စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်ထဲက သာဇင်၊ ပေါက်မ (တောင်)၊ ပေါက်မ (မြောက်) နဲ့ ကျီကုန်း အပါအဝင် ရွာခုနစ်ရွာကို ဇွန်လ ၁၃ ရက်ကစလို့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေပါ မီးရှို့နေတာကြောင့် ရွာခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာဇင်၊ အိုင်းဓမ္မ၊ ပေါက်မ (တောင်) နဲ့ပေါက်မ (မြောက်) ရွာတွေမှာ စုစုပေါင်း နေအိမ်တစ်ထောင်နီးပါး မီးရှို့ခံရပြီး ဇွန်လ ၁၇ ရက်ဒီနေ့အထိ ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
"အခုတော့ရွာထဲမှာ တစ်ယောက်မကျန်ထွက်ပြေးရတာ"
ဒါ့အပြင် စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံခဲ့ရတဲ့ သာဇင်၊ အိုင်းဓမ္မ၊ အင်းစရွာတွေက ဒေသခံ ၂၅ ဦးလည်း ဇွန်လ ၁၇ ရက်ဒီကနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မ (တောင်) ရွာခံတစ်ဦးကတော့ ရွာထဲကို ရုတ်တရက် စစ်ကြောင်းဝင်လာပြီး နေအိမ်တွေမီးရှို့လို့ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့အုပ်စုက လေးရွာအုပ်စုရှိတယ်။ ပေါက်မ (တောင်)၊ ပေါက်မ (မြောက်)၊ ကျီကုန်း၊ မြိုင်ကုန်း ဆိုတာလေ။ အခုတော့ရွာထဲမှာ တစ်ယောက်မကျန်ထွက်ပြေးရတာ။ တချို့က ဆန်တစ်ပြည်စ၊ နှစ်ပြည်စလေးတော့ပါတယ်။ တချို့ကလည်း လုံးဝမပါဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပါ။ တောထဲမှာဆိုတာ တဲကလုံလုံလောက်လောက် မရှိဘူးလေ။ ကိုယ့်တဲကိုယ် နေကြတာဆိုတော့လေ။ ကျွန်တော်တို့ကတော့ သစ်ပင်အောက်မှာ မိုးကာလေးတွေခင်းပြီးတော့ နေကြရတယ်ခင်ဗျ”
ဇွန်လ ၁၅ ရက်နေ့က ပေါက်မ (တောင်) ရွာထဲပြန်ဝင်ကြည့်ချိန် အိမ်ခြေ ၁၈၀ နီးပါး မီးရှို့ခံထားရပြီး မီးလောင်နေတဲ့ နေအိမ်အစိတ်အပိုင်းတွေကိုပါ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၇ ရက် ဒီနေ့မနက်မှာလည်း ကျီကုန်းရွာနဲ့ ကန်တော်ရိုးရွာ မီးရှို့ခံနေရပြီး ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကတော့ ဒီဒုက္ခသည်တွေ ရက်ရှည်နေရပ် စွန့်ခွာရလာရင် စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အခက်အခဲရှိလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ဆားတောင်ထဲကဒေသခံတွေက လောလောဆယ်တော့ ရွာထဲမနေဘဲ တောတိုက်တွေ ထဲ နေကြတယ်။ မိုးမရွာလို့ သိပ်တော့အရမ်းကြီး အခက်အခဲမဖြစ်သေးဘူး။ စားရေးသောက်ရေးတော့ အခက်အခဲဖြစ်ကြတာရှိတယ်။ အဲဒါလည်း ကျွန်တော်တို့ ဖြေရှင်းပေးနေပါတယ်။ ရေရှည်ဖြစ်သွားတဲ့ စစ်ဘေးရှောင်တွေကျတော့ လုံးဝ အဆင်မပြေတော့ဘူး။ ပဒူရွာဆိုရင် တော်တော်ခက်ခဲတယ်။ ရက်ရှည်ကြီး တအား ဖြစ်သွားတယ်။ လချီသွားရင် မလွယ်တော့ဘူး။ မြို့ပေါ်လည်း မတက်ရဲကြတော့ ရွာတွေဘက်က တောတွေထဲမှာပဲ နေကြရတာ”
မြို့ပေါ်ကို စစ်ဘေးဒုက္ခသည်အဖြစ် သွားရောက်နေထိုင်ကြတဲ့အခါ စစ်ကောင်စီတပ်က ဖမ်းဆီးနေတာကြောင့် မြို့ပေါ်ကို မသွားရဲကြတော့ဘူးလို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ မီးရှို့ခံရတဲ့ရွာတွေက အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်နေပြီး ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဒီဒုက္ခသည်တွေ ပြန်နေထိုင်ကြဖို့ စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ TZ People Defense Force တာဝန်ခံ ကိုအက်စစ်ကလည်း စစ်ကောင်စီတပ်တွေဟာ ဆားတောင်မြို့နယ်ထဲမှာ အင်အားအများအပြားနဲ့ လှုပ်ရှားနေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့ အခြေအနေကတော့ ကျီကုန်းကို မနက်ခင်း ၇ နာရီ၊ ၈ နာရီလောက်မှာမီးရှို့ပြီး အခု ကန်တော်ရိုးရွာဘက်ကို ထိုးသွားတယ်။ အခုချိန်ကတော့ သူတို့က အင်အား အလုံးအရင်းနဲ့တော့ တအားဖိနေတာဗျ ကျွန်တော်တို့ဘက်ကို။ ကျွန်တော်တို့ဘက် ကတော့ ရသလောက်ကာကွယ်တာပဲ။ စစ်ရေးအခြေအနေကတော့ ပေါက်မရွာဘက်ကို မီးရှို့တော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အခုတော့ သူတို့ (စစ်ကောင်စီ) တပ်ဘက်လည်း မီးရှို့ပြီးပြန်ထွက်တာဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ခဏငြိမ်နေတယ်”
ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်၊ ခဲယမ်းမလုံလောက်တာကြောင့် ပြောက်ကျားစနစ်နဲ့တိုက်ပြီး ပြန်ဆုတ်ရတာတွေရှိတယ်လို့ ကိုအက်စစ်က ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။