ရုရှားနဲ့ မြန်မာရေတပ် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်

RFA Burmese
2023.11.08
ရုရှားနဲ့ မြန်မာရေတပ် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

ရုရှားရေတပ်နဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ တနင်္သာရီ တိုင်း မြိတ်မြို့အနီးက ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ လုပ်ဆောင်နေကြောင်း စစ်ကောင်စီသတင်းစာတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး နေ့စဉ်ဖော်ပြနေပါတယ်။

ဒီလေ့ကျင့်မှုမှာ ရုရှားဘက်က ဖျက်သင်္ဘော သုံးစင်းနဲ့ ရုရှားစစ်သည် ရှစ်ရာနီးပါး ပါဝင်ကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။ စစ်ကောင်စီဘက်ကတော့ ဝေဟင်နဲ့ ရေပြင်ကာကွယ်ရေးဆိုင်ရာ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းက ဒီလေ့ကျင့်မှုမှာ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်မှုတွေ ပါဝင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါကြောင့် လေ့ကျင့်နေတဲ့ ဧရိယာကနေ ငါးမိုင်ပတ်လည်အတွင်း သင်္ဘောကြီး၊ သင်္ဘောငယ်တွေ၊ ကုန်တင် စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာတွေ မလုပ်ဖို့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကစပြီး သတိပေးထားပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်လို့ သတိအကြီးကြီးထား စောင့်ကြည့်နေတယ်လို့ ပြောချင်ပါတယ်”

လေယာဉ်နဲ့ ရဟတ်ယာဉ်တွေအနေနဲ့လည်း အမြင့်ပေ တစ်သောင်းငါးထောင်အောက်ကနေ ဖြတ်ကျော် ပျံသန်းတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို သတိကြီးစွာထားပြီး စောင့်ကြည့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့လည်း ဒီရုရှား-မြန်မာ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်မယ်လို့ သိရတဲ့အတွက် လေ့လာ စောင့်ကြည့်နေပါတယ်။ လက်နက်ခဲယမ်း မီးကျောက်အနေနဲ့လည်း စစ်ကောင်စီအနေနဲ့က ရှိသမျှ အားကုန် သုံးစွဲလာတဲ့အတွက် အခုချိန်မှာဆို လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းတွေ၊ လေယာဉ်ပစ် ဒုံးကျည်တွေ၊ အမြောက်ကျည်ဆန်တွေ၊ ဗုံးတွေကလည်း ဒါတော်တော်လေး (စစ်ကောင်စီမှာ) ကုန်ခမ်းနေတယ်လို့ ဆိုတာကိုလည်း သတင်းပေးတွေရဲ့ အချက်အလက်အရလည်း သိရှိရပါတယ်။ ဆိုတော့ သူတို့အနေနဲ့က အပြန်အလှန်ကူညီတာတွေလည်း လုပ်ကောင်းလုပ်မှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ သတိအကြီးကြီးထား စောင့်ကြည့်နေတယ်လို့ ပြောချင်ပါတယ်”

ဒီပူးတွဲစစ်ရေးလေ့ကျင်မှုဟာ ကမ္ဘာ့စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေအချင်းအချင်း ပူးပေါင်းတဲ့ လုပ်ရပ်လို့ ဦးမောင်မောင်ဆွေ က ဝေဖန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေတပ်ကနေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ တပ်ကြပ်ကြီး အေးမင်းစိုး ကတော့ ရုရှားဖျက်သင်္ဘောတွေနဲ့အတူ စစ်လက်နက်ခဲယမ်းတွေနဲ့ အဆင်မြင့်နည်းပညာတွေ ပါလာကြောင်း သူတို့ သတင်းရထားတယ်လို့ RFA ကို ပြောပါတယ်။

“အဲဒါ လက်နက်တွေ ပါလာတယ်။ နောက် သူတို့ရဲ့ နည်းပညာမြှင့်တင်မှုအတွက်တွေ ပါလာတယ်။ ပါလာတဲ့ နေရာက ဘယ်ကိုပို့လဲဆိုတော့ ဗျူဟာ (၁) တံတား (သီလဝါဆိပ်ကမ်း) ကို သူက ကပ်တယ်။ ကပ်ပြီးတော့ လက်နက်ခဲယမ်းတွေပါလာတဲ့ဟာကို ဘယ်ကိုပို့လဲဆိုတော့ ဟိုဘက်ကမ်းမှာ ရခိုင်ချောင်ဆိုတာရှိတယ်၊ ဒီ ရေတပ်ပင်မလက်နက်ထိန်းသိမ်းထားတဲ့ နေရာကြီးက ဟိုဘက်ကမ်းကို ပြောင်းသွားတယ်။ ရခိုင်ချောင်ဘက်ကို လက်နက်တွေကို အဲဒီကို သယ်တယ်။ ဒီမှာတော့ရှိတယ် (စာရင်းရထားတာ)အများကြီးပဲ”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

