တောင်ကိုရီးယားမှာ မြန်မာအလုပ်သမားသေဆုံးမှု

တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဒီနေ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့နဲ့ တွေ့ဆုံပါတယ်။

မြန်မာအလုပ်သမား ကိုသန်းဇော်ဌေးသေဆုံးမှု စုံစမ်းဖော်ထုတ်ပေးရန် ၂ဝ၁၈ နိုဝင်ဘာလ ၁၉ ရက်နေ့က ဆိုးလ်မြို့တွင် တောင်ကိုရီးယား Jogye ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ချီတက်ဆန္ဒပြစဉ်။ (Photo: Soe Moe Thu)

တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဒီနေ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့နဲ့ တွေ့ဆုံပါတယ်။ မနေ့တုန်းကတော့ ဆိုးလ်မြို့တော်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတခုက ဦးဆောင်ပြီး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~

တောင်ကိုရီးယားမှာ မြန်မာအလုပ်သမားသေဆုံးမှု
(နန္ဒာချမ်း)

Jogye (ချိုဂဲ) လို့အမည်ရတဲ့ တောင်ကိုရီးယားနိုင်ငံက အကြီးဆုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းက ဘုန်းတော်ကြီး ကိုးပါးနဲ့အတူ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ဘုန်းတော်ကြီးကျောင်းကနေ တောင်ကိုရီးယား သမ္မတအိမ်တော်အထိ ထိခြင်းကြီးငါးပါးပုံစံနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

တရားမဝင် မြန်မာအလုပ်သမား ကိုသန်းဇော်ဌေးရဲ့အမှုကို အမှန်အတိုင်း ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Jogye (ချိုဂဲ) ဗုဒ္ဓဘာသာ အဖွဲ့အစည်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒန်နီး က RFA ကို အခုလို ပြောပါတယ်။

“သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး၊ သူ့အတွက်လည်း ဆုတောင်းပေးခဲ့ကြတာပါ။ ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စအပေါ်မှာ စိုးရိမ်တဲ့အတွက် အစိုးရအနေနဲ့ အဖြစ်မှန်ကို သိနိုင်အောင် စုံစမ်း ဖော်ထုတ်ပေးစေချင်ပါတယ်”

ဒါကြောင့် ဒီကနေ့ အင်္ဂါနေ့မှာ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့သြဂုတ်လ ၂၂ ရက်နေ့က ဆိုးလ်မြို့အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တောင်ကိုရီးယား အာဏာပိုင်တွေက ဝင်ရောက်စီးနင်းဖမ်းဆီးချိန်မှာ မြန်မာအလုပ်သမား ကိုသန်းဇော်ဌေးဟာ ပြေးလွှားရင်း အမြင့်ကနေ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်သက်သေတချို့ကတော့ ကိုသန်းဇော်ဌေး ပြုတ်မကျခင်မှာ လဝက အဖွဲ့ဝင်တဦးက သူ့ခြေထောက်ကို ဖမ်းဆွဲမိတာ တွေ့လိုက်တယ်လို့ ပြောဆိုတဲ့အကြောင်း တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီအမှုကို အစိုးရက ဆက်ပြီး မစုံစမ်းဘဲ ပိတ်လိုက်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး အခုလို တောင်းဆိုကြတာလို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုစိုးမိုးသူက ပြောပါတယ်။

“တရားရေးဝန်ကြီးဌာနက အမှုကို လိမ်လည်ထားတယ် - တာဝန်ယူ တာဝန်ခံမှုမရှိဘူး”

ကိုသန်းဇော်ဌေးဟာ ၂ဝ၁၃ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ဗီဇာနဲ့ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ ဒီနှစ်ဆန်းကမှ ဗီဇာသက်တမ်း ကုန်ဆုံးတဲ့အတွက် မြန်မာနိုင်ငံပြန်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့လည်း ကိုစိုးမိုးသူက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရက အောက်တိုဘာ ၁ဝ လပိုင်းကနေ ၃ လပိုင်းအတွင်း တရားမဝင် အလုပ်သမားတွေကို နှိမ်နင်းမယ့်အစီအစဉ်ကို ကြေညာထားပြီး၊ ဒီအတောအတွင်း တရားမဝင်သူတွေ နေရပ်ပြန်ကြဖို့ တိုက်တွန်းထားတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ အခက်အခဲဖြစ်နေတာတွေ ရှိတယ်လို့ ကိုစိုးမိုးသူက ပြောပါတယ်။

“စာအုပ်သက်တမ်းကုန်ရင် ယာယီစာရွက်ထုတ်ပေးတယ်။ အဲဒီစာရွက်ရဖို့ လပေါင်းများစွာ စောင့်ရတယ်။ တချို့က အဲဒါကို စောင့်နေလို့ မပြန်ကြရတော့ အခုလို ပြဿနာတွေ ကြုံရတယ်”

ကိုသန်းဇော်ဌေးဟာ အမြင့်ကနေ ပြုတ်ကျခဲ့တဲ့အတွက် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဒဏ်ရာနဲ့  သီတင်းနှစ်ပတ် ကြာပြီးတော့မှ ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ သေဆုံးပြီးနောက် သူ့ဖခင်ဖြစ်သူ ဦးကံချစ်ကနေ သူ့ခန္ဓာကိုယ်ကို ဆေးရုံမှာ လှူဒါန်းခဲ့တဲ့အတွက် မျက်စိ၊ နှလုံး၊ အဆုတ်နဲ့ အသည်းအစားထိုးဖို့ လိုအပ်နေတဲ့ ကိုရီးယားနိုင်ငံသား ၄ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

လောလောဆယ်တော့ ကိုသန်းဇော်ဌေးအတွက် နစ်နာကြေးတွေရရှိဖို့ လုပ်ဆောင်နေတယ်လို့လည်း ကိုစိုးမိုးသူက ပြောပြပါတယ်။

“အလုပ်ရှင်ဆီက ဂရုဏာကြေးရပြီ၊ အသက်အာမခံကုမ္ပဏီဆီက ဒေါ်လာ ၂ သိန်းနီးပါး ရဖို့ရှိတယ်။ လုပ်ငန်းခွင်ကနေ လျော်ကြေးရဖို့နဲ့ နိုင်ငံတော်ကနေ လျော်ကြေးပေးဖို့ တရားစွဲထားတယ်”

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် အလုပ်သမား ခေါ်ယူတင်သွင်းတဲ့စနစ် EPS နဲ့ လာရောက် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အလုပ်သမား ၂ သောင်းကျော်အထိ ရှိတယ်လို့ တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အများစုကတော့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းအပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org