အကူအညီတွေ ပိုမိုရရှိဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေတောင်းဆို
2023.10.19

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က အမေရိကန် အစိုးရရဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း အများစုရှိနေတဲ့ ကော့ဘဇားမြို့ကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချို့နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီတွေ တိုးပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News က သတင်းဖော်ပြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံသွားတဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter ကတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ အခြေအနေ အလွန်ဆိုးနေတာကို မျက်မြင်ကြုံခဲ့ရတယ်လို့ ကော့ဘဇားမြို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောသွားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အများဆုံး ကူညီနေတဲ့ နိုင်ငံဖြစ်တာကို အလေးထားပြီး ထည့်ပြောသွားပါတယ်။
"မြန်မာစစ်ကောင်စီဟာ ပြန်လာမဲ့ ရိုဟင်ဂျာတွေကို သူတို့လိုလားတဲ့ ကျေးရွာတွေမှာ ပြန်ပြီးအခြေချခွင့် မပြုတဲ့အပြင် အကူအညီပေးရေး အေဂျင်စီတွေကို ဝင်ခွင့်မပြုတဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဖြစ်သေးပါဘူး" Afreen Akhter၊ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး
၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကတည်းက၊ အမေရိကန်နိုင်ငံကနေ လူသားချင်းစာနာမှု အကူအညီတွေ စတင်ပေးအပ်ခဲ့တာ အခုဆိုရင် ဒေါ်လာ ၂.၂ ဘီလျံအထိ ရှိသွားပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံရဲ့ ကူညီလှူဒါန်းမှုတွေက အခြားနိုင်ငံတွေထက် အများကြီးပိုများတဲ့အကြောင်း၊ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာ ရှိရှိနဲ့ လုံခြုံစိတ်ချရတဲ့ အခြေအနေဖြစ်မှ နေရပ်ပြန်ဖို့ သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်က လက်ရှိ အခြေအနေတွေဟာ ဒုက္ခသည် တွေ နေရပ်ပြန်လို့ရမဲ့ အခြေအနေ မဟုတ်သေးတဲ့အကြောင်း၊ မြန်မာစစ်ကောင်စီဟာ ပြန်လာမဲ့ ရိုဟင်ဂျာတွေကို သူတို့လိုလားတဲ့ ကျေးရွာတွေမှာ ပြန်ပြီးအခြေချခွင့် မပြုတဲ့အပြင် အကူအညီပေးရေး အေဂျင်စီတွေကို ဝင်ခွင့်မပြုတဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဖြစ်သေးတဲ့အကြောင်း Afreen Akhter က သတင်းထောက်တွေကို ပြောသွားပါတယ်။
ဒီလို ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဒေါ်နူအာဂျဟန်က သူတို့မှာ မိသားစုဝင် ခုနစ်ဦးရှိတဲ့အကြောင်း၊ အခုလိုရင် အစားအသောက် အကူအညီပေးနေတာတွေကို လျော့ချဖြတ်တောက်ထားတာကြောင့် သူ့တို့မိသားစုဝင်တွေ ဝဝလင်လင် မစားရတော့ဘဲ ငတ်မွတ်နေကြပါတယ်လို့ Benar News ကို ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ အခုနှစ်အတွင်းမှာတင် ရိုဟင်ဂျာတွေအတွက် အစားအသောက် အကူအညီပေးနေတဲ့ ပမာဏကို နှစ်ကြိမ်ထိ လျော့ချခဲ့ပြီး အခုလက်ရှိ ရိုဟင်ဂျာ တစ်ဦးကို တစ်လ ၈ ဒေါ်လာနှုန်းပဲ ပေးနိုင်တော့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ ဒုက္ခသည် စခန်းထဲက ရိုဟင်ဂျာ တော်တော်များများဟာ စခန်းအပြင်ကိုထွက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ ကြိုးစားနေကြပါတယ်။ အပြင်ထွက်ဖို့ ကြိုးစားတဲ့သူတွေကို ရဲတွေက ဖမ်းသွားပါတယ်။ တချို့ကလဲ တရားမဝင် လုပ်ငန်းအမျိုးမျိုးနဲ့ ငွေရှာဖို့ ကြိုးစားလာကြပါတယ်။ အကြောင်းကတော့ စခန်းထဲမှာ စားစရာ အလုံအလောက် မရှိလို့ပါလို့ ရိုဟင်ဂျာ ဒုက္ခသည် ဒေါ်နူအာ ဂျဟန် က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ခွင့်မပြုတဲ့အတွက် ဒုက္ခသည်တွေဟာ နိုင်ငံတကာကပေးတဲ့ အကူအညီတွေကိုပဲ အဓိက မှီခိုနေကြရတာပါ။ သူတို့ကို စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ပေးဖို့ နိုင်ငံတကာ အေဂျင်စီတွေက တောင်းဆိုတိုင်းလည်း ငြင်းဆန်ခဲ့ပါတယ်။
ကော့ဘဇားမှာရှိတဲ့ အူခါရီယာ ဒုက္ခသည်စခန်းက မဂျမီလာ အက္ကတာကတော့ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးတစ်ဦးဖြစ်ပြီး မွေးလာမဲ့ ကလေးအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။
ကျွန်မက ကိုယ်ဝန်ဆောင်ပါ။ အာဟာရပြည့်တဲ့ အစားအသောက်တွေ စားဖို့လိုအပ်ပါတယ်။ အခုတော့ အာဟာရရှိတဲ့ အစားအသောက် ဘာမှမရပါဘူးလို့ Benar News ကို ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်တာ အပါအဝင်၊ ရေရှည်ဖြေရှင်းနည်းတစ်ခု ပေါ်ထွက်လာဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နိုင်ငံတကာတို့နဲ့ ပူးပေါင်းပြီးအလုပ်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း၊ ရေတိုမှာတော့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း Afreen Akhter က ပြောသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ထည့်ဝင်လှူဒါန်းဖို့ ကတိပြုကြဖို့ နိုင်ငံတကာ အလှူရှင်တွေကို တိုက်တွန်းနေတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီ ဒုက္ခသည် အကျပ်အတည်းကို မေ့မထားသင့်ပါဘူး။ ထည့်ဝင် လှူဒါန်းမှုတွေ လျော့ကျလာရင်၊ ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ UNHCR ရဲ့ ဒေသတွင်း အစည်းအဝေးမှာ သူက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မြို့မှာလုပ်တဲ့ အစည်းအဝေးမှာ ဗြိတိန်နိုင်ငံက ဒေါ်လာ ၅.၅ သန်း ထပ်ပြီး လှူဒါန်းဖို့ ကတိပြုခဲ့တာ တစ်ခုကလွဲရင် ကျန်တဲ့ ကတိကဝတ်ပြုမှု အသစ်မရှိခဲ့တဲ့အကြောင်း Benar News က ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ဆိုရင် အခုနှစ် ရိုဟင်ဂျာတွေကို အကူအညီပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၈၇၅ သန်းကျော် လိုအပ်ပေမဲ့ ဒီလိုအပ်ချက်ရဲ့ ၄၂ ရာခိုင်နှုန်းပဲ ရသေးတာ ဖြစ်ပါတယ်။