လက်နက်ခဲယမ်းတွေ ပါလာတယ်ဆိုတဲ့ကိစ္စ၊ ဘာကြောင့် အခုလိုအချိန်မှာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရ သလဲဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး ကို မေးမြန်းတဲ့အခါ ဒီပူးတွဲလေ့ကျင့်မှုဟာ ရုရှားက မြန်မာကိုထောက်ခံကြောင်းပြသတာလို့ RFA ကို ပြောပါတယ်။

“အဲဒါကတော့ ကျွန်တော်ထင်ပါတယ် ပုံမှန်လုပ်ငန်း ဖြစ်ပါလိမ့်မယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိုဖော်ပြတဲ့ အနေနဲ့ပေါ့နော်။ ဒီကိစ္စက အခုဖြစ်တာတွေ (ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ) နဲ့လည်း ပတ်သက်တာ မဟုတ်ပါဘူး။ နှစ်နိုင်ငံက ရုရှားက မြန်မာကို ထောက်ခံမှုကို ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ကြိုတင် စီစဉ်ထားတဲ့လုပ်ငန်းစဉ်တစ်ခုလို့ ကျွန်တော်က အဲလိုပဲ မြင်မိပါတယ်”

ရုရှားရေတပ်ရဲ့ အခုခရီးစဉ်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ရေးအရှိန်မြင့်နေတာတွေနဲ့ ပတ်သက်မှု မရှိပေမယ့် နိုင်ငံရေးရပ်တည်ချက်အရတော့ မြန်မာစစ်တပ်ကို အကျိုးရှိစေတယ်လို့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရုရှားလို နိုင်ငံကြီးတစ်ခုက သူ့ကိုထောက်ခံနေတယ်၊ သူ့မှာ အင်အားရှိတယ်ဆိုတာ ကမ္ဘာကို ပြသဖို့အတွက် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ အခုကတော့ ရရာအကူအညီ၊ ရရာအနေအထားအောက်မှာ သူ့မှာအင်အားရှိကြောင်း၊ သူ့မှာ နိုင်ငံတကာရဲ့ထောက်ခံမှုရှိကြောင်းကို ပြဖို့အတွက် ဖြစ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေ တယ်ဆိုတဲ့အကြောင်းကို ကမ္ဘာကို လိမ်လည်ဖို့ ဒီစစ်ဆင်ရေးကို လုပ်တာပါ”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ ၂၀၂၃ မေလအစီရင်ခံစာ အရ ရုရှားဟာ ကမ္ဘာမှာ မြန်မာကို စစ်လက်နက်အများဆုံး ရောင်းချနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက်မှာ မြန်မာစစ်တပ်ကို ရုရှားက အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချ ပေးခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo: Myanmar Military)
မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo: Myanmar Military)

ရုရှားကနေ ဖျက်အားပြင်း Su-30 တိုက်ခိုက်ရေးဂျက်လေယဉ် ခြောက်စင်း ဝယ်ယူဖို့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား သဘောတူစာချုပ် ချုပ်ခဲ့ပြီး အဲဒီထဲက နှစ်စင်း မြန်မာနိုင်ငံကို ရောက်နေပြီဖြစ်ကြောင်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာချာလီသန်းက အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်စဉ် အောက်တိုဘာ ၉ ရက်နေ့က ရုရှားအစိုးရပိုင် RIA သတင်းဌာနကို ပြောခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အာဏာသိမ်းပြီးနောက် ရုရှားကို သုံးကြိမ်သွားရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ စက်တင်ဘာ ခရီးစဉ်တွေအတွင်း မြန်မာနိုင်ငံမှာ နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ သဘောတူထားပါတယ်။

ဒီလုပ်ရပ်တွေအပါအဝင် ရုရှားနဲ့ ပူးပေါင်းပြီး စစ်လက်နက်ဖြည့်တင်းနေတဲ့ မြန်မာစစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေ လျှော့တွက်လို့ မရဘူးလို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“ဒါကို ပေါ့ပေါ့ဆဆ တွက်လို့မရဘူးနော်။ သူတို့ကလည်း သူတို့မှာ ကျွန်မတို့ထက်သာတဲ့ လက်နက်အင်အားရှိ တယ်နော်။ အဲဒီတော့ အဲဒီဟာကို ကျွန်မတို့ဘက်က တော်လှန်တဲ့ စစ်တပ်ရှိတယ်၊ ပြည်သူလူထုရဲ့ ထောက်ခံမှု ပါတယ်။ အဲဒီတော့ အဲဒီအသာနဲ့ အခုတစ်တိုင်းပြည်လုံးက တိုင်းရင်းသား လူမျိုးစုတွေ အားလုံးကလည်း ပါဝင်လာတဲ့အခါ အဲဒီညီညွတ်တဲ့ တပ်ပေါင်းစုနဲ့ ကျွန်မတို့ ဆက်လုပ်စရာရှိတာ ဆက်လုပ်ရမယ်။ ဆက် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ရမယ်”

ရုရှားဟာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား ရေပိုင်နက်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မြန်မာရေတပ်တစ်ခုတည်းနဲ့ မြန်မာ့ပင်လယ်ပြင်မှာ ပူးတွဲလေ့ကျင့်မှုကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။