စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အိမ်မီးရှို့ခံရမှု ပိုများလာ

ကနီမြို့နယ် အုန်းပင်ဆိပ်ရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
ကနီမြို့နယ် အုန်းပင်ဆိပ်ရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်ရောက်မီးရှို့တာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းကနေ ဒီနေ့အထိ အချိန်နှစ်ပတ်အတွင်း ကျေးရွာ ၁၀ ကျော်မှာ မီးရှို့ခံရတဲ့ အိမ်နှစ်ထောင်ခန့် ရှိနေတယ်လို့လည်း နေအိမ်မီးလောင် ဆုံးရှုံးမှုတွေကို စာရင်းပြုစုနေတဲ့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ကျေးရွာတွေဟာ ဆားလင်းကြီးမြို့နယ် ကပိုင်ရွာ၊ ယင်းမာပင်မြို့နယ် ဖောင်းတကာရွာ၊ ကနီမြို့နယ် အုန်းပင်ဆိပ်၊ မယ်လဘို့မြောက်ရွာ၊ သပြေတောရွာ၊ ကသာမြို့နယ် မယ်ငိုရွာ၊ တက်တူလယ်ရွာ၊ သာယာကုန်းရွာ၊ အင်းကြီးရွာ၊ ရွှေဘိုမြို့နယ် တင့်တယ်ရွာ၊ ကျောက်မြင့်ရွာနဲ့ မြောင်မြို့နယ် မရိုးကုန်းရွာတို့ ဖြစ်တယ်လို့ ဆိုပါ တယ်။

"စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းဆိုရင်တော့ အနည်းဆုံး နေအိမ် ၂၀၀၀ ခန့်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်"

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ရွာတွေကို စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာ ပိုပြီး တွေ့လာရတယ်လို့ ဒုက္ခသည်အရေးနဲ့ နေအိမ်မီးလောင်ဆုံးရှုံးမှုတွေကို စာရင်းပြုစုနေတဲ့ ယင်းမာပင် မြို့နယ်က ကိုသက်ဦးက ပြောပါတယ်။

"စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းဆိုရင်တော့ အနည်းဆုံး နေအိမ် ၂၀၀၀ ခန့်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါ တယ်။ စစ်ရှောင်စခန်းတွေထိ စစ်ကြောင်းထိုးတာတွေ ရှိပြီးတော့ စစ်ရှောင်တဲ ကိုးလုံးပေါ့ မီးရှို့တာတွေ့တယ်။ လောလောဆယ် စစ်ကြောင်းတွေက ပုံမှန်အတိုင်းပဲ ထိုးနေကျနေရာတွေက ထိုးနေတယ်။ မီးရှို့နေကျနေရာ တွေက မီးရှို့နေတယ်။ လောလောဆယ် ထူးခြားချက်ကတော့ ခပ်စိပ်စိပ်ဖြစ်လာတာကတော့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှ ပြောလို့ရသလို ၂၀၂၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ ၁ လပိုင်း၊ ၂ လပိုင်းအထိ နေရာတော်တော် များများကို စစ်ကြောင်းထိုးတာ တွေ့တယ်။ မီးရှို့တဲ့ အရေအတွက်လည်း တွေ့လာရတယ်"

လက်နက်ကိုင် ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ စစ်ရေးပဋိပက္ခ ပြင်းထန်မှုတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ် ဖောက်ဖျက်မှုတွအပေါ် နေ့စဉ်နဲ့အမျှ ဒေသခံတွေ ရင်ဆိုင်နေကြရ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်တွေဟာ လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်းတွေကနေ စစ်ကိုင်းတိုင်းအတွင်းက ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ထိုးစစ်ဆင်နေတာကြောင့် နေအိမ်တွေ၊ ဒေသခံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီတစ်လတည်းမှာ နိုင်ငံတစ်ဝန်း မီးလောင်မှု ၁၃၈ ကြိမ်အတွင်း နေအိမ် ၄၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ မီးလောင်ပျက်စီးတဲ့ အိမ် ၄၂၇၁ လုံးရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေအိမ်မီးရှို့မှုတွေ ဆက်လက်ကျူးလွန်နေတာဟာ ပြည်သူတွေကို ကြောက်အောင်လုပ်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ မီးသတ်ဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်း က ပြောပါတယ်။

