ပေးချင်တယ်”
စစ်ကောင်စီဘက်ကတော့ မြင်းချင်းရွာ စီးနင်းခံရမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။
ဒီကိစ္စအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
မြင်းချင်းရွာဟာ စစ်တပ်အာဏာသိမ်းပြီး သုံးလခန့်အကြာမှာ ပျူစောထီးတွေ စတင်အားကောင်းလာခဲ့တာ ဖြစ်ပြီး အဲဒီရွာကို ကာကွယ်ရေးပူးပေါင်းတပ်တွေ မကြာခဏဆိုသလို တိုက်ခိုက်နေတာပါ။