ဆားဘီးယားနဲ့ မြန်မာ နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး


2019.09.19
serbian-622.JPG တပ်မတော်ကာကွယ်ရေး ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး Aleksandar Vulin တို့ ၂၀၁၉ စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အရှေ့တောင် ဥရောပနိုင်ငံ ဆားဘီးယားစစ်တပ်နဲ့ မြန်မာတပ်မတော်တို့ကြား ရေးထိုးထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို နှစ်နိုင်ငံအကောင်အထည်ဖော်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး  အလက်ဇန်းဒါး ပူလင် Aleksandar Vulin တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် တပ်မတော်ပိုင်မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်သစ်များရှာဖွေရေးနဲ့ စစ်ဘက်နည်းပညာ၊ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကိစ္စတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ့တပ်မတော်နဲ့ ဆားဘီးယားတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်လက်တွေကို RFA က တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဆားဘီးယားခရီးစဉ်ဟာ ၂၀၁၅ ခုနှစ်တုန်းက တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရေးထိုးခဲ့တဲ့ စာချုပ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ဆိုပါတယ်။ ကာကွယ်ရေး ဆိုင်ရာ စာချုပ်မှာ လက်နယ်အရောင်းဝယ်ကိစ္စ ပါဝင်ခြင်း ရှိ၊ မရှိမေးမြန်းတဲ့အခါမှာ သူ့အနေနဲ့ မသိရှိဘူး လို့ပြောပါတယ်။ လက်နက်ရောင်းဝယ်ခြင်းထက်၊ နှစ်နိုင်ငံလည်ပတ်ခြင်းအစီစဉ်တွေ၊ ယဉ်ကျေးမှုဖလှယ် တာတွေလည်း တပ်မတော်ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာ အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ တုန်းက ဆာဘီးယားနိုင်ငံကို သွားရောက်ခဲ့ပြီးတော့ ဆာဘီးယားနဲ့ မြန်မာ တပ်မတော်နှစ်ခုကြား ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ရေး သဘောတူညီမှု စာချုပ်တစ်ခု ရေးထိုးခဲ့တယ်လို့ ဆားဘီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး  Bratislav Gasic  တို့ ၂၀၁၅ မေ ၁၁ ရက်နေ့က တွေ့ဆုံခဲ့စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး Bratislav Gasic တို့ ၂၀၁၅ မေ ၁၁ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: www.mod.gov.rs

စစ်ဖက်ဆိုင်ရာသတင်းတွေ အဓိကဖော်ပြလေ့ရှိတဲ့ Janes ဝက်ဆိုက်က ဆာဘီးယားရဲ့ ၁၀၅ မမ ဟောင်ဝှစ်ဇာ အမြောက်တွေကို ၃၃ ကာဘီလိုင်ပြောင်းဝနဲ့ အဆင့်မြှင့်တင်ပြီးတော့ ပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း ၂၀၁၉ ဂျူလိုင်လတုန်းက ရေးသားထားပါတယ်။ အသွင်သစ်နဲ့ထုတ်လုပ်တဲ့ ၁၀၅ မမ ဟောင်ဝှစ်ဇာဟာ  အမြှောက်တပ်ရင်း နှစ်ရင်းစာအတွက် ရည်ရွယ်ပြီးတော့ တပ်ရင်းတစ်ခုမှာအနည်းဆုံး အမြောက် ၁၈ ခု ပါရှိမယ်လို့ဖော်ပြထားပါတယ်။ ဒီလက်နက်တွေကို ဘယ်နိုင်ငံကမှာယူလဲ မသိရသေးပါ။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းကို မြန်မာစစ်အစိုးရက ရိုက်နှက်ဖြိုခွင်းတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ AI က ကုလလုံခြုံရေးကောင်စီမှာ ဆားဘီးယားနိုင်ငံက မြန်မာကို လက်နက်ရောင်းချနေတာတွေ ရပ်တန့်ဖို့ ကန့်ကွက်ခဲ့ဖူးပါတယ်။ ဆားဘီးယားကာကွယ်ရေးဝန်ကြီးဌာနက မြန်မာကို M21A အကြီးစားစက်သေနတ်တွေ၊ ၁၀၅ မမ၊ ၁၅၅ မမ ဟောင်ဝှစ်ဇာ အမြောက်တွေရောင်းချတာ မှန်ကန်ကြောင်း ဆာဘီးယားသတင်းစာ Blinknight media ကို ပြောဆိုထားပါတယ်။

အရှေ့တောင်ဥရောပ တစ်နိုင်ငံဖြစ်တဲ့ ဆားဘီးယားဟာ ကုလအထွေထွေညီလာခံ (UNGA) အဖွဲ့ဝင်နိုင်ငံဖြစ် ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီမှာ ကိုဆိုဗိုဟာ ဆာဘီးယားကနေ ခွဲထွက်ခြင်းခံလိုက်ရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုဆိုဗိုကို နိုင်ငံအဖြစ် အသိမှတ်ပြုလက်ခံကြပါတယ်။

ဆာဘီးယားကနေ ကိုဆိုဗိုခွဲထွက်ရေးမှာ မြန်မာက ဆာဘီးယားဘက်ကနေ ရပ်တည်ပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း ဆာဘီးယားသံအမတ် နီကိုလင်က ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို ၂၀၁၅ တုန်းက ပြောဆိုခဲ့ဖူး ပါတယ်။ ၁၉၅၀ ကာလတုန်းက မြန်မာ့တပ်မတော်ဟာ တစ်ယောက်မောင်း အပေါ့စားလေ့ကျင့်ရေးလေယာဉ် J1, J2 အမျိုးအစားတွေနဲ့ နှစ်ယောက်မောင်း G-4 တိုက်လေယာဉ်အမျိုးအစားကို ဆာဘီးယားကနေ ဝယ်ယူခဲ့ဖူးပါတယ်။

ဆာဘီးယားစစ်လက်နက်တွေဟာ မြန်မာ့တပ်မတော်ရဲ့ အဓိက လက်နက်ပံ့ပိုးတဲ့ နိုင်ငံတစ်ခုမဟုတ်ပါဘူး။ မြန်မာဟာ ရုရှားနဲ့ တရုတ်နိုင်ငံထုတ် စစ်လက်နက်ကိုသာ အဓိကထား ဝယ်ယူအသုံးပြုခဲ့တာရှိပါတယ်။ လတ်တလောနှစ်တွေမှာတော့ အိန္ဒိယနဲ့လည်း ဆက်ဆံရေးတိုမြှင့်တဲ့အနေနဲ့  ရေပြင်စစ်ဆင်ရေးတော်ပီဒိုနဲ့ ရေငုပ်သင်္ဘောအဟောင်းတစ်စီး ဝယ်ယူခဲ့ တာရှိပါတယ်။

မြန်မာ့တပ်မတော်ဟာ ၂၀၁၇ ရခိုင်မြောက်ပိုင်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ရိုဧင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ် မှုတွေကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂအချက်လက်ရှာဖွေရေးကော်မရှင် FFM က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပ ခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ တင်ပြလိုက်ပြီးတော့ နိုင်ငံတကာခုံရုံးတင်စစ်ဆေးဖို့ ကုလလုံခြုံရေးကောင်စီ ကို တင်ပြတောင်းဆိုထားတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဥရောပသမဂ္ဂကနဲ့ အမေရိကန်က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခြင်း ပိတ်ပင်ထားပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။