ဆားဈေးကွက်ကို ပြန်လည်ထူထောင်နိုင်ဖို့ ဆားတောင်သူတွေ ကြိုးပမ်းနေ
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆားတွေဟာ အရင်က ဘင်္ဂလားဒေ့ရ်ှဈေးကွက်မှာ အခိုင်အမာနေရာ ရရှိခဲ့ ပေမယ့် အခုအချိန်မှာ ရခိုင်နေလှန်းဆားဈေးကွက်ပျောက်ကွယ်ခဲ့တာ အချိန် ၃ နှစ်လောက်အထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဆားဈေးကွက်ကို ပြန်လည်ထူထောင်နိုင်ဖို့ ဆားတောင်သူတွေ ကြိုးပမ်းနေကြပါတယ်။
-
2014-12-20 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆားတွေဟာ အရင်က ဘင်္ဂလားဒေ့ရ်ှဈေးကွက်မှာ အခိုင်အမာနေရာ ရရှိခဲ့ပေမယ့် အခုအချိန်မှာ ရခိုင်နေလှန်းဆားဈေးကွက် ပျောက်ကွယ်ခဲ့တာအချိန် ၃ နှစ်လောက်အထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဆားဈေးကွက်ကို ပြန်လည်ထူထောင်နိုင်ဖို့ ဆားတောင်သူတွေ ကြိုးပမ်းနေကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းခြေဒေသတစ်ခုဖြစ်တဲ့အတွက် တစ်နှစ်ကို ဆားတန်ချိန် ၂ သိန်း ကျော်အထိ ထွက်ရှိတဲ့ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းကနေထွက်ရှိတဲ့ဆားတွေကို အရင်က တစ်ဘက် ဘင်္ဂလားဒေ့ရ်ှ ဈေးကွက် ကို အဓိကထား ရောင်းချခဲ့ ကြရတာလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံအနေနဲ့ အရည်အသွေးနိမ့်ပေမယ့် ရခိုင်ပြည်နယ်က ဆားကိုသာ တစိုက်မတ်မတ် ဝယ်ယူ တင်သွင်းခဲ့ကြပြီး ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်ကစတင်ကာ အရည်အသွေးမြင့် ဆားတွေကို ပြောင်းလဲ တင်သွင်းဖို့ ကြိုးစားလာခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က နေလှန်းဆားလုပ်ကိုင်သူတွေအနဲ့ နည်းပညာပိုင်းမှာ အားနည်းတာကြောင့် အရည် အသွေးမြင့် ဆားတွေကိုထုတ်လုပ်နိုင်ခြင်းမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံ ကနေထွက်ရှိတဲ့ ဆားတွေ ကို ပြောင်းလဲတင်သွင်းခဲ့ကြတာကြောင့် ရခိုင်ပြည်နယ်က ဆားလုပ်ငန်း တွေဟာ ၂၀၁၀ ခုနှစ်လောက်က စတင်ပြီး ကျဆင်းခဲ့တာဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ ကျေးလက်နေဒေသခံအများစုမှာ အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရင်ဆိုင်လာ ခဲ့ကြရပါတယ်။
အခုအချိန်မှာ ဆားကိုဒေသတွင်းစားသုံးဖို့အတွက်လောက်ဟာ ထုတ်လုပ်ရပြီး စီးပွားဖြစ်လုပ်ကိုင် နိုင်ခြင်း မရှိတော့ဘူးလို့ ဆားတောင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်သိန်းလှကပြောပါတယ်။
ဦးမောင်သိန်းလှ။ ။အရင်ကဆိုရင် ဟိုဘက်ကိုပို့ရတဲ့အခါကျတော့ ဈေးတွေက အမြဲနည်းသည့် တိုင်အောင် အမြဲအရောင်းအဝယ်ကဖြစ်နေတော့ အလုပ်ဖြစ်နေတာပေါ့၊ အခုဆိုရင်တော့ အရောင်းအဝယ် လည်းမဖြစ်ဘူး၊ အလုပ်လည်းမဖြစ်ဘူး၊ အဲ့ဒါကြောင့် ဆားကွင်းလုပ်ငန်းတွေကို အကုန်လုံးရပ်ထားရတယ်၊ စစ်တွေမြို့ပေါ်မှာ ဆားကွင်းတွေကျင်း ၁ဝ ကျော်လောက်ရှိတာထဲမှာ အခုလောလောဆယ်ကတော့ ၄ ဧက၊ ၅ဧကလောက်ပဲ တစ်ကွင်းပဲ အလုပ်လုပ်တဲ့လူရှိတယ်၊ နောက်ထပ်လူတွေကတော့ အကုန်လုံးရပ်ထားလိုက်ပြီ။
ဆားအရည်အသွေးကျဆင်းတာအပြင် ဝယ်လိုအားမရှိတာကြောင့် လုပ်ငန်းပိုင်းမှာ ငွေကြေးအင်အား သုံးစွဲနိုင်မှုအားနည်းတာကလည်း ရခိုင်ဆားလုပ်ငန်းတစ်ဖြည်းဖြည်းကျဆင်းရခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဆားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ ဆားတောင်သူတွေက အစိုးရတာဝန် ရှိသူတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း အစိုးရအနေနဲ့ ဆားတောင်သူ တွေရဲ့ဆန္ဒကို လိုက်လျောပေးခြင်းမရှိခဲ့ဘူးလို့လည်းပြောကြပါတယ်။
