စကားဝိုင်း ကောက်နုတ်ချက်

စကားဝိုင်းမှာ နောက်ထပ်ပြောဆိုခဲ့ကြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ် စဖြစ်ပါတယ်။ အခုတနင်္လာနေ့ကစပြီး နယ်သာလန်နိုင်ငံ Hague မြို့ရှိ ICJ နိုင်ငံတကာ တရားရုံးမှာ ကျင်းပနေတဲ့ အဲဒီကြားနာပွဲကို စစ်ကောင်စီဘက်က တက်ရောက်ခွင့်ရပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။ Photo: Reuters

ဒီအပတ် RFA စကားဝိုင်းမှာ အဓိကဆွေးနွေးခဲ့တဲ့ပထမဆုံးအချက်ကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ တဆက်တည်းကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့ ဝေဖန်ပါတယ်။

"PPST က အဖွဲ့ကြီးတွေ မလာကြပါဘူး။ အဖွဲ့ငယ်လေးတွေ ၆ ဖွဲ့လောက်ဘဲ တက်ကြပါတယ်။ အခမ်းအနားကိုတော့ တက်ရောက်ခဲ့တဲ့ အဖွဲ့အစည်းတွေတော့ ရှိတာပေါ့။ ဥပမာ ဝ တို့၊ မိုင်းလား တို့ ။ သို့သော်ငြားလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်မှာတော့ မပါဝင်ဘဲနဲ့ ပြန်ပြီး ထွက်ခွာသွားကြတယ်။ RCSS ကလည်း တက်တယ်ဆိုပေမယ့်လည်း သူတို့အနေနဲ့ အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်တွေ မပါဘူး။ ဒါကြောင့် ၁၂ ရက်နေ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေ အကြီးအကျယ် ချမှတ်ပြင်ဆင်ထားပေမဲ့ လက်တွေ့မှာတော့ ဒီ ၁၂ ရက်ကနေ နောက်တစ်ရက်ကို မကူးနိုင်တဲ့ အနေအထားကို ရောက်ရှိပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်ကြီးကလည်း ပြီးဆုံးသွားပါတယ်"

စကားဝိုင်းမှာ နောက်ထပ်ပြောဆိုခဲ့ကြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ် စဖြစ်ပါတယ်။ အခုတနင်္လာနေ့ကစပြီး နယ်သာလန်နိုင်ငံ Hague မြို့ရှိ ICJ နိုင်ငံတကာ တရားရုံးမှာ ကျင်းပနေတဲ့ အဲဒီကြားနာပွဲကို စစ်ကောင်စီဘက်က တက်ရောက်ခွင့်ရပါတယ်။

ICJ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ John Donoghue ကတော့ သူတို့အနေနဲ့ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပေးခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက်တဲ့ ရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ NUG အစိုးရကိုပဲ မြန်မာနိုင်ငံကိုယ်စား တက်ခွင့်ပေးသင့်တယ်လို့ RFA စကားဝိုင်းမှာ ပြောပါတယ်။

“NLD အစိုးရက အရင်တုန်းက ကန့်ကွက်လွှာတင်တာကို NUG အမျိုးသားညီညွတ်ရေးအစိုးရက ဒါကို ပြန်ပြီး withdraw ပြန်ပြီး ရုပ်သိမ်းလိုက်တာက ကျနော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်က ဒီလိုနိုင်ငံတကာတရားမျှတမှု ကိစ္စတွေမှာ ရဲရဲဝင့်ဝင့် ပါဝင်တာ တော်တော်လေး အားကောင်းတယ်။ ကျနော်တို့ ရိုဟင်ဂျာလူထုကလည်း ဒါကို ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာလူထု အနေနဲ့ကတော့ NUG အစိုးရ တက်စေချင်တယ်။ အာဏာသိမ်းစစ်ကောင်စီကု ဘယ်နေရာမှ ကျနော်တို့နိုင်ငံအတွက် ကိုယ်စားမပြုစေချင်ဘူး

