တန်းတူအခွင့်အရေးရမှသာ နေရပ်ပြန်လာချင်ကြောင်း ရိုဟင်ဂျာတွေပြောဆို

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အမှု ကြားနာဖို့ တစ်ရက်အလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စကို ပြင်ဆင်နေ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အရင်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးနဲ့၊ တောက်လျှောက်သုံးစွဲခဲ့တဲ့ 'ဘင်္ဂါလီ' ဆိုတဲ့ စကားလုံးနှစ်ခုစလုံးကို ရှောင်ရှားပြီး၊ 'ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ' လို့ သုံးနှုန်းထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကနဦး အကြံပြုချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ ဒီကိစ္စ လက်တွေ့အကောင်အထည်ဖော်ရေးမှာ အကူအညီတွေ လိုအပ်တာကြောင့် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အစည်းအဝေးတွေ ထပ်လုပ်လိုကြောင်းလည်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ တွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် အယုံအကြည်မရှိကြပါဘူး။ နိုင်ငံသားရပိုင်ခွင့်နဲ့ လွတ်လပ်စွာသွားလာခွင့် အပါအဝင် တခြား တန်းတူအခွင့်အရေးတွေရမှသာ နေရပ်ပြန်လာချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် ဘာလူဟာလီ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အာလီဂျိန်နာက ပြောပါတယ်။
“ကျနော်တို့ကတော့ စစ်ကောင်စီအပေါ်မှာတော့ လုံးဝ ယုံကြည်မှုမရှိပါဘူး။ ကျနော်တို့ ရိုဟင်ဂျာတွေ လိုလားနေတဲ့ နိုင်ငံသားအခွင့်အရေးတွေ လုံခြုံရေးအခွင့်အရေးတွေ တန်းတူအခွင့်အရေးတွေ ကျနော်တို့ မူလပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ အဲဒီမှာရှိနေတဲ့ နိုင်ငံသားလိုမျိုး သွားလာခွင့်တွေအားလုံး အားလုံ တန်းတူအခွင့်အရေးရမယ်ဆိုရင် စစ်ကောင်စီက အဲဒါတွေပေးနိုင်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ နေရပ်ပြန်ဖို့ သဘော တူပါတယ်”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာမွတ်လင် ရှစ်သိန်းကျော် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတာ အခုဆိုရင် လေးနှစ်ကျော်လာပါပြီ။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုတွေအတွင်း ရိုဟင်ဂျာကျေးရွာတွေ မီးရှို့ဖျက်ဆီး ခံရသလို အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်ဆိုပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည် ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားပါတယ်။
ဒီအမှုကို၂၀၁၉ ခုနှစ်မှာ ပထမအကြိမ် ကြားနာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သွားရောက်ကန့်ကွက်၊ ဖြေရှင်းခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီဖြေရှင်း ချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြန်ရုပ်သိမ်းထားပါတယ်။ အခုတော့ ဒီအမှုကို ICJ မှာ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ဒုတိယအကြိမ် ကြားနာစစ်ဆေးနေပါပြီ။ အဲဒီလို စစ်ဆေးနေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီဘက်က ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာသူတွေ နေရပ်ပြန်လာရေးကို ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်လာတာပါ။
စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ကို ကြိုဆိုပေမဲ့ နိုင်ငံတကာဖိအားကြောင့် အသုံးချတာမျိုး ကိုတော့ လက်ခံယုံကြည်လို့မရဘူးလို့ သင်္ခါလီဒုက္ခသည်စခန်း အမှတ် ၁၃ မှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး တည်ထောင်သူ ဦးခင်မောင် က ပြောပါတယ်။