"စစ်ကိုင်းတိုင်းမှာဆိုရင် လက်ရှိ အခြေအနေက စစ်တပ်က အရင်နှစ်တွေကဆိုရင် မြေပြင်မှာ နယ်မြေ စိုးမိုးရေးရဖို့အတွက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိတယ်။ အခုနောက်ပိုင်းဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားနည်းတွေနဲ့ ဆင်နွှဲလာတော့ စစ်တပ်က ရွာတစ်ရွာကို ခြေကုပ်ယူလိုက်တယ်။ ပြီးတော့ အဲဒီရွာနဲ့ အနီးဝန်းကျင်တွေကို PDF ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကို မီးရှို့တာတွေ ရှိတယ်။ စစ်ရေးဥပဒေနဲ့ လုံးဝကို ချိုးဖောက်နေတာ။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်ပြီးတော့ ပြည်သူတွေ ကြောက်အောင် ခြိမ်းခြောက်နေတာပေါ့"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၆၉၀၁ လုံး၊ ဘာသာရေးအဆောက်အအုံ ခြောက်လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးရုံ သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ရသလို မီးရှို့သတ်ဖြတ်ခံရသူ ၁၇ ဦး ထိ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေမှာတွေ့ရတဲ့ အခြေအနေတွေအရ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုကျူးလွန်နေကြတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ ဆားလင်းကြီးမြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ထန်းရွက်တဲတို့၊ ကပ်ထရံတို့ဆိုရင်တော့ လောင်စာ အထူး ရှာစရာ မလိုဘူးပေါ့။ အသာလေး မီးရှို့ရုံပဲ၊ အဆောက်အအုံကောင်းကောင်းတွေဆိုရင်တော့ မီးရှိုတဲ့ပုံစံက အမျိုးမျိုးရှိတယ်။ တချို့တွေကျ နံရံကပ် တိုက်တွေဖြစ်တော့ အသားတိုင်တွေရှိတယ်။ အဲဒီအသားတိုင်တွေ မီးကူးအောင် လုပ်တယ်။ ယမ်းတွေ ဘာတွေနဲ့ ဖောက်ခွဲတယ်။ တချို့ကကျ တံခါးရွက်တွေက အသားတွေဖြစ်တော့ လောင်အောင် ရှို့တယ်။ တကယ်လို့ အဆောက်အအုံရှို့တာ စိတ်တိုင်းမကျဘူးဆိုရင် အိမ်ထဲမှာ လောင်စာ ကောင်းကောင်းတွေ ရှို့တယ်။ အဝတ်တို့၊ စောင်တို့၊ ခြင်ထောင်တို့ အထုပ်အပိုးတွေကိုစု ခုတင်၊ စားပွဲ၊ တန်းလျား တို့ကို စုပုံပြီး မီးမြှိုက်ပြီး ရှို့တယ်"

kathar-inngyi village.jpeg
ကသာမြို့နယ် အင်းကြီးရွာ မီးမီးရှို့ဖျက်ဆီးခံနေရသည်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

