ရှမ်းပြည်နယ် နမ္မတူက ဒုက္ခသည်စခန်းသုံးခု ပိတ်သိမ်းဖို့ စစ်ကောင်စီ စီစဉ်နေ

2022.08.19
ရှမ်းပြည်နယ် နမ္မတူက ဒုက္ခသည်စခန်းသုံးခု ပိတ်သိမ်းဖို့ စစ်ကောင်စီ စီစဉ်နေ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ‌ကောင်းဟုန်းရွာက ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒုက္ခသည်စခန်း သုံးခုကို လာမယ့် ၂၀၂၃ ဧပြီလမှာ အပြီးပိတ်သိမ်းဖို့ ရှိတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ နမ္မတူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က အစည်းအဝေးလုပ်ပြီး အသိပေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ဒုက္ခသည်စခန်းတစ်ခုစီက တာဝန်ရှိသူနှစ်ဦးစီကို ခေါ်ယူအသိ ပေးခဲ့ပြီး ထွေအုပ်အရာရှိတွေသာမက လူဝင်မှုကြီးကြပ်ရေးဌာန၊ မီးသတ်တပ်ဖွဲ့၊ စစ်ဘက်ရေးရာဌာနနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေး ဌာန တာဝန်ရှိသူတွေပါ ပါဝင်တယ်လို့ ကိုယ်တိုင်အစည်းအဝေး တက်ရောက်ခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

နေရပ်ပြန်ဖို့ စနစ်တကျ ကူညီစီစဉ်ပေးတာမရှိဘဲ ဖိအားပေးပြီး ပြန်ဖို့ပြောနေတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကချင် စစ်ဘေး ဒုက္ခသည် ဒေါ်နန်စန် က RFA ကို ပြောပါတယ်။

“ဒီ ၂၀၂၃ ဧပြီ ၂၀ ရက်နေ့ နောက်ဆုံးအပြီး စခန်းပိတ်သိမ်းရေးပေါ့။ ကျမတို့နယ်မြေ မငြိမ်းချမ်းသေးဘူး၊ ပြန်လို့ မရသေးဘူးပြောတော့ မြန်မာနိုင်ငံမှာ ဘယ်နေရာက ငြိမ်းချမ်းလို့လဲတဲ့ အဲလို ပြောတာ။ ငါတို့ နမ္မတူလည်း မငြိမ်းချမ်းပါဘူးတဲ့၊ ဒါပေမဲ့ မန်တုံမှာ တိုက်ပွဲက နေ့စဉ်နေ့တိုင်း ဖြစ်နေတာမှ မဟုတ်တာတဲ့။ ကျမတို့ကို အဲလိုပြောတော့ ကျမတို့လည်း ဆွေးနွေးစရာမရှိတော့ဘူး။ ကျမတို့ မန်တုံမြို့နယ်က ပြန်ရမယ့် မူရင်းရွာတွေက ကျောင်းမဖွင့်ဘူးလေ။ ကလေးတွေရဲ့ ပညာရေးလည်း ကျမတို့စိုးရိမ်တယ်။ မလုံခြုံဘူး အဲလိုမျိုးတွေပြောတာပေါ့ ကျမတို့က။ အဲဒါကြောင့် ထူထောင်ရေးလည်း မဖြစ်ခဲ့တောင်မှ ကျမတို့ ဒီမှာ တစ်သက်လုံးလည်း မနေပါဘူး။ ပြင်ဆင်ချိန် နှစ်နှစ်လောက်ပေးပါလို့ ပြောလည်း မရဘူးတဲ့”

နမ္မတူမြို့နယ်အတွင်းက ဒုက္ခသည်တွေဟာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ၂၀၁၆ ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် နမ့်ပိုင်း၊ ကျပိန်း၊ ပန်ယုံ စတဲ့ ကျေးရွာတွေကနေ ထွက်ပြေးလာကြ တာပါ။