“သူတို့က ကျနော်တို့ကို ခေါ်ချင်တယ်ဆိုတာ ဒါလက်ခံကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲမှာ ကျနော်တို့ ပြန်လာနိုင်လောက်တဲ့ အနေအထား သူတို့ဖန်တီးပေး နိုင်သလား ဖန်တီးပေးခဲ့သလား။ အဲဒါ အဓိကဆန်းစစ်ရမှာ။ ဥပမာ အာဏာရှင်အနေနဲ့ သူတို့ပြောနေတာဟာ သူ့ကိုကျနော်တို့ ယုံကြည်လို့ မရဘူးလေ။ ကျနော်တို့ကို အသုံးချ ဖို့အတွက် ကြိုးစားနေတဲ့ပုံစံမျိုးဖြစ်သွားပြီ။ နိုင်ငံတကာ ဖိအားကို ကြောင့်ကြမှုပုံစံနဲ့ ဒီလိုလုပ်ရတာပဲဖြစ်တယ်။ အမှန်တကယ် စိတ်မှန်စေတနာမှန် သူ့မှာမရှိဘူး။ ကျနော် တို့ကို ဘယ်သူကခေါ်ခေါ် ပြန်လာဖို့ အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေ မရမချင်း ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”
ရိုဟင်ဂျာတွေတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်၊ အရင်နေထိုင်ခဲ့တဲ့နေရာတွေမှာ လုံလုံခြုံခြုံနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် စတာတွေမရရင် နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ရိုဟင်ဂျာတွေနဲ့ ညှိနှိုင်းဖို့လိုတယ်လို့ ဦးခင်မောင်က ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ICJ အပါအဝင် နိုင်ငံတကာဖိအားတွေကြောင့် ပြန်လည် လက်ခံရေးကိစ္စတွေ ဖြစ်လာတာမဟုတ်ဘဲ အရင်ကတည်းက ပြန်လက်ခံဖို့ စီစဉ်နေတာလို့ တုံ့ပြန်ပါတယ်။
ပြန်လည်လက်ခံမယ်ဆိုတာ အရင်ကတည်းက ပြောထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက်က ပြန်မလွှတ်တာသာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
“ပြန်လည်လက်ခံမယ်လို့ ပြောနေတာသည် အရင်ကတည်းကအတိုင်း ပြန်လည် လက်ခံမယ် ပြောပြီးသားဖြစ်တယ်။ နေဖို့နေရာတွေကအစ ပြင်ဆင်ပြီးဖြစ်တယ်။ သုံးလေးကြိမ်လောက် လက်ခံမယ်ဆိုတာလုပ်ပြီးမှ ဟိုဘက်က မလာလို့သာဖြစ်ပါတယ်။ ဟိုဘက်က မလွှတ်တာပဲပေါ့ဗျာ၊ ရှင်းရှင်းလေးပါပဲ။ ဥပမာဆိုရင် ဟိုဘက်မှာပါသွားတဲ့ ဟိန္ဒူတွေရှိတယ် မွတ်ဆလင်တွေတင် မဟုတ်ဘူး ဟိန္ဒူတွေရှိတယ်၊ ဟိန္ဒူတွေနဲ့ ပတ်သက်ပြီး သူတို့လည်း ပြန်လာချင်တယ် ဆက်သွယ်နေတာပါ။ ကျနော်တို့အနေနဲ့က ပထမဆင့် ဒုတိယအဆင့် တတိယအဆင့် လက်ခံဖို့အတွက် ပြင်ပြီးသားဖြစ်တယ်။ လွှတ်မယ့်ရက်အထိ ရောက်ခဲ့ပြီးဖြစ်တယ်။ လွှတ်မယ့်ရက်အထိ ဒီဘက်ကနေပြီး ကျနော်တို့ နယ်ခြားဂိတ်မှာသွားပြီး စောင့်တယ်၊ စောင့်တဲ့အခါမှာ ဟိုဘက်ကနေ မလွှတ်တဲ့ဟာမျိုးတွေဖြစ်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံရေး Agenda (အစီအစဉ်) တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာပဲဖြစ်တယ် ”
စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး ပြန်လက်ခံမယ်ဆိုတာ ပြောထားပြီးဖြစ်သလို လှဖိုးခေါင်ဒုက္ခသည်စခန်းနဲ့ အနီးတစ်ဝိုက်မှာ နေအိမ်တွေကအစ ပြင်ဆင်ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
"နိုင်ငံတကာဖိအားကို ကြောင့်ကြမှုပုံစံနဲ့ ဒီလိုလုပ်ရတာပဲဖြစ်တယ်။ အမှန်တကယ် စိတ်မှန်စေတနာမှန် သူ့မှာမရှိဘူး"
ဒီလိုပြန်ခေါ်မယ်ဆိုတဲ့ကိစ္စဟာ စစ်ကောင်စီအနေနဲ့ တကယ်လက်တွေ့မှာ လုပ်ချင်စိတ် မရှိဘဲ ဟန်ပြလုပ်နေတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က RFA ကို ပြောပါတယ်။
