စစ်ကောင်စီနဲ့ ရုရှား စစ်ရေးပူးပေါင်းမှု ပိုနက်ရှိုင်းလာ

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင် ၁၀ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို ရောက်ရှိနေပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၁၂ ရက် မနေ့က သတင်းထုတ်ပြန် ပါတယ်။
ဇူလိုင် ၁၂ ရက် မနေ့က မော်စကိုကနေပေးပို့တဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာလည်း စစ် ကောင်စီဥက္ကဋ္ဌဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်ဖက်စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုနက်ရှိုင်းခိုင်မာအောင် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။
“ရုရှားနဲ့ကတော့ နဂိုကတည်းက Strategic partner ဆိုတာမျိုး စစ်တပ်က သဘောထားပုံရတယ်"
ဒါဟာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဒုတိယမြောက် ရုရှားခရီး စဉ်ဖြစ်ပြီး ဒီ့မတိုင်ခင်ကလည်း SU-30 တိုက်လေယဉ်တွေ အပါအဝင် ခေတ်မီစစ်လက်နက် မျိုးစုံကို ရုရှားထံကနေ ဝယ်ယူခဲ့ကြောင်း နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြပါ တယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ရုရှားထံကနေ SU-30 ဘက်စုံသုံး ခေတ်မီတိုက်လေယာဉ် ခြောက်စင်းကို ဝယ်ယူထားပြီး အဲဒီအထဲက နှစ်စင်းဟာ အခုနှစ် မတ်လကတည်းက နေပြည်တော်ကို ရောက်ရှိနေကြောင်း၊ ရုရှားလေယာဉ်မှူးတွေ၊ သင်တန်းဆရာတွေ၊ စက်ပညာရှင်အဖွဲ့တွေကိုယ်တိုင် လာရောက်သင်တန်းပေးနေကြောင်း လေတပ် CDM အရာရှိ ဗိုလ်ကြီး ဇေသူအောင်က အတည်ပြုပြောဆိုပါတယ်။
“SU-30 နဲ့ပတ်သက်ပြီးရင်တော့ မှန်ပါတယ်။ အရင်က ခြောက်စင်း ဝယ်ထားပါတယ်။ ခြောက်စင်းဝယ်ထားတာကိုမှ နှစ်စင်းကို ၂၀၂၀ ထဲမှာ ရောက်မယ်ဆိုပြီး အရင်ကပြော တယ်။ ၂၀၂၁ ထဲမှာလည်း မရောက်ဘူးပေါ့နော်။ ဒါပေမဲ့ ၂၀၂၂ ထဲမှာတော့ ရောက်လာ တယ်။ မရောက်ခင်ကတည်းကစ ဘာတွေညှိနှိုင်းထားလဲဆိုတော့ အဲဒီကနေ (ရုရှား) ပြီးတော့မှ လေယာဉ်ကို တပ်ဆင်ဖို့ရန်အတွက် ခရူအဖွဲ့တွေပါမယ်။ ခရူအဖွဲ့ဆိုတာက လေယာဉ်ပြုပြင် ထိန်းသိမ်းတဲ့ အဖွဲ့တွေပါမယ်။ အဲဒီလေယာဉ်ကို ပြန်ဆင်ပြီးသွားရင် အဲဒီလေယာဉ်ကို စမ်းသပ်မယ့် ပိုင်းလော့တွေ ပါလာမယ်။ အဲဒါကိုတော့ အစောကြီး ကတည်းက ကြိုတင်သဘောတူညီချက် ယူထားပြီးသားဖြစ်တယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မနေ့က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှထုတ်မပြောနိုင်ကြောင်း ငြင်းဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း SU-30 တိုက်လေယာဉ်တွေကို စစ်တပ်က အချိန်အတော်ကြာကတည်းက မှာယူထားခဲ့တာလို့ သူသိသမျှကို ပြောပြပါတယ်။