"ကျမတို့နယ်မြေ မငြိမ်းချမ်းသေးဘူး၊ ပြန်လို့ မရသေးဘူးပြောတော့ မြန်မာနိုင်ငံမှာ ဘယ်နေရာက ငြိမ်းချမ်းလို့လဲတဲ့ အဲလို ပြောတာ။"

ကချင်၊ လီဆူနဲ့ ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီး သူတို့ကို နမ္မတူမြို့နယ်ထဲမှာ လူမျိုးစုအလိုက် ဒုက္ခသည် စခန်းတွေဖွင့်ပြီး ကူညီပေးထားတာပါ။

ကချင် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၃၀ နဲ့ လူဦးရေ ၁၂၇ ဦး၊ ရှမ်းတိုင်းရင်းသား တွေ နေထိုင်တဲ့ ကြူဆော့ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၆၀ နဲ့ လူဦးရေ ၂၇၉ ဦး၊ လီဆူ ဒုက္ခသည် စခန်းမှာတော့ အိမ်ထောင်စု ၂၄ စုနဲ့ လူဦးရေ ၁၀၃ ဦး နေထိုင်တာမို့ စုစုပေါင်း လူဦးရေ ၅၀၉ ဦး ရှိပါတယ်။

မန်တုံမြို့နယ်ထဲက သူတို့ဇာတိမှာ တိုက်ပွဲအပြီး ရွာတွေပျက်ကုန်တာကြောင့် ဘာ အကူအညီမှ မပေးဘဲ နေရပ်ပြန်ဖို့ဆိုတာ အတော်ခက်ခဲတယ်လို့ လက်ရှိ ကြူဆော့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မနန်းဆိုင်စိန် က ပြောပါတယ်။

“သူတို့ပေးတဲ့အချိန် အကန့်သတ်ကလည်း တော်တော်နည်းတယ်ပေါ့။ အချိန်တောင်မှ ခြောက်လ၊ ခုနစ်လပဲ ကျန်တော့တာဆိုတော့ ပြန်ဖို့ဆိုရင်တောင် ဒီ အိမ်တွေ ဘာတွေ ဆောက်ဖို့ အချိန်မရသေးဘူးပေါ့။ အချိန်နည်းတာပေါ့၊ တော်တော်ကြီးကို အခက်အခဲ ဖြစ်နေကြတာ ခုတစ်လောက။ တချို့လူတွေကျတော့ မပြန်ချင်ကြဘူး။ သက်ကြီး ရွယ်အို အဘိုးအဘွားတွေဆို ကိုယ့်မြေကွက်လည်း မဝယ်နိုင်ကြဘူး၊ ရွာလည်း မပြန်ချင်ဘူးဆို အဲလိုမျိုး။ နောက်ပြီး ပြန်ရင်လည်း ဒီလို ဒီလို ထောက်ပံ့ပေးမယ် ဆိုတာမျိုးလည်း မပြောဘူး။ နင်တို့ကျေးရွာတောင်မှ ပြန်လို့ ရပြီပဲ၊ နေလို့ရပြီပဲ ပြန်တော့တဲ့။ အဲချိန်ကျရင် နင်တို့ကလေးတွေလည်း ကျောင်းပိတ်ပြီဆိုပြီး အဲလိုမျိုးပဲပြောတာ”

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က မေးမြန်းတဲ့အခါ ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းဖို့ ဆောင်ရွက် နေတာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

သူတို့ဘက်က တချို့ နေရာတွေမှာ ရွာသစ်တွေ တည်ဆောက်ပေးထားပေမယ့် အားလုံးအတွက်တော့ လုံလောက်မှု မရှိသေးဘူးလို့ ဦးခွန်သိန်းမောင် က ရှင်းပြပါတယ်။

