ဒုတိယအကြိမ် ပင်လုံညီလာခံသို့ အဖွဲ့စုံ တက်ရောက်နိုင်ရေး စိန်ခေါ်မှုများ
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တာနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးထားတဲ့ ရခိုင်နဲ့ ချင်း လက်နက်ကိုင်အဖွဲ့တွေက အခုလကုန်မှာကျင်းပဖို့ စီစဉ်နေတဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို တက်ရောက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောဆိုပါတယ်။
-
2017-02-10 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တာနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရခိုင်နဲ့ ချင်း လက်နက်ကိုင်အဖွဲ့တွေက အခုလကုန်မှာကျင်းပဖို့ စီစဉ်နေတဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို တက်ရောက်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောဆိုပါတယ်။ အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲက ဆုံးဖြတ်ချက်မရှိဘဲ ညီလာခံမှာ တင်ပြစရာမရှိဘူးလို့ ပြောဆိုနေကြပါတယ်။ အခုလကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်လက် တင်ပြပါမယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ရှိတဲ့အနက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို ဆွေးနွေးနိုင်ခဲ့တဲ့အဖွဲ့က ၆ ဖွဲ့ပဲ ရှိနေပါတယ်။ အဓိက ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဘက်က အဖွဲ့တွေဖြစ်ကြပါတယ်။ တကယ်က ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ပင်လုံညီလာခံမှာ တိုင်းရင်းသားကိုယ်စားပြု အဖွဲ့တွေအနေနဲ့ တိုင်းရင်းသားတစ်မျိုးချင်းအလိုက် ဆက်လက်ကျင်းပမယ့် ၂၁ ပင်လုံညီလာခံမှာ တင်ပြစရာရှိ တာတွေကို ဆက်တင်ပြမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က ALP ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း ပြောတာက
“ရခိုင်တစ်မျိုးသားလုံးရဲ့အရေးကို ဆွေးနွေးတဲ့အခါမှာ ရခိုင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကိုလွှမ်းခြုံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ကျမတို့မှာ လိုပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဖြစ်အောင် လုပ်ရမှာပါ၊ ရခိုင်ပြည်ကို ရခိုင်ပြည်သူလူထုတွေအတွက် တည်ဆောက်မှာ အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒဟာ ကျမတို့အတွက် အရေးကြီးပါတယ်။ အဲဒါကြောင့်မို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်“
တကယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေပါတဲ့ ဦးဆောင်ကော်မတီကို ဖွဲ့ရမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းနိုင်ဖို့ ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲအတွက် ဦးဆောင်ကော်မတီများကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိပါဘူး CNF ချင်းအမျိုးသားတပ်ဦးက ဒေါက်တာရွှေခါး ပြောတာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအခြေအနေအရလို့ ပြောတယ်၊ ဘယ်လိုနိုင်ငံရေးအခြေအနေလဲလို့မေးတော့ ချင်းက တောင် နဲ့ မြောက်ရှိတာ၊ ပြီးတော့ CNF တီးတိန်မှာ ဆက်ဆံရေးရုံးသွားဖွင့်တုန်းက လုူထုတွေက ကန့်ကွက်တာတွေ ရှိတာဆိုတော့ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကိစ္စနဲ့ လုံးဝမဆိုင်တဲ့ ကိစ္စတွေကို သူက လာထုတ်ပြတာ၊ ကျနော်ကတော့ ဒေါသတော်တော်ထွက်တာပေါ့၊ ဥပမာ လုံခြုံရေးမကောင်းဘူးဆိုရင် ပြောပြပေါ့။ နောက် ဥပမာ အချိန်ကမရှိတော့ဘူးဆိုရင်လည်း ရပါတယ်၊ ပြီးတော့ ငွေရေးကြေးရေး အဆင်မပြေဘူး ဆိုလို့ရှိရင်လည်း ကျနော်တို့ မရှာနိုင်လို့ မလုပ်နိုင်ဘူးပေါ့။ ကျနော်တို့ခုဟာက နိုဝင်ဘာလကတည်းက စပြီးပြင်ဆင်ထားတာ အစိုးရဘက်က မီးစိမ်းပြမယ်ဆို လုပ်မယ်ဆိုရင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ချင်းပြည်နယ်အစိုးရနဲ့လည်း သွားညှိပြီးပြီဆိုတော့ မယ်မယ်ရရ လက်ခံနိုင်တဲ့ အကြောင်းပြချက်က တစ်ခုမှမရှိဘူးဖြစ်နေတယ်“
