ပဇီကြီးရွာတိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံတကာဝေဖန်
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လက်ခံနိုင်စရာမရှိတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး HRW က Phil Robertson က ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023-04-11 -
-
-
ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့ မနက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေတာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေက ဗုံးတွေ ကြဲချခဲ့ပြီး၊ အဲဒီနောက် Mi-35 စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ လူအုပ်ထဲကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာမှာ သေဆုံးသူ ၈ဝ ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၂ဝ ကျော်ရှိတယ်လို့ လတ်တလော သတင်းတွေအရ သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူဦးရေ အခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီ ပဇီကြီးရွာဖြစ်ရပ်ဟာ အရပ်သားပြည်သူတွေကို စစ်ရေးအရ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံတွင်းကလာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲကျူးလွန်ဖို့ ဝန်မလေးတော့တာကို ပြသနေပါတယ်”
ပဇီကြီးရွာမှာ အရပ်သားအဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ရုံးခန်းဖွင့်ပွဲ ကျင်းပနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေက ရပ်ရေးရွာရေး လာရောက်တိုင်ပင်ဖို့ စုဝေးနေတာ ဖြစ်တဲ့အကြောင်း၊ ဖွင့်ပွဲကျင်းပချိန်မှာ လုံခြုံရေးအတွက် စီစဉ်မှု အားနည်းသွားတာမျိုးရှိနိုင်ပေမယ့် ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တဲ့သူတွေမှာသာ တာဝန်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး က Phil Robertson က ဘယ်လို အကြောင်းပြချက်ကြောင့် ဖြစ်ဖြစ်၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လက်ခံနိုင်စရာမရှိတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံတွင်းက လာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ မြန်မာ စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲ ကျူးလွန်ဖို့ ဝန်မလေးတော့တာကို ပြသနေပါတယ်။ ဘယ်လို အကြောင်းပြချက် အတွက်နဲ့မှ အရပ်သားပြည်သူတွေ စုဝေးနေတာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လို့ မရပါဘူး။ ဒီ လူစုထဲမှာ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေ ပါနေမယ်ဆိုရင်တောင် ဗုံးကြဲတိုက်ခိုက်လို့ မရပါဘူး။ ဒီလုပ်ရပ်ဟာ စစ်ရေးပဋိပက္ခတွေအတွင်း ဘာတွေလုပ်လို့ရတယ်၊ မရဘူးဆိုတာကို သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ Law of War ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီ ဖြစ်ရပ်ကို တိတိကျကျ စုံစမ်းစစ်ဆေးဖို့လိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လုပ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒီရွာမှာ ဘာဖြစ်သွားခဲ့သလဲဆိုတာကို နိုင်ငံတကာကနေ ဆက်ပြီးလေ့လာစုံစမ်းသွားဖို့ လိုပါတယ်”
ဝါရှင်တန်ဒီစီ အမျိုးသားစစ်တက္ကသိုလ်က ပါမောက္ခနဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ဇက်ခါရီ အဘူဇာက မြန်မာစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ဒေသခံတွေကို ရက်ရက်စက်စက် ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။
အခုဆိုရင် မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာနေပြီး၊ အသေအပျောက်လည်း ပိုများလာပေမယ့် နိုင်ငံတကာရဲ့တုံ့ပြန်မှုက အားရစရာမရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
စစ်ကောင်စီရဲ့ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ အခုအချိန်မှာ သေဆုံးသူနဲ့ဒဏ်ရာရသူ အရေအတွက်ကို အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။