သက်သေအထောက်အထား အမြောက်အမြားရှိဟု ဂမ်ဘီယာ အကျိုးဆောင်ပြောကြား
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုတဲ့အမှုအတွက် ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ Foley Hoag ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင်
2019-11-21 -
-
-
ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Foley Hoag ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ ရှေ့နေ Paul Reichler ကို တွေ့ရစဉ်
Your browser doesn’t support HTML5 audio
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေ အမြောက် အမြား ရှိနေတယ်လို့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုတဲ့အမှုအတွက် ဂမ်ဘီယာနိုင်ငံ ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ Foley Hoag ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ အခြေစိုက်တဲ့ Foley Hoag ဥပဒေအကျိုးဆောင် ကုမ္ပဏီဟာ နိုင်ငံတကာ ဥပဒေနဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေအကြား အငြင်းပွားမှုတွေအတွက် အဓိကထားဆောင်ရွက်နေတဲ့ ဥပဒေ အကျိုးဆောင်လုပ်ငန်းေတစ်ခု ဖြစ်ပါတယ်။
Foley Hoag ဟာ ၂၀၁၂ ခုနှစ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ကြား ရေပိုင်နက်အငြင်းပွားတဲ့အမှုမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကိုယ်စားပြု လျှောက်လဲချက်ပေးခဲ့တဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိ မရှိ ဆိုတာကို Foley Hoag အဖွဲ့က ရှေ့နေ ပေါ ရိုက်ခလာ ကို RFA က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောပါတယ်။
“ဒါနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အများရှိနေပါတယ်။ အချက်အလက် ရှာဖွေရေး အဖွဲ့တွေ၊ ကုလအထူးကိုယ်စာလှယ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ထားတဲ့ အစီရင်ခံစာတွေအများကြီး ရှိပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ဓါတ်ပုံတွေ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် မြန်မာ့ တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူအချို့ရဲ့ ပြောဆိုချက တော်တော်များများအရလည်း မြန်မာနိုင်ငံရဲ့ ရည်ရွယ်ချက် ဟာ ရိုဟင်ဂျာတွေကို လူမျိုးစုတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်ဖို့ ဖြစ်တဲ့အကြောင်း ထင်ရှားပါတယ်။ ဒီအထောက်အထားတွေဟာ အလွန်မှပဲ ခိုင်မာတဲ့အတွက် ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ တရားရုံးအနေနဲ့ လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ဒါ့အပြင် အခုလို ICJ တရားရုံးမှာ တရားစွဲဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ မြန်မာနိုင်ငံဘက်က ပြောကြားချက်အပေါ်ကိုလည်း သူက အခုလို တုံ့ပြန်ထားပါတယ်။
“မြန်မာနိုင်ငံဟာ အရင် ဘားမားနာမည်နဲ့ ရှိစဉ်ကတည်းက ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်တွေကို သဘောတူ လက်မှတ်ထိုးထားခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ဘယ်လူမျိုးစုအပေါ်မဆို လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ တာဝန်ရှိသလို၊ ဒီ သဘောတူညီချက် အခန်း၉ အရ လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံရရင်လည်း ကုလအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ စီရင်ဆုံးဖြတ်ခွင့်ကို လက်ခံဖို့ကိုပါ အလိုအလျှောက်သဘောတူပြီးသားဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဒီသဘော တူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲချက်ကို ICJ တရားရုံး အဆုံးအဖြတ်ခံယူတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်ရာ မရောက်ပါဘူး။"
ဒါ့အပြင် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဟာ စစ်တပ်အပေါ် သြဇာသက်ရောက်မှု မရှိပေမယ့်၊ စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှု တစ်ခုကို မြန်မာတစ်နိုင်ငံလုံးအပေါ် တရားစွဲဆိုထားတာ တရားမျှတမှု ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူက အခုလို ပြောပါတယ်။
“အရပ်သား အစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲ ဖြစ်ဖြစ် အားလုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ ဒီအဖွဲ့ အစည်းတွေရဲ့ လုပ်ရပ်တွေအတွက် နိုင်ငံမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရရဲ့ တစ်စိတ်တစ်ပိုင်းက လူမျိုးတုံး သတ်ဖြတ်မှုကို ဆန့်ကျင်တယ်ဆိုတာကို ကျွန်တော်တို့က လေးစားပါတယ်။ ဒါပေမဲ့ သူတို့ကြောင့်တော့ အခြားအစိတ်အပိုင်း ကျူးလွန်မှုတွေ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။”
ဒီအမှုကို အနိုင်ရအောင် ဘယ်လို လုပ်ဆောင်သွား မလဲဆိုတာနဲ့ ပတ်သက်လို့တော့ Foley Hoag ရှေ့နေအဖွဲ့က Mr Paul Reichler က ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးအနေနဲ့ ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်မှာတော့ တရားစွဲခံရတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။