“တရားရုံးမှာလည်း ဒီအတိုင်းပြောနေတာ တကယ်လက်တွေ့မှာ သူတို့ လုပ်ချင်ကိုင်ချင် စိတ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ အချိန်တော်တော်ကြာပါပြီ၊ လူရှစ်သိန်း ကျော်ရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ်က ပို့ထားတာရှိတယ်။ မြန်မာဘက်ကနေ ငါးရာခိုင် နှုန်းလောက်ပဲ Verify (စိစစ်) လုပ်ပြီး ပြန်ပို့တာရှိတယ်။ ဒါလည်း တော်တော်ကြာပြီ၊ ဘာမှ Process (လုပ်ငန်းစဉ်) လုပ်နေတာ တကယ်မရှိဘူး။ ဒါကျနော်မြင်တာကတော့ ဟန်ပြလုပ်နေတယ်ပဲမြင်တယ်။ အခုစစ်တပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Crimes against humanity (လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု) ကျူးလွန်နေတယ်။ ဆိုတော့ ဒီရာဇဝတ်ကောင်တွေ လက်အောက်မှာ ပြန်လာဖို့ဆိုတာ ပြန်လာမယ်ဆိုရင် တောင် လက်တစ်ဆုပ်စာလောက် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ အားလုံးကတော့ ကိုယ်ရ သင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရမှ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မှ ပြန်မယ် ဆိုတဲ့သူက အများစု”
အခုလို နိုင်ငံတကာဖိအားတွေ မြင့်တက်နေချိန်မှာ အရင်ကတည်းက တောင်းဆိုထားတဲ့ နိုင်ငံသားအခွင့်အရေးဆိုတာမျိုးရမှသာ ရွေ့ပြောင်းနေထိုင်သူတွေဘက်ကလည်း ပြန်လာ နိုင်မယ်လို့ သူထင်တယ်လို့ ရခိုင်ပြည်နယ်က ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း က ပြောပါတယ်။
“အရင်တုန်းက သူတို့ပြောနေတာနဲ့ ထပ်တူပဲ အတူတူပဲပေါ့။ ဒါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ပြန်စစ်မှာလားပေါ့၊ ဟိုဘက်ကလည်း ဒီလိုစစ်မယ်ဆိုရင် လာချင်မှလာမှာပေါ့။ သူတို့နေထိုင်ကြောင်း အမှန်တကယ် နေထိုင်ခဲ့တယ်ဆိုရင် လက်ခံဖို့ပေါ့။ တဘက်ကလည်း နိုင်ငံသားဟုတ် မဟုတ် စစ်ဆေးရမယ့်တာဝန်က ရှိနေသေးတဲ့အခါမှာ တော်ရုံတန်ရုံနဲ့ အဲဒီဘက်ကလည်း လာမယ်မထင်ဘူး။ ဒီကာလ ကလည်းပဲ စစ်ကောင်စီအတွက် နိုင်ငံရေးပေါ့နော် နိုင်ငံတကာဖိအား အကျပ်အတည်း တွေ့နေတဲ့ကာလမျိုးမှာ သူတို့ဘက်က တော်တော်ကို အာမခံချက်ရှိမှ အရင်တောင်းဆို ထားတဲ့ကိစ္စတွေပေါ့နော်၊ အဲဒါတွေ ပြည့်စုံမှပဲ လာနိုင်လိ့မ်မယ်လို့ ကျနော်ထင်တယ်”
လတ်တလောမှာတော့ ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထား တဲ့ကိစ္စကို ICJ မှာ ဆက်လက်စစ်ဆေးနေပါတယ်။ စစ်ကောင်စီဘက်က အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးကို စေလွှတ်ထားပြီး ICJ တရားရုံးအနေနဲ့ မြန်မာအပေါ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို စီရင်ပိုင်ခွင့်မရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကန့်ကွက်ထားပါတယ်။
စစ်ကောင်စီရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ (Dr- Christopher Staker) နဲ့ ပါမောက္ခ စတီဖင် တယ်လ်မွန်း (Stefan Talmon) တို့ကလည်း ဂမ်ဘီယာဟာ အိုအိုင်စီရဲ့ကိုယ်စား တရားစွဲပေးပြီး အိုအိုင်စီဟာ နိုင်ငံတစ်ခု မဟုတ်တာကြောင့် ဒီအမှုကို ICJ က လက်မခံသင့်ကြောင်း၊ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ မဟုတ်တာကြောင့် တရားစွဲ ခွင့် မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
ဂမ်ဘီယာဘက်ကလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ လျှောက်လဲချက်ပေးခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာကို တရားစွဲခွင့်ရှိကြောင်းနဲ့ မြန်မာဘက်က ကန့်ကွက် ချက်တွေကို ICJ တရားရုံးက ပယ်ချပေးဖို့ တင်ပြခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow ကလည်း ဒီအမှုဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာတင်မဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုရဲ့ အခွင့် အရေးအရပါ လုပ်ဆောင်နေတာလို့ တင်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက်ဖြန်မှာ မြန်မာစစ်ကောင်စီဘက်က အမှုနဲ့ပတ်သက်လို့ ထပ်မံကန့်ကွက်ဖို့ရှိပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ ဂမ်ဘီယာဘက်က လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်မြောက်ဖို့ ထပ်မံလျှောက်လဲဖို့ရှိနေပါတယ်။