ဒေသခံတွေ တင်ပြချက်အပေါ် စစ်ကိုင်းတိုင်းအစိုးရဆီက တိကျတဲ့ အဖြေမရကြောင်းပြော
2019.06.27

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ညွန်ကြားထားတာကြောင့် ဒီနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၁၀ ဦးဟာ ယင်းမာပင်ခရိုင်အတွင်းက ဒေသခံ ၃၀၀ ခန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နယ်မြေတွေ ကွင်းဆင်းတဲ့အခါ ဒေသခံတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စတွေကို တင်ပြတာတွေရှိပြီး ဒါကို ဒေါ်အောင်ဆန်းစုကြည် က သဘောမကျဘဲ ပြည်ထောင်စုအဆင့်က ဖြေရှင်းဆောင်ရွက်ဖို့လိုတဲ့ အကြောင်းအရာတွေကိုသာ တင်ပြစေလိုတာလို့ စစ်ကိုင်းတိုင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ရှင်းပြပါတယ်။
အဲဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဒေသခံတွေနဲ့ထိတွေ့ဖို့ ညွန်ကြားတာတွေရှိပြီး စစ်ကိုင်းတိုင်းအနေနဲ့ လက်ရှိ မိုးတွင်းကာလမှာ သွားလာရလွယ်ကူတဲ့ ခရိုင်တွေကို ကွင်းဆင်းဖို့ လျာထားတဲ့ အတွက် ဒီနေ့ ယင်းမာပင်ခရိုင်က ဒေသခံတွေနဲ့ ဦးစွာတွေ့ဆုံတာလို့ သိရပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ တောကျောင်းရွာမှာ နေထိုင်တဲ့ ဒေါ်စန်းနွဲ့က ဘာကြောင့် ဒေသခံတွေက မြေယာလျော်ကြေး မထုတ်ယူတာလဲ ဆိုတဲ့အကြောင်းအချက်တွေကို တင်ပြခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“အဲဒါဘာဖြစ်လို့မယူတာလဲဆိုတော့ အစားထိုးမြေဧက ၁၉၀၀ ကို ကျေးရွာအနီးမှာ ဖော်ထုတ်ပေးပါ ဆိုတာကို ယနေ့အချိန်အထိ ဖော်ဆောင်ပေးနိုင်ခြင်းမရှိဘူး။ မိုင် ၄၀ လောက်ဝေးတဲ့နေရာမှာ ဖော်ဆောင်ပေးတဲ့အတွက် ဒေသခံတွေက လုံးဝမှလက်မခံတာ အဲဒါက တစ်ချက်၊ နောက် စိုက်ပျိုးတဲ့လယ်မြေတွေကိုပါ သိမ်းဆည်းထား တဲ့အတွက် လိုအပ်တဲ့ပမာဏထက် ပိုလျံနေတဲ့အတွက် ပိုလျံနေတဲ့မြေတွေကို တောင်သူတွေကို ပြန်ပေးရမယ် ဆိုတာကို ယနေ့ထက်ထိ တောင်သူတွေကို တစ်လက်မမှ ပြန်မပေးတာက တစ်ချက် ”
ယင်းမာပင်ခရိုင်ထဲမှာ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေ ပါဝင်ပါတယ်။
လက်ပံတောင်းတောင်ဒေသခံတွေအပြင် စပယ်တောင်၊ ကြေးစင်တောင်အနီးက ဒေသခံတွေနဲ့ ယင်းမာပင် မြို့နယ်အတွင်းက လယ်ငေါက်၊ ငမောင်း၊ မြို့သစ် အစရှိတဲ့ရွာတွေက ဒေသခံတွေက သူတို့လယ်မြေတွေကို စိုက်ပျိုးမြေတွေအဖြစ် သိမ်းထားတာတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတာတွေရှိပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ၈၈ နောက်ပိုင်း မြေယာသိမ်းဆည်းမှုကိစ္စတွေကို ဖြေရှင်းဆောင်ရွက်လို့ ပြီးစီးပြီဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်ခင်ကိစ္စတွေသာရှိကြောင်းတယ်လို့ ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
လက်ပံတောင်းကိစ္စဟာ မပြေလည်ချင်သူတွေကြောင့် မပြေလည်ဘဲ ဖြစ်နေတာလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
