တိုက်ပွဲနဲ့ လက်နက်ကြီးကြောင့် ရွှေကျင်မြို့နယ်က ဒေသခံတစ်သောင်းနီးပါး နေရပ်မပြန်နိုင်သေး

ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ရွာတွေထဲပါ လက်နက်ကြီးကျည်ကျနေလို့ ရွာပေါင်း ၁၀ ရွာမှာရှိတဲ့ အိမ်ထောင်စုနှစ်ထောင်ခန့်က ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘုရားကြီး၊ မဘီး(အလယ်)၊ မဘီး(အထက်)၊ ဘောကထာ၊ ပဒဲကော၊ ငါးဖယ်အင်း၊ ဂောာ်သဇင်၊ တောင်သူစု၊ သရက်တော(ရွှေသရက်ပင်)နဲ့ တုံးတံတားရွာတွေက ဒေသခံတွေ ထွက်ပြေးနေရဆဲဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက်အရှိန်မြင့်တက်လာဖို့ ရှိနေတယ်လို့ ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာပေမယ့် အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရွာတွေထဲကိုတော့ လက်နက်ကြီးနဲ့ မပစ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တကယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ကျနော်ပြောချင်တာ တစ်ခုက သူတို့ ရန်သူချင်း တိုက်တာတော့ တိုက်တာပေါ့။ တစ်ဦးနဲ့တစ်ဦး သူတို့နိုင်ငံရေးလုပ်တာက လုပ်တာပဲလေ။ တိုက်ခိုက်တာ တိုက်ခိုက်တာပဲလေ။ ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေဆီ ပြည်သူ့ဘက်ကိုတော့ ကျည်ဦးပြန်မလှည့်သင့်ဘူး။ ပြောင်းပြန်မလှည့်သင့်ဘူးလို့တော့ ကျနော်က ထင်တယ်လေ”

၂၀၂၃ ခုနှစ်အတွင်း ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ရွာတွေထဲ လက်နက်ကြီးကျရောက်တာ ပိုများလာတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဘောကထာစခန်းက အနီးမှာရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ငါးဖယ်အင်းရွာခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

"ထမင်းရည်ငဲ့ပြီး ထမင်းရည်နဲ့ ငရုတ်သီးနဲ့ဖျော်ပြီးတော့ ထမင်းနဲ့ ပြန်စားရတဲ့ အဆင့်ထိဖြစ်နေတယ်ပေါ့"

စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ပင်ခံထားရလို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျနော်တို့ စစ်ဘေးရှောင်တွေကျတော့ အခုစားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရတာ သိပ်အဆင်မပြေဘူးလေ။ သူတို့တွေက ယူပိုင်ခွင့်ကို လုံး၀မပေးဘူး။ ပိတ်ထားကြတယ်။ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ ဆေးဝါးပေါ့နော်။ ဆေးဝါးကျတော့လည်း ပိတ်ပင်ထားတယ်။ ပြီးတော့ စစ်ဘေးရှောင်တွေ အတွက်ကျတော့လည်း စားဝတ်နေရေးက ပိတ်ပင်ထားတယ်။ ဒီရွှေကျင်နယ်ဘက်ကဆိုရင် အကုန်လုံးက ဒုက္ခတွေ အကြီးအကျယ်ရောက်နေကြတယ် ”

ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်တွေ အဓိကလိုအပ်နေတယ်လို့ ရွှေကျင်မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။

“အားလုံးကတော့ တစ်နယ်လုံးကတော့ စစ်ဒဏ်ခံနေရတာပဲ။ ဒါပေမဲ့ နည်းနည်းပေါ့တဲ့ ရွာတွေက ဝိုင်းကူနေတာပေါ့နော်။ အဲဒီကူညီမှုနဲ့ပဲ အခြေခံပြီး ရပ်တည်နေရတာ ဖြစ်တဲ့အတွက် တခြားပြင်ပ အဖွဲ့အစည်းတွေက ကူညီပေးရင် ပိုပြီး အဆင်ပြေမှာ ပေါ့နော်။ သူတို့ရဲ့ အဓိကလိုအပ်ချက်ကတော့ အခြေခံစားသောက်ကုန်တွေပါပဲ။ တချို့ဆိုလို့ရှိရင် ငရုတ်သီးနဲ့ဆားနဲ့ ငါးပိရည်တောင်မရှိလို့ ထမင်းရည်ငဲ့ပြီး ထမင်းရည်နဲ့ ငရုတ်သီးနဲ့ဖျော်ပြီးတော့ ထမင်းနဲ့ ပြန်စားရတဲ့ အဆင့်ထိဖြစ်နေတယ်ပေါ့ ”

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေမှာ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇,၅၈၇ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေမှာ တစ်လကို အနည်းဆုံး တိုက်ပွဲနှစ်ရာကျော်ကနေ ငါးရာကျော်အထိ ဖြစ်နေပြီး ၂၀၂၃ ခုနှစ်၊ ပထမနှစ်လအတွင်းမှာတင် တိုက်ပွဲပေါင်း ၈၅၄ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU တာဝန်ရှိသူတွေကပြောပါတယ်။

ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့နယ်မှာလည်း စစ်ရေးအခြေအနေ ဆက်လက် အရှိန်မြင့်တက်လာဖို့ ရှိနေတယ် လို့ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ ဆက်လက်ပြီး တင်းမာဖို့ရှိတယ်။ တင်းမာမှုရှိနေတဲ့ အခါကျတော့ ဒီဘက်ကလည်း စစ်ရေးက ဆုတ်လိုက်တက်လိုက် ကစားနေတာ။ ထိပ်တိုက်ဖြစ်တာတွေရှိတယ်။ ဒရုန်းနဲ့ တစ်ဖက်နဲ့တစ်ဖက် ပစ်တာတွေရှိတယ်။ ဒီဘက်အခြမ်းကတော့ စစ်ရေးအခြေအနေ ဆက်လက် အရှိန်အဟုန်မြင့်မယ့် အလားအလာ ရှိတယ်။ ပြီးရင် ဒီဘက်နေပြီးတော့ အကုန် မြို့သိမ်းပုံစံမျိုး အဆင့်အထိ ဆင်နွှဲမယ့်ပုံစံမျိုး ရှိထားကြတယ်ပေါ့။”

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေနဲ့ ရွာတွေထဲ လက်နက်ကြီးကျရောက်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်ဆိုတာ သတင်း အမှားသာဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းလျက်ရှိတယ်လို့ RFA ကိုပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တပ်မတော်အနေနဲ့ ဘယ်လိုနည်းနဲ့မှ အရပ်သားတွေအပေါ် ထိခိုက်အောင် လုပ်စရာအကြောင်းမရှိဘူးလို့ အရင်က RFA ကိုတုံ့ပြန်ပြော ဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိပါပြီ။