အရေးပေါ်ကာလထပ်တိုးမှု ဖွဲ့စည်းပုံနှင့်ပင် ညီညွတ်မှုမရှိ

RFA Burmese
2023.02.09
အရေးပေါ်ကာလထပ်တိုးမှု ဖွဲ့စည်းပုံနှင့်ပင် ညီညွတ်မှုမရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့စဉ်။
HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP

တိုင်းပြည်ဟာ သာမန်အခြေအနေမှာ မရှိဘူးဆိုပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ ပူးပေါင်းပြီး အရေးပေါ်ကာလသက်တမ်း ထပ်တိုးလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖော်ပြထားတဲ့ စကားလုံးလေးတစ်လုံးကို လက်တစ်လုံးခြားလှည့်ဖြားပြီး ကိုယ်လိုချင်ရာ ဆွဲယူလုပ်ဆောင်လိုက်တာလို့ ဥပဒေ ရေးရာကျွမ်းကျင်သူတွေနဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလသက်တမ်းကို အာဏာစသိမ်းချိန်ကနေ တစ်နှစ်တိတိ ကြေညာခွင့် ရှိပါတယ်။

တစ်နှစ်ပြည့်ပြီးချိန်ထိ လုပ်ငန်းဆောင်ရွက်မှု မပြီးသေးဘူးဆိုရင် ပုဒ်မ ၄၂၅ အရ ကာလုံ အဖွဲ့ကနေ သာမန်အားဖြင့် တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့သာ ဖော်ပြထားပြီး သာမန် အခြေအနေ မဟုတ်လျှင်ဆိုတဲ့စကားလုံးကို ဖွဲ့စည်းပုံမှာ လုံးဝ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ ကာလုံနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ဟာ “သာမန်အားဖြင့်” နှစ်ကြိမ် တိုးမြှင့်ပေးနိုင် တယ်ဆိုတဲ့ စကားလုံးကို “သာမန်အခြေအနေ” မဟုတ်ရင် နှစ်ကြိမ်ထက်ပိုပြီး ထပ်တိုး လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ကိုယ်လိုချင်ရာဆွဲယူပြီး နောက်ခြောက်လ ထပ်တိုးလိုက် တာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

"ရွေးကောက်ပွဲအတွက်ပဲ သက်တမ်းတိုးလိုက်တဲ့ပုံစံလို့ သုံးသပ်လို့ ရပါတယ်"

သာမန်မဟုတ်တဲ့အခြေအနေကို အကြောင်းပြပြီး သက်တမ်းတိုးမယ်ဆိုရင်တောင် ပုဒ်မ ၄၂၁ (ခ) အရ ပြည် ထောင်စုလွှတ်တော်ကို တင်ပြအစီရင်ခံရမှာမို့ ၂၀၀၈ ဖွဲ့စည်းပုံအရကို သက်တမ်းတိုးခွင့်မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

“ဥပဒေတစ်ခုကို ပြုကြတဲ့အခါမှာ အခြေအနေအမျိုးမျိုးအတွက် လုပ်ကိုင်ဆောင်ရွက် နိုင်အောင်လို့ ပြဋ္ဌာန်းချက်တွေ ထည့်ပေးထားသလို အဲဒီထည့်ထားပေးတဲ့ ပြဋ္ဌာန်းချက် ကို အလွဲသုံးပြီးတော့ မတော်မတရား အသုံးပြုသွားမှုကို ကာကွယ်နိုင်ဖို့အတွက်လည်း ထိန်းချုပ်ရမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးထားပါတယ်။ ၄၂၅ အရ အခွင့်အရေးကျင့်သုံးဖို့ သည် ၄၂၁ (ခ) အရ ပြည်ထောင်စုလွှတ်တော်ကို တင်ပြနိုင်တဲ့၊ အတည်ပြုနိုင်တဲ့ အခြေအနေ ရှိမှသာလျှင် သက်တမ်းတိုးခွင့်ရမယ်လို့ ဥပဒေသဘောအရ အဲဒီလိုပဲ ကောက်ယူရမှာ ဖြစ်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၂၁ (ခ) မှာ ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်တွေမှာတောင် သက်တမ်းတိုးဖို့ တင်ပြလာရင် ကာလုံကခွင့်ပြုနိုင်ပေမယ့် ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အစီရင်ခံတင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်က မပြည့်စုံတဲ့အတွက် စစ်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းမပြီး သေးဘူးဆိုပြီး ခြောက်လ အကြိမ်ကြိမ် သက်တမ်းတိုးတာမျိုးတွေ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ပြောပါတယ်။

“ခြောက်လ၊ ခြောက်လ အကြိမ်ကြိမ် တိုးနိုင်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်ရော ဘာတတ်နိုင်မှာတုန်း။ ရေးသားထားတာမှ မဟုတ်တာ။ အဲဒီတော့ ပြောချင်တာက အဲဒီလိုပဲ တိုးမှာပဲ။ တကယ်လို့သာ ဒီခြောက်လနဲ့ မပြီးလို့ရှိရင် နောက်ထပ် ခြောက်လ တိုးမယ်။ ဒီဟာလေး ဘာမှ ပြည့်ပြည့်စုံစုံ မပါတဲ့နောက်မှာ သူက ဘယ်လို အဓိပ္ပာယ်ဖွင့်နိုင်တုန်းဆိုတော့ သာမန်အခြေအနေ မဟုတ်ခဲ့လျှင် တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်မချင်း၊ တာဝန်မပြီးမချင်း ခြောက်လ၊ ခြောက်လ အကြိမ်ကြိမ် သက်တမ်းတိုးနိုင်တယ်ဆိုပြီးတော့ ဖွင့်ရင်လည်း ဘာတတ်နိုင်မှာတုန်း”

အာဏာသိမ်းသက်တမ်း နှစ်နှစ်ပြည့်သွားပြီး ပုဒ်မ ၄၂၅ အရ သက်တမ်းထပ်တိုးလို့ မရတော့ချိန်မှာ ပုဒ်မ ၄၂၉ အရ ကာလုံအဖွဲ့ကနေ တိုင်းပြည်အာဏာကို ပြန်ယူပြီး ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ မှာ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကာလုံ အဖွဲ့က အစည်းအဝေး ခေါ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း ကြေညာခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌက တည်ငြိမ်အေးချမ်းတဲ့ မူလအခြေအနေရောက် မှသာ တစ်နိုင်ငံလုံး နေရာလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုနဲ့ မိုင်းထောင် ဖောက်ခွဲမှုတွေဟာ အခုချိန်ထိ ရှိနေသေးတယ်လို့ တင်ပြခဲ့ ပါတယ်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ရာခိုင်နှုန်းပြည့် အေးချမ်းတဲ့ မြို့နယ်က ၂၀၀ နီးပါးရှိပြီး၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော် ရှိနေသေးတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက တင်ပြခဲ့တာပါ။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ တင်ပြချက်နဲ့ အရေးပေါ်သက်တမ်း ထပ်တိုးမှုဟာ ရွေးကောက်ပွဲ အတွက်သာ ဦးတည် လုပ်ဆောင်တာလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

000_33888EE.jpg
နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP)

“အခု လောလောဆယ် ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ၁၂ ရပ် ရှိတယ်လေ။ အဲဒီအထဲမှာ နံပါတ် ၅ အချက်မှာ ပေးထားပြီးသား။ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲက ၂၀၂၃ မှာပဲ အထွေထွေ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးသားလေ။ အခုက ရွေးကောက်ပွဲအတွက်ပဲ သက်တမ်းတိုးလိုက်တဲ့ ပုံစံလို့ သုံးသပ်လို့ ရပါတယ်။ သေချာတာကတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် မြေပြင်မှာ ပြင်ဆင်တာတွေလည်း တွေ့တယ်။ ပါတီများ မှတ်ပုံတင်ဖို့ဘာညာ ထွက်လာပြီဆိုတော့ သေချာတာကတော့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ပဲ ဒါကို ဦးတည်ပြီးတော့ လုပ်တယ်လို့ သုံးသပ်လို့ ရပါတယ်”

ဒီလိုသက်တမ်းတိုးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီညွတ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုပြီးသား ဖြစ်တယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး ကတော့ ဒီလုပ်ရပ်တွေ အားလုံးနဲ့ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခအားလုံးဟာ စစ်ကောင်စီဥက္ကဋ္ဌတစ်ဦးတည်းရဲ့ အလိုလောဘကြီးမှု တစ်ခုတည်းကြောင့်သာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စိတ်နေစိတ်ထားပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားမှာက လောဘကို အခြေခံထားတယ်။ ရည်မှန်းချက်အကြီးကြီးကို အခြေခံထားတယ်။ ဒီနှစ်ချက်ကို အခြေခံပြီးတော့ သူဆုံးဖြတ် ပြီးလုပ်မယ့် ကိစ္စရပ်တွေကို သူ့ရဲ့ ပုဂ္ဂလိကဆိုင်ရာ ရည်မှန်းချက်တွေနဲ့ သူ့ရဲ့ ပုဂ္ဂလိကဆိုင်ရာ အလိုလောဘပေါ့ဗျာနော် တွက်တာချက်တာတွေ အကုန်လုံးက မှားနေဦးမှာပါပဲ။ သူ့ရဲ့ ပါစင်နယ် စိတ်ဖောက်ပြန်မှုကြောင့် ဖြစ်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တဲ့အတွက် သူမရှိမှပဲ အပြောင်းအလဲဆိုတာ ဖြစ်လာတော့မှာပါဗျ”

တိုင်းပြည်မတည်ငြိမ်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလ သက်တမ်း ထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ ကယား၊ ချင်း၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

အဲဒီနောက် စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်အပါအဝင် ဒေသတချို့မှာ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ပြီး လုံခြုံရေးအခြေအနေကို အထူးတင်းကျပ်ထားပါတယ်။

ပြည်သူလူထုကို စစ်ဥပဒေနဲ့ ထိန်းချုပ်တင်းကျပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးလာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပြန်ပေးဆပ်ရလိမ့်မယ်လို့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“သူတို့က ထပ်ပြီး ကြမ်းမယ့်၊ ရမ်းမယ့် သဘောတွေ ရှိတယ်။ ကျနော်တို့ ပြောနိုင်တာတစ်ခုကတော့ သူတို့ ကြမ်းလေလေ အပြည်ပြည်ဆိုင်ရာမှာ ပြဋ္ဌာန်းထားတဲ့ တရားဥပဒေတွေနဲ့ သူ ငြိစွန်းလေလေပဲ၊ နွံထဲမှာ နစ်လေလေ သူရုန်းထွက်လို့ မရလေလေ စစ်ခုံရုံးပေါ်ကို ရောက်ဖို့ ပိုပြီးတော့ နီးစပ်လေလေပဲ ဖြစ်တယ်။ အဲဒီတော့ ကျနော်ပြောချင်တာက နိုင်ငံတကာ စစ်ခုံရုံးကိုလည်း ရောက်နိုင်သလို ပြည်တွင်း မှာ ရှိတဲ့ စစ်ခုံရုံးတွေမှာလည်း ရင်ဆိုင်ရနိုင်ဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးက ဒီနေ့ကစပြီး နှစ်နှစ် အတွင်းမှာပဲ အားကောင်းမောင်းသန်နဲ့ ဆက်ပြီးတော့ ချီတက်နေပါတယ်”

၂၀၂၂ နှစ်ဆန်းပိုင်းကစလို့ အခုချိန်ထိ KNU နဲ့ စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်ရာဒေသ အားလုံးနီးပါးမှာ တိုက်ပွဲတွေဖြစ်နေပြီး KNU နဲ့ PDF တပ်ဖွဲ့ဝင်တွေ သေဆုံးမှု၊ အရပ်သားသေဆုံးထိခိုက်မှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု ပိုများလာပါတယ်။

စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်တဲ့ အတွက် ၂၀၂၃ ဩဂုတ်လမှာ ကျင်းပနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ရွေးကောက်ပွဲ ဘယ်အချိန် လုပ်မယ်ဆိုတာကို မသိနိုင်တော့သလို လက်ရှိ တိုးထားတဲ့သက်တမ်း ခြောက်လပြည့်ချိန်မှာ စစ်ကောင်စီ ဘာဆက်လုပ်မလဲဆိုတာကို နိုင်ငံရေးအကဲခတ်တွေနဲ့ ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။