“SU-30 တိုက်လေယာဉ်နဲ့ ပတ်သက်ပြီးတော့ မှာထားတာတော့ ကြာလှပြီပေါ့နော်။ ပုံမှန်အားဖြင့်တော့ ရောက်ရမယ့် အချိန်ထက်တောင် တော်တော်လေး ကျော်လွန်နေတဲ့ အနေအထားပေါ့။ ကျနော်တို့ကြားတာတော့ ဒါနဲ့ပတ်သက်လို့ သတင်းမျိုးစုံပေါ့လေ။ Update လုပ်တာတို့၊ မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့အပိုင်းတွေ အဆင့်မြှင့်တာတို့ဘာတို့ ဒါမျိုးတော့ ကြားထားတာရှိတာပေါ့။ ဒါပေမဲ့ ရောက်မယ်ဆိုလည်း ရောက်ဖို့တော့ သင့် တဲ့အချိန်လည်း ကောင်းနေပါပြီ။ သေချာတာက သူ့ထုတ်လုပ်တဲ့ အချိန်နဲ့ စာချုပ်ဘာ ညာနဲ့ ဆိုရင်တော့ ဒီချိန်ရောက်မယ်ဆိုလည်း ရောက်သင့်တဲ့ အချိန်ဖြစ်တဲ့အတွက် ကြောင့် ဒီသတင်းထွက်လာတယ်ဆိုတော့ ရောက်နိုင်တဲ့အခြေအနေ အများကြီးအားသာ တယ်လို့ပဲ ကျနော်တို့ သုံးသပ်ရပါလိမ့်မယ်”
မြန်မာစစ်တပ်နဲ့ ရုရှားဟာ အရင်ကတည်းက စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရှိထားတဲ့အပြင် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့အခါတိုင်း ရောင်းချတဲ့နိုင်ငံက ပညာရှင်တွေ ဝယ်ယူတဲ့ နိုင်ငံအထိ ကိုယ်တိုင်လာရောက် သင်တန်းပေးတာဟာ လုပ်ရိုးလုပ်စဉ် ထုံးစံတစ်ခုလို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံ Sukhoi Aviation Corporartion ကထုတ်လုပ်တဲ့ အင်ဂျင်နှစ်လုံးတပ် နှစ် ယောက်စီး SU-30 ဂျက်တိုက် လေယာဉ်ဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိပြီး ၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ချိန်မှာ ခြောက်စင်း ရောင်းချဖို့ သဘောတူခဲ့တာပါ။
ရာသီဥတုမရွေး နေ့ရောညပါ စစ်ဆင်ရေးလုပ်နိုင်တဲ့ ဒီတိုက်လေယာဉ်ဟာ လက်နက်တန် ချိန် အများအပြားကို သယ်ဆောင်နိုင်ပြီး ပစ်မှတ်တိကျတဲ့ ပဲ့ထိန်းဒုံးတွေ၊ သင်္ဘောဖျက်ဒုံး တွေကိုတောင် သယ်ဆောင်နိုင်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
တန် ၇၀ လောက် အလေးချိန်ရှိတဲ့ SU-30 တိုက်လေယာဉ်တွေဟာ ကိုယ်ထည်နဲ့အလျား ကြီးမားရှည်လျားတဲ့အပြင် လေယာဉ်ဆီသိုလှောင်နိုင်တဲ့ပမာဏ ပိုများတာကြောင့် အရေး ကြီးတဲ့ တိုက်ပွဲတွေမှာ မြန်မာပြည် မြောက်ဖျားကနေ တောင်ဖျားလောက်အထိကို လေ ယာဉ်ဆီ ထပ်ဖြည့်စရာမလိုဘဲ ပျံသန်းတိုက်ခိုက်နိုင်တယ်လို့ စစ်လက်နက်ပစ္စည်း ကျွမ်း ကျင်သူတွေက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားထုတ် ခေတ်မီတိုက်လေယာဉ်တွေနဲ့ စက်လက်နက်ပစ္စည်းတွေကို အဆက်မပြတ်မှာယူနေပြီး KNU နဲ့ KIO လို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ကို တိုက်ခိုက်ချေမှုန်းရာမှာ အသုံးပြုနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ကရင်ပြည်နယ် မြဝတီမြို့နယ် ဥကရစ်ထရွာက စစ် ကောင်စီစခန်းကို KNU၊ KNDO ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက် ကလည်း လေကြောင်းဗုံးကြဲမှုတွေ လုပ်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်သေဆုံး ထိခိုက်မှု အတော်များခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က SU-30 လို ခေတ်မီတိုက်လေယာဉ်တွေကို မသုံးသေးပေ မယ့် MiG-29 လို တိုက်ခိုက်ရေး လေယာဉ်တွေကိုသုံးပြီး သူတို့အဖွဲ့ကိုချေမှုန်းဖို့ ကြိုးစားခဲ့ တယ်လို့ KNDO တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောနယ်ဒါးမြက RFA ကို ပြောပါတယ်။