“စစ်ဘေးရှောင်စခန်းတွေ ပိတ်သိမ်းဖို့က ကျနော်တို့ ဆောင်ရွက်နေပါတယ်ဗျ။ သူရဲ့ကာလရယ်၊ အခြေအနေ အချိန်အခါအရလည်း ပိတ်သိမ်းရမယ့် အခြေအနေလည်း ရောက်တော့ ကျနော်တို့ ဆောင်ရွက်နေပါတယ်ဗျ။ တချို့ သူတို့နေရာကို ပြန်ဖို့ အခက်အခဲရှိတဲ့သူတွေကိုတော့ ကျနော်တို့ ရွာသစ် တည်ဆောက်ပေးထား တာရှိပါတယ်။ အဲဒီမှာ သူတို့ အိမ်တွေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ဆောင်ရွက် ပေးထားတာ ရှိပေမယ့် အားလုံးအတွက်တော့ ဖူလုံမှုတော့ မရှိဘူးပေါ့လေ”

nanmatu-refugees
ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ‌ကောင်းဟုန်းရွာက ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

အရင် NLD အစိုးရလက်ထက်တုန်းကလည်း ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဆွေးနွေးခဲ့ဖူးပြီး အဲဒီအချိန်က နေရပ်မပြန်ချင်သူတွေကို လက်ရှိ ဒုက္ခသည်စခန်း ရဲ့ အရှေ့ဘက် သစ်တောမြေဧက ၂၀ မှာ နေရာချထားဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ အဲဒီနေရာဟာ သစ်တောကြိုးဝိုင်းဖြစ်နေလို့ နေခွင့်မပေးတော့ဘဲ မိမိတို့ နေရပ်ကိုသာ မဖြစ်မနေ ပြန်ကြဖို့ ဖိအားပေးလာတာလို့ လီဆူ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒေါ်စလာမီက ပြောပါတယ်။

“အိမ်နေရာအတွက် ကျမတို့က KMSS လို အဖွဲ့တွေကို အကူအညီတောင်းထားတုန်း ရှိသေးတယ်။ နေရာအဆင် ပြေတဲ့သူလည်းရှိတယ်၊ အဆင်မပြေတဲ့ သူလည်းရှိတယ်။ အဆင်မပြေတဲ့ သူတွေကိုကျတော့ အရင်တုန်းက ပြန်လည်နေရာချထားရေးလည်း လုပ်ပေးမယ်လို့ ပြောထားတယ်။ တချို့လူတွေက အဲမှာနေဖို့ စာရင်းထဲမှာ ထည့်ထား တယ်။ အခုကျတော့ သစ်တောဦးစီးဌာနက မြေနေရာပေးဖို့ အလားအလာမရှိဘူးလို့ ပြောလာတယ်။ လာမယ့် ၃၀ ရက်နေ့မှ မထွက်ရင် သူတို့ ပြန်လာစစ်ဆေးမယ်လို့ ပြောသွားတယ်”

ဒေသတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူအချို့ကတော့ စစ်ကောင်စီဘက်က ဒီလိုဒုက္ခသည်တွေ ရှိနေတာဟာ သူတို့ပုံရိပ်ကို ထိခိုက်တယ်လို့ ယူဆပြီး စခန်းတွေကို အပြီးဖျက်သိမ်းခိုင်းနေတာလို့ RFA ကို ပြောပါတယ်။

နမ္မတူမြို့နယ် စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန တာဝန်ရှိသူကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရင် ပုံမှန်ထောက်ပံ့နေကျ ငွေကျပ် တစ်သိန်းအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို ထောက်ပံ့လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ လိုအပ်တဲ့ နေရာထိုင်ခင်းနဲ့ ပြန်လည်ထူထောင်ရေး အပိုင်းကတော့ အဲဒီဒုက္ခသည်စခန်းတွေ အပြီးပိတ်သိမ်းမယ့် ၂၀၂၃ ဧပြီလကျမှပဲ ရုံးချုပ်ရဲ့ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်ရမှာလို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ သိန္နီ၊ နမ့်ခမ်း၊ မန့်ဝိန်းကြီး စတဲ့ မြို့နယ်တွေမှာ KIA၊ TNLA၊ MNDAA၊ SSPP၊ RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင် မျိုးစုံနဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်ကျော် တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် စစ်ဘေး ဒုက္ခသည် စခန်း ၃၀ မှာ လူဦးရေ သုံးသောင်း လောက် ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။