ရှမ်းယူနိုက်တက်အသင်းကို ဩစတြေးလျဗီဇာပိတ်ပင်မှု ထောက်ခံကြိုဆို
2023.12.08

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မက်ခ်အာသာအသင်းနဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းတို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က အာရှဘောလုံးအဖွဲ့ချုပ် (Asian Football Confederation) AFC အုပ်စုပွဲစဉ် ကစားဖို့ စီစဉ်ခဲ့ပေမယ့် ဩစတြေးလျ အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ပါတယ်။
အဲဒီအသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ ဝမင်းကော်ပိုရေးရှင်းဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ချိတ်ဆက်လုပ်ကိုင်နေတာကြောင့် သြစတြေးလျအစိုးရက ပြည်ဝင်ခွင့် ငြင်းပယ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ကို သြစတြေးလျအစိုးရက အခုနှစ် ဖေဖော်ဝါရီလကတည်းက စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ထားတာပါ။
စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်မပေးဘဲ ငြင်းပယ်လိုက်တာဟာ မှန်ကန်တဲ့လုပ်ရပ်မို့ ကြိုဆိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ဩစတြေးလျနိုင်ငံက စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီးတော့ မြန်မာပြည်က စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေကို တရားဝင် လက်ခံပြီးတော့ ဖွဲ့စည်းလှုပ်ရှားခွင့်တွေပေးထားတဲ့ တိုင်းပြည်ဖြစ်နေတော့ ဒီလိုကိစ္စမျိုးပေါ့ဗျာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဘောလုံးအဖွဲ့တွေ၊ စစ်ကောင်စီရဲ့ ခရိုနီတွေ ထူထောင်ထားတဲ့ အားကစားအဖွဲ့တွေနဲ့ ပတ်သက်လို့ သူ့တိုင်းပြည်မှာ ပါဝင်ခွင့် မပြုဘူးဆိုတာ သဘာဝကျတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုကြောင်း ပြောချင်ပါတယ်"
Myanmar Campaign Network အပါအဝင် အဖွဲ့အစည်းပေါင်း လေးရာကျော်က စစ်ကောင်စီကို လေးနက်တဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ အမြန်ဆုံးလုပ်ဖို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးထံ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စာရေးတောင်းဆိုခဲ့ ကြပါတယ်။
ဩစတြေးလျမှာရှိတဲ့ တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားတချို့ကလည်း ရှမ်းယူနိုက်တက်အသင်းကို ပြည်ဝင်ခွင့်မပေးဖို့ ဩစတြေးလျအစိုးရကို နိုဝင်ဘာလလယ် လောက်ကတည်းက တောင်းဆိုခဲ့ပါတယ်။
"ရှမ်းယူနိုက်တက်ပိုင်ရှင်ကလည်း MEC တို့နဲ့ အကျိုးတူ ပူးပေါင်းတာတွေရှိတော့ ရှမ်းယူနိုက်တက်အသင်းကို ပိတ်ဆို့ဒဏ်ခတ်တဲ့သဘောနဲ့ ဝင်ခွင့်မပေးတာလို့ ထင်ပါတယ်"
သြစတြေးလျအစိုးရ ဗီဇာမပိတ်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလ ရန်ကုန်သုဝဏ္ဏကွင်းမှာ ကစားချိန်တုန်းကလည်း ရှမ်းယူနိုက်တက်အသင်းကို ကစားခွင့်မပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက်ခဲ့တယ်လို့ ရန်ကုန်မြို့က ဘောလုံးအားကစား သုံးသပ်သူတစ်ဦးက ပြောပါတယ်။