တဆက်တည်းဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာာ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထပ်ဆင့်ထုတ်ပြန်ချက်မှာ မြန်မာပြည်ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် စစ်တပ်ကို ဖိအားပေးရန် မဟာမိတ်တွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။ CDM ဗိုလ်ကြီး မင်းမောင်မောင်က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် အင်ဒို ပစိဖိတ် မဟာဗျူဟာမှာ အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာလှုပ်ရှားမှုတခုဖြစ်တဲ့ အခါတိုင်း တရုတ်ပြည်မှာ ဒီမိုကရေစီလှုပ်ရှားမှုပေါ် လှိုင်းတွေ ရိုက်ခတ်မှုရှိတယ်။ ဒါကြောင့်မို့ တရုတ်အနေနဲ့က မြန်မာကို ဒီမိုကရေစီလှုပ်ရှားမှုတွေ မဖြစ်အောင် ထိန်းချုပ်ချင်တယ်။ ဒါကြောင့် တရုတ်က တဖက်မှာ စစ်ကောင်စီနဲ့ ဆက်ဆံသလို အမျိုးသားညီညွတ်ရေးအစိုးရပေါ်မှာလည်း ခြေတစ်လှမ်း လှမ်းထားတဲ့ အနေအထားကို တွေ့ရတယ်။ ကမ္ဘာကြီးမှာ အာဏာရှင်အားပေးတဲ့ နိုင်ငံအုပ်စုနဲ့ ဒီမိုကရက်နိုင်ငံအုပ်စုတွေ အားပြိုင်မှုတွေ ရှိနေတဲ့အချိန်မှာ အကြမ်းဖက် စစ်ကောင်စီက ရုရှားနဲ့ ထဲထဲဝင်ဝင် လွန်လွန်ကဲကဲ ပတ်သက်နေတာတွေ တွေ့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်တွေက သူ့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတယ်လို့ ယူဆတယ်ပေါ့နော်။ ဒါကြောင့်သူ့ရဲ့ အင်ဒို-ပစိဖိတ် စာတမ်းမှာကိုက အာဆီယံနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ပံ့ပိုးကူညီမှုပေးမယ်။ နောက် ဒီဒေသမှာ အင်ဒို ပစိဖိတ်ဒေသမှာ prosperity တို့ commercial မှာလဲ သူတို့အနေနဲ့ security alert ဒါတွေ အကုန်လုံးကို support ပေးမယ်ဆိုတဲ့ အရာတွေကို အတိအလင်းပြောထားတဲ့ အနေအထားကို တွေ့ရတယ်။ အဲဒီတော့ ဒီဟာတွေ ထုတ်လိုက်ခြင်းက မြန်မာပြည်အပေါ်မှာ အကျိုးသက်ရောက်မှု အများကြီးရှိနိုင်တယ်လို့ ကျနော်တို့ အနေနဲ့ သုံးသပ်မျှော်လင့်တယ်”

ဦးသန်းစိုးနိုင်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ ထုတ်ပြန်ချက်ဟာ အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။

“သူ့အနေနဲ့ တရုတ်ရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ လွှမ်းမိုးဖို့ ကြိုးပမ်းလာတဲ့ကိစ္စကို တုံ့ပြန်ဖို့အတွက် အရေးကြီးတဲ့ နေရာတစ်ခုဟာ မြန်မာပြည် ဖြစ်တယ်ဆိုတာ သူက အလေးအနက်ထားပြီး ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် နဲ့ အနောက်ဥရောပ တခွင်လုံးက မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ ကိစ္စမှာ တကမ္ဘာလုံးကို သတင်းအချက်အလက်တွေ မှန်ကန်စွာ ဖြန့်ဝေပေးနေတာ၊ နောက်တခုက ကုလသမဂ္ဂမှာ ကျနော်တို့ တိုင်းပြည်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးနေတာ ဦးကျော်မိုးထွန်းကို နေရာဆက်ပေးနေတာ။ နောက်တခု ထူးထူးခြားခြားပေါ့ဗျာ။ အာဆီယံအဖွဲ့ကနေပြီး အစဉ်အလာမဟုတ်တဲ့ လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ စစ်ကောင်စီအဖွဲ့တွေကို လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချလာတာဟာ အမေရိကန်ရဲ့နိုင်ငံရေးအရ ဦးဆောင်မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ၊ ဒါတွေကြောင့်လို့ ကျနော်တို့က ယုံကြည်ပါတယ်”

ဒီအပတ် ထုတ်လွှင့်ခဲ့တဲ့ RFA စကားဝိုင်းမှာ အထက်ပါအချက်တွေနဲ့ အတူ မြန်မာနိုင်ငံရဲ့လက်ရှိ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပါဝင်ဆွေးနွေးခဲ့သူတွေက ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org