“သူတို့ ဥကရစ်ထ တိုက်ပွဲလာတုန်းက လေယာဉ်နဲ့ လာတိုက်တယ်။ နေ့တိုင်း၊ ညတိုင်း ငါးရက်တိတိပေါ့နော်။ ပြီးတော့ စစ်အာဏာရှင်ဘက်ကတော့ ရုရှားတို့၊ တရုတ်တို့က ပံ့ပိုးနေတဲ့အတွက်ကြောင့် အနောက်နိုင်ငံတွေကလည်း ကျနော်တို့ကို အားပေးရမယ်။ ထောက်ခံရမယ်။ သူတို့ပစ္စည်းတွေ အမျိုးမျိုး တိုက်လေယာဉ်တွေဝယ်ပေမယ့် သူတို့လူ တွေဟာ စိတ်ဓာတ်မရှိတော့ဘူး။ ကျနော်တို့လူတွေဟာ စိတ်ဓာတ်အပြည့်အဝပဲ”
ဩစတြေးလျတက္ကသိုလ်တစ်ခုမှာ စစ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို လေ့လာဆည်းပူးနေတဲ့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုကျော်စောဟန်ကတော့ အာဏာသိမ်းပြီးမှ စစ် ကောင်စီနဲ့ ရုရှား ဆက်ဆံရေးဟာ ဘယ်တုန်းကနဲ့မှ မတူတဲ့အဆင့်မျိုးထိ နက်ရှိုင်းလာ တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက တိုက်လေယာဉ်တွေ အပါအဝင် ခေတ်မီစစ်လက်နက်တွေကို ပြည်တွင်းစစ် မှာ အသုံးပြုနေတာကြောင့် ခုခံစစ် ဆင်နွှဲနေသူတွေအတွက် သေဆုံးထိခိုက်မှု ပိုများလာ လိမ့်မယ်လို့ ပြောပါတယ်။
“ရုရှားနဲ့ကတော့ နဂိုကတည်းက Strategic partner ဆိုတာမျိုး စစ်တပ်က သဘော ထားပုံရတယ်။ ဒီနှစ်နိုင်ငံ အချင်းချင်းကြားမှာလည်း ဒီလိုသဘောထားပုံရပါတယ်။ ပြီးတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစလို့ နှစ်နိုင်ငံဆက်ဆံရေးမှာ အပြန် အလှန် သွားရောက်လည်ပတ်မှုတွေက ဘယ်တုန်းကနဲ့မှမတူတဲ့ ပမာဏအထိ တိုး လာတာကို တွေ့ရပါတယ်။ ရုရှားထုတ်လက်နက်တွေ အထူးသဖြင့် လေကြောင်းဆိုင်ရာ Air crack မျိုးစုံပေါ့နော် သုံးပြီးတော့ ပြည်တွင်းစစ်မှာ အများကြီးသုံးလာတာတွေကို တွေ့ရပါတယ်။ အဲဒါတွေ ပြည်တွင်း အကျိုးသက်ရောက်မှုကလည်း တော်တော်ကြီးတာ ကို တွေ့ရပါတယ်။ အထူးသဖြင့် လေကြောင်းစစ်ဆင်ရေးတွေမှာ ရုရှားထုတ် Air crack တော်တော်များများကို သုံးလာတာတွေ့ရတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခပေါ်မှာ တိုက်ရိုက်ကြီး စစ်လေယာဉ်တွေနဲ့ အသုံးပြုခဲ့တဲ့အတွက် ဒုက္ခသည်တွေ IDP တွေ ထွက် လာတာတွေတော့ အကျိုးသက်ရောက်မှု အကြီးကြီးရှိပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ တပ်မတော် နေ့ အခမ်းအနားကို ရုရှားဒုကာကွယ်ရေးဝန်ကြီးကိုယ်တိုင် လာရောက်ခဲ့တာ၊ အဲဒီ့နောက် မြန်မာဘက်က ကိုယ်စားလှယ်တွေ ရုရှားကို သွားရောက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးတူကိစ္စတွေ မကြာခဏ ဆွေးနွေးလာတာတွေကိုကြည့်ရင် စစ်ကောင်စီနဲ့ ရုရှား အကြား စစ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုနက်ရှိုင်းလာတယ်လို့ ကိုကျော်စောဟန်က သုံးသပ်ပါတယ်။
မြန်မာစစ်တပ်မှာ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အပါအဝင် စစ်လေ ယာဉ် အစင်း ၂၈၀၊ တင့်ကား ၆၆၄ စီးနဲ့ ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ် ၁၅၅ စင်း ရှိတယ်လို့ ကမ္ဘာ့နိုင်ငံသီးသီးက စစ်အင်အားတွေအကြောင်း လေ့လာရေးသားနေတဲ့ Globel Firepowar အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။