အခုနောက်ပိုင်း ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါမှာ တပ်မ၊ တပ်ရင်း အစုံက စစ်ကောင်စီ တပ်သားတွေ စစ်ကောင်စီသတင်းပေးတွေနဲ့ ပျူစောထီးလို့ ခေါ်ကြတဲ့ စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့တွေကို ပိုသုံးလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ နေအိမ်တွေဆုံးရှုံးခဲ့ကြရတဲ့ ဒေသခံတွေဟာ တောင်ယာတွေနဲ့ နီးစပ်ရာ ရွာတွေမှာပဲ ဖြစ်သလို နေထိုင်နေကြရတယ်လို့ နေအိမ်မီးရှို့ခံထားရတဲ့ တန့်ဆည်မြို့နယ် ချောင်းဆုံရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"တဲတိုက်လို့ ခေါ်တဲ့ လယ်တို့ ကုန်းတို့ ပိုင်တဲ့ သူကတော့ အဲ့လြိနေရာမျိုးမှာ တဲလေးတွေ ဆောက်ပြီး နေတယ်။ တချို့ရွာတွေက အရင်ထဲက ဆောက်ထားတာ ရှိတယ်။ စစ်ကြောင်းတွေက လာပြီဆိုရင် အဲဒီနေရာတွေက ရှောင်ရတာပဲ ပြောရရင် ရွာလိုတော့ မီးရှို့ခံရနိုင်ခြေနည်းတာပေါ့။ ဒါမှမဟုတ်ရင် မီးလောင်ပြင်မှာပဲ တဲလေး ပြန်ဆောက်ပြီး နေတာလည်း ရှိတယ်။ နောက်တစ်ခုက ရွာထဲက တခြား အဆောက်အအုံတွေပေါ့ ဘုန်းကြီး ကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုကပ်ပြီး နေကြတယ်"

စစ်ကောင်စီကတော့ နေအိမ်မီးရှို့မှုတွေကို PDF အဖွဲ့တွေကသာ ကျူးလွန်နေကြတာဖြစ်ပြီး တပ်မတော်အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်စရာအကြောင်းမရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆို ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ခရိုင်အလိုက် ထောက်ပံ့ရေး ကော်မတီဖွဲ့စည်း ထားသလို ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေပေးနေတယ်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့် ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က RFA ကို ပြောပါတယ်။

7e2f2ac7-ec14-49a5-96ce-8447e788991c.jpeg
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့အား ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

"မီးရှို့ခံရတယ်ဆိုရင် သွပ်တို့၊ သစ်တို့ ပေးတယ်။ အခုနောက်ပိုင်း မှာဆိုရင် ဘေးစီမံဌာနရှိတယ်။ အဲဒီကနေ အိမ်ထောင်စုလိုက် ပေးတဲ့ အထုပ်တွေ ရှိတယ်။ ဘေးစီမံက အဒါတွေ ပေးတယ်။ တိုင်းအစိုးရ ကနေ ဆန်၊ ဆီ၊ ဆား၊ ကြာဆံအပြင်ကို လိုအပ်တဲ့ ငွေကြေး ထောက်ပံ့မှုတွေကိုပါ ပေးပါတယ်"

ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ဒေသခံတွေကတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဒေသခံ တွေထံ ဒီထောက်ပံ့မှုတွေ ရောက်မလာဘူးလို့ ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ကတော့ စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စနစ်တကျမှတ်တမ်းတင် ထားတယ်လို့ ပြောပါတယ်။

"စစ်ရာဇဝတ်မှုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းမှာ မှတ်တမ်းတင်တဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့ ကနေ လုံလောက်တဲ့ အထောက်အထားတွေ ရအောင် လုပ်နေတယ်။ ပါတီမှာလည်း မှတ်တမ်း တင်ထား ရှိပါ တယ်။ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့ကနေလည်း ကောက်ယူနေတာ ရှိတယ်။ ကုလသမဂ္ဂကလည်း မှတ်တမ်းတင်နေတာရှိပါတယ်။ ပြည်သူ့အစိုးရ တက်လာတဲ့အခါမှာတော့ တရားမျှတမှုတွေအတွက် တိုင်တန်းဖို့ လုပ်မှာပါ"

စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့ လက်အောက်ခံ တပ်တွေရဲ့ မီးရှို့မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ နေအိမ် ၅၅,၄၈၄ လုံး ဆုံးရှုံးခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့ အိမ် ၄၃,၂၉၂ လုံးအထိ ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင် ထိထိရောက်ရောက်ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။