"ရှမ်းယူနိုက်တက်ပိုင်ရှင်ကလည်း MEC တို့နဲ့ အကျိုးတူ ပူးပေါင်းတာတွေရှိတော့ ရှမ်းယူနိုက်တက်အသင်းကို ဆန်ရှင် (ပိတ်ဆို့ဒဏ်ခတ်) တဲ့သဘောနဲ့ ဝင်ခွင့်မပေးတာ လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကန်သွားတဲ့ ရှမ်းယူနိုက်တက်အိမ်ကွင်းပွဲမှာလည်း တခြား လူ့အခွင့်အရေးအဖွဲ့အစည်းတွေကနေ ကန့်ကွက်တာတွေ ရှိတယ်ပေါ့နော်။ မကစားသင့်ဘူးဆိုပြီးတော့ အဲဒီလို ဝေဖန်မှုတွေက ရှိခဲ့တော့ ဒုတိယအကျော့ဖြစ်တဲ့ ဩစတြေးလျအိမ်ကွင်းမှာ ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်ဘက်က ကန်ခွင့်မပေးဘဲနဲ့ ထိုင်းနိုင်ငံမှာ သွားကန်လိုက်ရတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရှမ်းယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူတွေနဲ့ နာမည်ကြီး ဘောလုံးသမားတွေကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုခွင့်မရှိဘူးလို့သာ ငြင်းဆိုပါတယ်။
ရှမ်းယူနိုက်တက်ဘောလုံးအသင်း Facebook လူမှုကွန်ရက်မှာတော့ သူတို့အသင်းဟာ မက်ခ်အာသာအသင်းနဲ့ AFC ဖလားပွဲကစားဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြပါတယ်။
ရှမ်းယူနိုက်တက်အသင်းကို ပြည်ဝင်ခွင့်မပေးတာဟာ MEC ကိုပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိ သိနိုင်ဖို့ ရန်ကုန်ရှိ ဩစတြေးလျသံရုံးကို RFA က ဒီနေ့မနက်ပိုင်းမှာ အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်တဲ့ AFC Cup မှာ ရှမ်းယူနိုက်တက်အသင်းဟာ နိုင်ပွဲမရှိဘဲ အောက်ဆုံးအဆင့်မှာ ရောက်နေတယ်လို့ ရန်ကုန်မြို့က ဘောလုံးအားကစားသုံးသပ်သူက ပြောပါတယ်။
"နှစ်ကျော့ ကစားတာဆိုတော့ စုစုပေါင်း ခြောက်ပွဲကန်ရမှာ။ ငါးပွဲ ကစားပြီးတဲ့အထဲမှာ ရှမ်းယူနိုက်တက်အသင်းက ငါးပွဲမှာ တစ်ပွဲ သရေ၊ လေးပွဲ ရှုံးထားတယ်။ နောက်ဆုံးပွဲကို လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ ကမ္ဘောဒီယားနဲ့ ကန်ရမယ်။ ဒါပေမဲ့ ရှမ်းယူနိုက်တက်အတွက်က မျှော်လင့်ချက် မရှိတော့ဘူး။ အုပ်စုတက်ဖို့က ပြီးခဲ့တဲ့ ပွဲကတည်းက မျှော်လင့်ချက် မရှိတော့တာပါ။ ဒါပေမဲ့ အုပ်စုတတိယနေရာရဖို့လည်း မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်နဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ နောက်ဆုံးအဆင့် ရပ်တည်မှုက ထိပ်တိုက်တွေ့ဆုံမှု ဆုံးဖြတ်မှာဆိုတော့ ရှမ်းယူနိုက်တက်က နောက်ဆုံးလက်ကျန်တစ်ပွဲ ကန်ရဖို့ရှိနေသေးပေမယ့်လည်း အုပ်စုအဆင့် အောက်ဆုံးနဲ့ အုပ်စုကနေထွက်လိုက်ရသလို ဖြစ်နေပါပြီ"
ရှမ်းယူနိုက်တက်ဘောလုံးအသင်းဟာ Myanmar National League မှာ ထိပ်ဆုံးက ပြေးနေပေမယ့် အာရှဘောလုံးအဖွဲ့ချုပ်ကစီစဉ်တဲ့ AFC Cup ဘောလုံးပွဲစဉ်မှာတော့ တစ်ပွဲမှ အနိုင်မရခဲ့သလို အုပ်စုကထွက်ရဖို့လည်း သေချာနေပြီလို့ ဘောလုံးဝါသနာရှင်တွေ နဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။