အမေရိကန်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ICJ နဲ့ပူးပေါင်းဖို့ တိုက်တွန်း
The Hague သည်ဟိဂ် တရားရုံးမှာ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နှုတ်ဖြင့် လျှောက်လဲချက်ပေးဖို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICJ နဲ့အပြည့်အဝပူးပေါင်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
-
ဖြူဖြူခိုင်
2019-12-12 -
-
-
Your browser doesn’t support HTML5 audio
The Hague သည်ဟိဂ် တရားရုံးမှာ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နှုတ်ဖြင့် လျှောက်လဲချက်ပေးဖို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICJ နဲ့အပြည့်အဝပူးပေါင်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
ကမ္ဘာ့တရားရုံး ICJ မှာ ရိုဟင်ဂျာတွေကို တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုခံထားရတဲ့အမှုကို ဖြေရှင်းဖို့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အထက်လွှတ်တော်အမတ်က ICJ နဲ့ ပူးပေါင်းဖို့ တိုက်တွန်း လိုက်ပါတယ်။ အဲလိုမှမဟုတ်ဘဲ တပ်မတော်ဘက်က ရပ်တည်ကာကွယ်ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အမေရိကန်လွှတ်တော်အသိုင်းအဝိုင်းမှာ ကျဆင်းလာမယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုအတွက် ကြားနာမှုကို ၁၀ ရက်နေ့က စတင်ခဲ့ပါတယ်။ ဒီနေ့ဆိုရင် သုံးရက်မြောက်ရှိလာပြီးတော့ အပြီးသတ် နှုတ်ဖြင့် အပြန်အလှန်လျှောက်လဲချက်ကို ဒီကနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲဝန်းကျင်အထိ ကြားနာမှာဖြစ်ပါတယ်။
၁၁ရက်နေ့တုန်းက ကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်ကျူးလွန်တာမရှိဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းမှာဖြစ်ပွားတဲ့ပြသနာဟာ ၂၀၁၇ ခုနှစ် အာဆာအကြမ်းဖက် ARSA က ရဲစခန်း တွေကို တိုက်ခိုက်မှုက စတင်ခဲ့တာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်းချက်တွေထဲမှာ မမှန်ကန်၊ မတိကျတဲ့ အချက်အလက်တွေ ပါဝင်နေပြီးတော့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးကို အဓိပ္ပာယ် လွဲမှားစွာ ဖွင့်ဆိုနေကြတယ်လို့လည်း တုံ့ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုသွားတာတွေဟာ တပ်မတော်နဲ့ အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့တဲ့ လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တာတွေကို ပြန်မဖြေရှင်းနိုင်ခဲ့တာ အားနည်း ချက်ဖြစ်တယ်လို့ လူ့ဘောင်သစ်လူငယ်အဖွဲ့က ကိုဇင်လင်းက ပြောပါတယ်။
“တပ်မတော်နဲ့အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့တဲ့ လူနည်းစု လူမျိူးစုအပေါ် အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဂျီနိုဆိုက်ကို ဖုံးကွယ်လို့ မရနိုင်ပါဘူး။ ရှေ့ကဖြစ်ခဲ့တဲ့ ၂၀၁၂ အဓိကရုန်းကြောင့်ဖြစ်ခဲ့တာတွေကို ၊ ပဋိပက္ခမှာ မြေဇာပင်ဖြစ်ခဲ့ရသူတွေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ လူနည်းစုတွေရဲ့ ဖြစ်ပျက်ခဲ့တာတွေ အကုန်ုလုံးကို ဘာမှပြန်မဖြေရှင်းနိုင်တာက အရမ်းအားနည်းချက်ဖြစ်တယ်။ တဖက်ကလည်း လက်ခံဖို့ဆိုရင် ဒါကိုအများကြီးပြောစရာအချက်တွေရှိနေတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ်လာမယ့်ဖိအားတွေကို ကြောက်နေမှာမဟုတ်ဘဲ အရေးပေါ်အခြေ အနေမှာ တိုင်းပြည်ကို ကာကွယ်နေတာဖြစ်ပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အင်အားအလွန်အကျွံ သုံးစွဲမှုတို့ကို အရေးယူမှုတွေလုပ်ဖို့လည်း ထည့်သွင်းပြောသွားခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။
“ဂျီနိုဆိုက် မမြောက်ဘူးလို့ ယုံကြည်တဲ့အတွက် သူ့အနေနဲ့ တပ်မတော်ကို ကာကွယ်နေတာ မဟုတ်ဘူး။ တပ်မတော် တာဝန်ယူသင့်တဲ့အပိုင်းကိုလည်း သူပြောနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ထက်စာရင် မြန်မာနိုင်ငံရဲ့ရှေ့နေ သုံးယောက်က အပိုင်းလိုက်တာဝန်ယူသွားတဲ့အခါမှာ ဂမ်ဘီယာရဲ့စွပ်စွဲချက်တွေကို ချေပနိုင်ခဲ့တယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အမေရိကန်လွှတ်တော်အမတ် ရှစ်ဦးပေးပို့တဲ့စာဟာ အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေရဲ့ သဘောထား မဟုတ်ဘူးလို့ယူဆပြီး တပ်မတော်က ကျူးလွန်တာတွေကို ကာကွယ်တာမျိုး မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေး နိုင်ငံရေး ပြဿနာများနဲ့ အများကြီး ရင်ဆိုင်ဖြေရှင်းနေရတဲ့နိုင်ငံပါ။ ဒီလိုနိုင်ငံကို မိမိတို့ သုံးသပ်တဲ့အတိုင်း လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပြောတာကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းပြသွားတဲ့ မြန်မာ့သမိုင်းမှာ တပ်မတော်က အမှန်တကယ် ကျူးလွန်ရဲ့သားနဲ့ ဖုံးကွယ်ထားတယ်။ ကာကွယ်နေတယ်ဆိုတဲ့ အထောက်အထားလုံးဝမပါပါဘူး"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေနဲ့ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက ဖွဲ့ပေးထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ရေးအဖွဲ့ IIMM ကို သွားလာခွင့်ပြုသင့် တယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။ အမျိုးသားရေး စိတ်ဓါတ် မြင့်တက်မှုနဲ့တပ်မတော်ရဲ့ ရာဇဝတ် ကျူးလွန်မှုတွေကို ကာကွယ်ပေးတဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ တသားတည်းရပ်တည်နေသူ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်ကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမေရိကန်လွှတ်တော်အမတ်တွေအနေ နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့ အဲဒီလို မလုပ်ဆောင်ခဲ့ဘူး ဆိုရင်လည်း အမေရိကန်သံတမန်ရေးကို အသုံးပြုပြီး တပ်မတော်က တာဝန်ယူမှုရှိရေးကို ဆက်လက်ဆောင် ရွက်မယ်လို့လည်း ရေးသားထားပါတယ်။
အထက်လွှတ်တော်အမတ် ရှစ်ယောက်က မာရှာ ဘလက်ခ်ဘန်း၊ တော့ဒါ ယန်း၊ ဘရိန်း ချက်စ်၊ ခရစ် ဗန် ဟိုလင်၊ ရစ်ချက် ဒါဘင်၊ တင်မီ ဘဲလ်ဝင်း၊ ဂျက်ဖရီ မာကလေ၊ ရောတ် ကေစီ တို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်လေးဦးကို နာမည်ပျက် စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါတယ်။