ဒါ့အပြင် ရခိုင်ဆားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရက ဝိုင်းဝန်းကူညီဖြေရှင်း ပေးဖို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး မနေ့ကနေ့စွဲနဲ့ ရခိုင်ပြည်နယ် ဝန် ကြီးချုပ် ဦးမောင်မောင်အုန်းကို စာပေးပို့ထားတယ်လို့လည်း သိရှိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဆားတောင်သူတွေရဲ့ အခက်အခဲကိုဖြေရှင်းနိုင်ဖို့ အစိုးရက မူဝါဒတစ်ခုချ မှတ်ပြီး အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်းများအသင်း ဥက္ကဌ ဦးလှစောအောင် ကပြောပါတယ်။
ဦးလှစောအောင်။ ။အဓိကအကျဆုံးကတော့ ဆားတောင်သူတွေဆီက အရည်အသွေးကောင်းကောင်း နဲ့ ကွာလတီမှီထုတ်ပေးလာလို့ရှိရင် အဲ့ဒီဆားကို ကုမ္ပဏီဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ် တစ်ခုခုကဝယ် ပြီးတော့ လှောင်ပေးပြီးတော့ သူများနိုင်ငံကို ရောင်းပေးနိုင်လို့ရှိရင်တော့ တော်တော်လေး အဆင်ချောသွားမှာပါ ၊ နောက်တစ်နည်းက ဘာရှိလဲဆိုတော့ ကျနော်တို့ ထွက်လာတဲ့ဆားတွေကို စက်မှုသုံးကုန်ကြမ်းအဖြစ် သုံးစွဲနိုင် လို့ရှိရင်တော့ အဲ့ဒီဆားတွေရဲ့ အခက်အခဲကို ပြောင်းလဲနိုင်ပါလိမ့်မယ်။
ရခိုင်ပြည်နယ်အတွင်း နေလှန်းဆားတွေကို ကော့စတစ်ဆော်ဒါနဲ့ အခြားစက်မှုသုံးကုန်ကြမ်းအဖြစ် ပြောင်း လဲနိုင်မယ်ဆိုရင် ဆားတောင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့အပြင် ရခိုင်ပြည်နယ် အတွင်း အလုပ်လက်မဲ့ပြဿနာတွေကိုလည်း တစ်ဘက်တစ်လမ်းက ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ လည်း သူကဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဆားတောင်သူတွေဟာ တစ်ပိုင်တစ်နိုင်အဖြစ်နဲ့သာ အများဆုံးလုပ်ကိုင်ကြရ တာဖြစ်တာကြောင့် အခုလက်ရှိအခြေအနေအတိုင်းသာရှေ့ဆက်သွားမယ်ဆိုရင် ရခိုင်ဆားလုပ် ငန်းဟာ တိမ်ကောလာနိုင်တယ်လို့လည်း ဆားတောင်သူတွေက ပြောကြပါတယ်။
အစိုးရအနေနဲ့ ရခိုင်ဆားဈေးကွက် မြင့်တင်ရေးအတွက် နိုင်ငံခြားကုမ္ပတွေ ဝင်ရောက်လုပ်ကိုင် နိုင်အောင် ဆောင် ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း စစ်တွေမြို့က ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းဝင်းကပြောပါတယ်။
ဦးသန်းဝင်း။ ။တစ်ချို့တာဝန်ရှိတဲ့လူတွေက ဒီလုပ်ငန်းကိုရပ်လိုက်ပြီးတော့ နိုင်ငံခြားက ဆားကိုဝယ် စားပါလို့ပြောပါတယ်၊ နိုင်ငံခြားကဆားတစ်ပိဿာကို ၆ဝဝ ဈေးနှုန်းရှိပါတယ်၊ ကျနော်တို့မြန်မာနိုင်ငံထွက် ဆားတစ်ပိဿာမှ ၆ဝ အကြမ်းပေါ့နော်၊ အချောဆိုရင် ၁ဝဝ ပဲရှိတယ်၊ ကျနော်တို့ မြို့နယ်တစ်ခုမှာ ရွာတစ်ခုမှာ ကုန်ထုတ်လုပ်မှုတစ်ခုရှိရင် မကောင်ဘူးလား၊ ကျနော်တို့လူဦးရေသန်း ၆ဝ ကျော်ကို လူတစ်ဦးနှုန်းစားတဲ့နှုန်းနဲ့ ကျနော်တို့ ငွေနဲ့တွက်လိုက်ရင် ကျနော်တို့ ဒီငွေတွေ ကျနော်တို့နိုင်ငံအပြင် ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က ဆားအရည်အသွေးကိုမြင့်တင်နိုင်ဖို့အတွက် အခုနှစ်ကစတင်ပြီး ဘင်္ဂလား ဒေ့ရ်ှနိုင်ငံနည်းပညာနဲ့ တစ်နိုင်တစ်ပိုင် စမ်းသပ်လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဆားကို စစ်တွေမြို့နယ်အပါအဝင် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံစတဲ့မြို့နယ် တွေမှာ များဆုံးလုပ်ကိုင်ကြပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း အနည်းငယ်လုပ်ကိုင်ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ နေလှန်းဆားတွေကို တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ ဈေးကွက် ကို ပြန်လည်ထိုးဖောက်ဖို့အတွက်ကတော့ အချိန်ယူကြိုးစားရဦးမှာဖြစ်တယ်လို့ ဆားတောင်သူတွေ က ပြောဆိုကြပါတယ်ခင်ဗျား။