“လက်ပံတောင်းကိစ္စနဲ့ ပတ်သက်ပြီး အမေစုလာတုန်းကလည်း မေးတာပဲ။ အစီရင်ခံစာအရ လျော်ကြေးပေး တာတို့၊ နစ်နာကြေးပေးတာတို့၊ ထောက်ပံ့ကြေးပေးတာတို့၊ အခုလျော်ကြေးမယူတဲ့ ပုဂ္ဂိုလ်တွေကို ထိုက်သင့်တဲ့ ငွေနစ်နာမှုဆိုပြီးတော့မှ ကျနော်တို့က ငွေနစ်နာမှုဆိုပြီးတော့မှ ကျနော်တို့ က ညှိနှိုင်းပြီးပေးဖို့ အမြဲတမ်းအစည်း အဝေးလုပ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေဟာ အမေစု ပြောသလိုပဲ ဒါတွေဟာ ပြေလည်ချိန်တန်ပြီ။ ဘာကြောင့်မပြေလည်တာလဲ။ မပြေလည်ချင်တဲ့ သူတွေကြောင့် မပြေလည်တာပါပဲ။ ဧက ၁၉၀၀ ကျန်တယ်၊ လျော်ကြေးယူဖို့ ညှိနှိုင်းထားတဲ့ ဧက ၁၀၀၀ လောက်က ယူချင်တယ်။ ဒါပေမဲ့ ကုမ္ပဏီကလည်း အားလုံးယူမှ ညှိလို့ရတာလေ။ တစ်ယောက်ကယူူမယ် တစ်ယောက်ကမယူဘူးဆိုရင် ဆုံးဖြတ်ချက်က ချလို့မရဘူးဖြစ်နေတယ်။ အဲဒါမို့ ကြာနေတာ။ ”
ဒီအပေါ် လက်ပံတောင်းဒေသခံ ဒေါ်စန်းနွဲ့က လျော်ကြေးငွေက နည်းတဲ့အတွက် မပြေလည်တာလို့ တုံ့ပြန်ပါတယ်။
“လျော်ကြေးငွေပေးရာမှာ အင်မတန်မှ နည်းပါးတဲ့အတွက် လက်ရှိကာလပေါက်ဈေးထက် မနည်းသောနှုန်း ထားကို ပေးလျော်ရမယ်ဆိုတာ အန်တီတို့မှာ တစ်ဧကကို ၁၈ သိန်းပဲ လျော်ထားတယ်။ အန်တီတို့ရဲ့ ခြံစည်းရိုးဘေးတွေမှာ တစ်ဧကကို သိန်း ၁၉၀ နဲ့ ဝယ်ထားတဲ့ စာချုပ်စာတမ်းတွေနဲ့ အန်တီတို့မှာ ရှိတယ်။ အဲဒါကြောင့်မို့လို လက်ရှိကာလပေါက်ဈေးမဟုတ်လို့ ကျမတို့က မြေယာလျော်ကြေးကို မထုတ်ယူတာပါ။”
ကာလပေါက်ဈေးဆိုရာမှာ မြေယာတွေသိမ်းဆည်းခဲ့စဉ်က ဈေးဖြစ်ပြီး လက်ရှိခေတ်ကာလ ပေါက်ဈေး အတိုင်းဒေသခံတွေက တောင်းဆိုနေကြတာတွေဟာ မဖြစ်နိုင်ကြောင်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လျော်ကြေးမယူရသေးတဲ့မြေတွေ လက်ရှိမှာ လျော်ကြေးယူမယ်ဆိုရင် မြေယာလျော်ကြေး၊ ထောက်ပံ့ကြေးနဲ့ နစ်နာကြေးအတွက် စုစုပေါင်း ခန့်မှန်းခြေ ၁ ဧက သိန်း ၉၀ ခန့်ရရှိနိုင်ကြောင်း ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်နဲ့ဝန်ကြီး ၁၁ ဦးလုံးက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုသာ အချိန်ယူ ရှင်းပြခဲ့ တာကြောင့် ဒေသခံတွေတင်ပြလိုတာတွေအတွက် အချိန်မရတာတွေရှိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး က ပြောပါတယ်။
“သူတို့အလုပ်လုပ်တဲ့ အကြောင်းတွေပေါ့။ ဝန်ကြီးဌာနအလိုက် ဘာတွေလုပ်တယ်။ ဘာတွေလုပ်ကြတယ် ဆိုတာတွေပြောသွားတာ။ လူထုအသံနားထောင်ချင်ရင် ဝန်ကြီးတွေ ရှေ့ကနေ ကိုယ့်အကြောင်းကို မဖော်ကြ နဲ့တော့ ပြည်သူလူထုအသံ သက်သက်နားထောင်ချင်တယ်ဆိုရင် မေးခွန်းအတိအကျ အဖြေအတိအကျ ပေးစေချင်တယ်။ ကျနော်တို့က ဒါပဲလေ။ ဝန်ကြီးချုပ်ကောဆို ၁၁ ဦး လူတိုင်းကို ပြောတာ။ အားရကျေနပ်မှု ကတော့ ဘယ်ရှိမလဲ ကိုယ်လိုချင်တဲ့ အဖြေမှ မရတဲ့ဥစ္စာ။ ”
မနက်ဖြန်မှာဆိုရင် စစ်ကိုင်းခရိုင်အတွင်းက ဒေသခံတွေနဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)