ဒေါက်တာရွှေခါး ပြောသွားတာပါ။ ဒီအခြေအနေများအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင် တာကြောင့် ဆွေးနွေးပွဲကရရှိလာတဲ့ အဖြေမရှိဘဲ ညီလာခံမှာ ဘာတွေတင်ပြရမှာလည်းလို့ မေးခွန်းထုတ်ထား ပါတယ်။ ဒါကြောင့် ၂၁ ပင်လုံညီလာခံကိုတက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာအတွက် ရခိုင်နဲ့ ချင်း အဖွဲ့နှစ်ဖွဲ့စလုံး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးကနေ အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့တွေကိုပါ အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးနိုင်ငံလင်းပြောတာက
“NCA လက်မှတ်ထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထူးဖိတ်ကြားတဲ့ ဧည့်သည်အနေနဲ့ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။ အဲဒီအထဲကမှ ဘယ်သူတွေကို ဖိတ်ကြားမယ်ဆိုတာ ကျနော်မသိပါဘူး၊ ကျနော်တို့ကတော့ လက်မှတ်အမြန်ထိုးစေချင်တယ်၊ လက်မှတ်အမြန်ထိုးလို့ရှိရင် အမြန်ဆွေးနွေးခွင့်ရမယ်။ အားလုံးက ဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ်ဆိုရင် အခြေခံဥပဒေလည်း အမြန်ဆုံးပြင်ဆင်ဖို့ အခွင့်အလမ်းရမှာဖြစ်ပါတယ်“
ဦးနိုင်ငံလင်းပြောပြတာပါ။ အရင်က အဲဒီအဖွဲ့တွေကို လေ့လာသူအဖြစ်တက်ရောက် ခွင့်ပြုမယ်လို့ပြောဆိုထားပြီး အခုတစ်ခါ အဆင့်တက်ပြီး အထူးဧည့်သည်လို့ ဆိုလာတာဖြစ်ပါတယ်။ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာ ပြောတာ ကတော့
“ဧည်သည်ဆိုရင် သဘောကတော့ ပြောခွင့်ဆိုခွင့် ဆုံးဖြတ်ပိုင်ခွင့် ဘာမှမရှိတဲ့သဘောလား၊ ဒါလည်း မသေချာသေးဘူးလေ ကျနော်တို့ကတော့ သူတို့ဘယ်လိုနည်းနဲ့ ဖိတ်ကြားမလဲဆိုတာ မသေချာသေးတော့ ကျနော်တို့ကတော့ အမြင်သဘောထားပေးဖို့ မလွယ်သေးဘူးပေါ့“
UNFC ရဲ့ ဆုံးဖြတ်ချက်ကတော့ အစည်းအဝေးတက်ရောက်ပြီး တင်ပြခွင့်၊ ဆုံးဖြတ်ခွင့်မရှိခဲ့ရင် အစည်းအဝေးကို မတက်ဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်ဘက်က အလွတ်သဘောပြောဆိုတာက အထူးဧည့်သည်အဖြစ် ညီလာခံကို တက်ရောက်ခွင့်မှာ တင်ပြခွင့်တွေ ရရှိမှာဖြစ်ပေမယ့် ကန့်သတ်ချက်တချို့တော့ ရှိနေမြဲဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီအခြေအနေအရ UNFC အဖွဲ့အနေနဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်နိုင်ဖို့ အခြေအနေဝေးသွားသလို ဖြစ်ပါတယ်။ CNF အဖွဲ့က ဒေါက်တာရွှေခါး ပြောတာကတော့
“အခု ကျနော်ကြားထားတာက သူတို့ကိုအထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်ပေါ့၊ ပြီးတော့ ဆုံးဖြတ်ချက် ချတာတို့၊ ဆွေးနွေးတာတို့ကတော့ အခုခက်နေတဲ့ဟာက National dialogue လုပ်တဲ့ ဒေသ ကိုယ်စားလှယ်တွေကပဲ ဆွေးနွေးခွင့်ရမှာကို။ ဘာဖြစ်လို့ဆိုတော့ အဲဒီကနေ တက်လာတဲ့ အုပ်စုဖြစ်တာ ကိုနော့။ ဆိုတော့ အဲသလိုလုပ်လိုက်ရင် သွားတက်တဲ့သူ ဥပမာ UNFC သွားတက်လည်း ဘာမှပြောလို့ရမှာ မဟုတ်ဘူး။ အဲဒီတော့ အရင်လိုမျိုး စုံစုံလင်လင်တော့ရှိမှာမဟုတ်ဘူး “
ဒေါက်တာရွှေခါး ပြောသွားတာပါ။ ညီလာခံမှာ လူစုံစုံလင်လင်မြင်ရမှာမဟုတ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကော်မတီဝင်တွေရဲ့ အဆိုအရကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့သလို စောလုပ်ရလို့ ဂုဏ်ရှိတယ်၊ နောက်ကျလုပ်ရလို့ ဂုဏ်နိမ့်တယ်ဆိုတာ မရှိပါဘူးဆိုတဲ့ စကားကို ကိုးကားပြီး ညီလာခံကတော့ ၆ လတစ်ကြိမ် ပြုလုပ်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးမူဘောင် မဆွေးနွေးဖြစ် သူတွေအနေနဲ့ ဒုတိယအကြိမ် ညီလာခံအပြီးမှ ဆက်လုပ်လို့ရနိုင်တယ်လို့ ပြောဆိုနေပါတယ်။ ခက်တာက ဖြစ် ပွားနေတဲ့တိုက်ပွဲတွေ မရပ်တန့်နိုင်သေးတဲ့ အခြေအနေပါ။
သောတရှင်များခင်ဗျား ကာတွန်းဆရာ ထင်လင်းကျော် ရေးထားတဲ့ကာတွန်းတစ်ပုဒ်မှာတော့ ကျေးလက်ဒေသ ခံတစ်ဦးက ခေါင်းပေါင်းနဲ့ လူကြီးလူကောင်းတစ်ယောက်ကို ညှိုးညှိုးငယ်ငယ်နဲ့ ပြောနေတာက “ဆရာတို့က မူဘောင်တွေ ညှိနေတုန်း ရွာမှာတော့ လူမရှိတော့ဘူး ကယ်ဆယ်ရေးစခန်းရောက်ကုန်ပြီ“ လို့ ပြောရမ လိုဖြစ်နေကြောင်းပါ။