ကိုးရက်အတွင်း ညောင်ပင်ကြီးကျေးရွာအုပ်စုက ဒေသခံ ၁၅ ဦးကျော် အသတ်ခံရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးရဲစခန်းကို ဇွန်လ ၉ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်က ရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးနေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
-
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023-06-23 -
-
-
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးရဲစခန်းကို ဇွန်လ ၉ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်က ရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးနေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"အားလုံးပေါင်း ၁၅ ဝန်းကျင်လောက်ရှိမယ်၊ ဆယ်ယောက်အုပ်စုထဲက နှစ်ယောက်အလောင်း ကောက်နိုင်ခဲ့တယ်၊ ကျန်တဲ့ဟာတွေက မကောက်နိုင်ခဲ့ဘူး၊ သူတို့လှမ်းပစ်တော့ ပြန်ဆုတ်ခဲ့ရတာ၊ တချို့အလောင်းတွေကျ မီးရှို့အစဖျောက်တာတွေရှိတယ်လို့ သိရတယ်၊ ဖြစ်စဉ်အတွင်း ဘယ်သူမှကပ်မရဘူး၊ မဲမဲမြင်ရာပစ်တာဆိုတော့ ၁၅ ယောက်ထက်လည်းများနိုင်တယ်"
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ် တာဝန်ရှိသူတစ်ဦး ပြောသွားတာပါ။
အသတ်ခံရသူ ၁၅ ယောက်ကျော်ထဲမှာ စစ်တပ်ကြောင့် ရွာကနေထွက်ပြေးနေရာကနေ ရွာထဲစားသောက်စရာနဲ့ ပစ္စည်းတချို့ပြန်ဝင်ယူတဲ့ ဒေသခံ ၁ဝ ယောက်လည်း အသတ်ခံခဲ့ရတာပါ။
ဒါ့အပြင့် စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးလည်း အသတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေအားလုံးကို မကောက်ယူနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ရွာတွေထဲအဝင်မခံဘဲ ပစ်ခတ်တာကြောင့် သေဆုံးသူအရေအတွက် အတိအကျမသိရသေးဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ညောင်ပင်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ကြားရသလောက်တော့ ဟိုနေရာမှာ နှစ်ယောက်တွေ့တယ်၊ ဒီနေရာမှာ တစ်ယောက်တွေ့တယ်၊ အဲလိုတွေကြားနေရတော့ ၁၀ ယောက်ကျော်လောက်ရှိပြီ၊ အပစ်ခံရတာတွေလည်း ရှိတယ်၊ လူမသိသူမသိ အသတ်ခံရတာတွေလည်းရှိတယ်၊ တချို့ဆိုရင် ရွာထဲမှာ ပုပ်စော်တော်တော်နံနေပြီပြောတယ်၊ ကျွန်တော်တို့က ရွာပြန်မကပ်ရသေးတော့ သေချာတော့မသိသေးဘူး"
သေဆုံးသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုလည်း မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဟာ ညောင်ပင်ကြီးကျေးရွာက ရဲစခန်းမှာအထိုင်ကျပြီး အနီးအနားကနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ဒေသခံ ၃၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီက ညောင်ပင်ကြီးရဲစခန်းကို အထိုင်စခန်း လုပ်ဖို့ ပြင်ဆင်နေတာလို့ မြောက်ယမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။
"ခုခံကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းလိုက်တဲ့ ညောင်ပင်ကြီးစခန်းကို ရန်သူစစ်ကောင်စီဘက်က ဘယ်လိုပြင်ဆင်လာတုန်းဆိုတော့ တပ်နယ်မြေပုံစံမျိုး၊ အဓိကတပ်ထိုင်ဖို့လုပ်နေတာ ရှိတယ်၊ အဲဒါကလည်း ဝမ်ပေါင်နဲ့ယန်စီ အကျိုးစီးပွားကို ကာကွယ်ချင်တဲ့သဘောနဲ့ သူတို့စစ်ရေးပရိယာယ်အရပေါ့နော် ညောင်ပင်ကြီးကျေးရွာကို တပ်ထိုင်ဖို့လုပ်နေတာရှိတယ် "
စစ်ကောင်စီဘက်က ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေရှိတယ်လို့ သတင်းကြားပေမယ့် အရေအတွက်အတိအကျကိုတော့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မသိပါဘူး။
စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်လို့ သေဆုံးရသူတွေ ရှိသလို ထွက်ပြေးနေရင်းကနေ အမောဖောက်ပြီး သေဆုံးရသူ ငါးယောက်ရှိတယ်လို့ ကိုခန့်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုက ဒေသခံ တစ်သောင်းကျော်လည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ကော င်စီတပ်တွေကြောင့် စစ်ကိုင်းတိုင်းအတွင်း လူပေါင်း ၄၄၆ ဦး သေဆုံးခဲ့ပါတယ်။