ချင်းပြည်နယ်မြောက်ပိုင်းကို ရိက္ခာသယ်ခွင့် စစ်ကောင်စီတင်းကျပ်

RFA Burmese
2023.05.11
ချင်းပြည်နယ်မြောက်ပိုင်းကို ရိက္ခာသယ်ခွင့် စစ်ကောင်စီတင်းကျပ် ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း ဖြတ်သန်းသွားသည့် ကုန်တင်ကားတစ်စီးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဆီ စားသောက်ကုန်ကားတွေနဲ့ ခရီးသည်တင် ကားတွေ ဖြတ်သန်းသွားလာခွင့်ကို ဧပြီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တီးတိန်၊ တွန်းဇန်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေကို ကုန်စည်တင်ပို့နေတဲ့ ကလေးမြို့ အနောက်ဘက် ခိုင်ကမ်းမြို့ ကိုးမိုင်စစ်ဆေးရေးဂိတ်ကနေ ပိတ်ပင်နေတာပါ။

ခရီးသည်တင်ကားတွေတော့ တစ်စီးကို ကျပ်တစ်သိန်းလောက် အဲဒီဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုပေးရတယ်လို့ ခရီးသွားတွေကပြောပါတယ်။

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-ခိုင်ကမ်း-သိုင်းငင်လမ်း ကနေသွားရတဲ့ ကလေး-ရိဒ်ခေါဒါရ်ခရီးကို အရင်က သုံးသောင်းလောက်ပဲပေးရပေမယ့် အခု တစ်သိန်းဝန်းကျင်အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ  ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် ကားခတွေရော၊ စားသောက်ကုန်တွေပါ စျေးတက်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဓိကတော့ ဂိတ်ကြေးတွေ အဆမတန်တောင်းတော့ အဲလိုပေးရတဲ့အခါကျတော့ ကြားမှာ ပြည်သူလူထုက ခံရတာလေ။ ကုန်စျေးနှုန်းတက်တာတွေ အခုချိန်မှာက အလုပ်အကိုင်ရှားပါးတဲ့အခြေအနေမျိုးမှာရှိတဲ့အတွက်ကြောင့် တစ်နေ့ရှာ၊ တစ်နေ့စားတွေအတွက် ခက်ခဲတယ်။ ကုန်စျေးက တော်တော်ကြီးတယ်။ ဆန် ဧရာမင်းတစ်အိတ်ကို ကိုးသောင်း၊ ကိုးသောင်းခွဲ အဲလောက်တက်သွားတယ်"

ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကိုသွားဖို့  ကလေးမြို့တက္ကသိုလ်အနီး (၈) မိုင်ဂိတ်၊ ခိုင်ကမ်း ကိုးမိုင်ရဲစခန်းဂိတ်၊ သိုင်းငင်းရွာ စစ်ဆေးရေးဂိတ်၊ ဖလမ်းမြို့ဗားရ်စစ်ဆေးရေးဂိတ်၊ ရိဒ် စစ်ဆေးရေးဂိတ်နဲ့ ဟားခါးမြို့အဝင်ဂိတ် စတဲ့ စုစုပေါင်း ခြောက်နေရာ ရှိနေပါတယ်။

မတ်လ ၉ ရက်နေ့က ကလေးမြို့ကနေ ဟားခါးမြို့ကိုလာတဲ့ စစ်ကောင်စီတပ်ကို ချွန်ကျုံးရွာမှာ ချင်းဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့သလို၊ မေလ ၁ ရက် နေ့မှာတော့ ဂန့်ဂေါမြို့ကနေ ဟားခါးကိုသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ ဟားခါး-ဂန့်ဂေါ် ကားလမ်းမှာတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီအချိန်ကတည်းက ကလေး- ဟားခါးလမ်းကိုသွားလာလို့မရတာ နှစ်လနီးပါးရှိနေပါပြီ။ ဒါကြောင့် ကုန်စည်စီးဆင်းမှုလည်းမရှိတော့ ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ချင်းပြည်နယ်မှာစိုက်ပျိုးဖို့ ခက်တဲ့ ဆန်စပါးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေသွားတဲ့ လမ်းနဲ့ မကွေးတိုင်း ကျောက်ထုဘက်ကနေသွားတဲ့လမ်းကနေ သယ်ယူတင်ပို့ရတာပါ။ အခုတော့ အဲဒီ လမ်းတွေအကုန်လုံးကို စစ်ကောင်စီကပိတ်ပင်ကန့်သတ်ထားတာလို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် ဟားခါးမြို့မှာ ဆန်ဝယ်လို့မရတော့မှာကို စိုးရိမ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

"ဂန့်ဂေါလမ်းလည်းမရဘူး၊ ကလေးလမ်းလည်းသွားလို့မရဘူး၊ ဘယ်လမ်းနဲ့မှ ဟားခါးဝင်လို့ မရသေးဘူး။ ဟားခါးသွားတဲ့လမ်းတွေပိတ်တော့ အရင်က နှစ်ပတ်ဆို ဆန်ဝယ်ဖို့မရှိဘူး၊ ဆန်ကုန်သွားတယ်။ အခုကတော့ ဂန့်ဂေါက ဘယ်ကနေ တက်လာတာလဲမသိဘူး။ နည်းနည်းပါးပါး ရောက်လာတာရှိတယ်။ အဲဒါကြောင့် အခုဆန်ဝယ်ဖို့နည်းနည်းပါးပါးရှိတော့ အခုသက်သာလာတယ်"

အရင်ကတည်းက စစ်ကောင်စီဟာ သူတို့သတ်မှတ်ချက်ထက်ကျော်ပြီး ကုန်တင်ပို့မှုကို ငွေတောင်းသလို ရဲစခန်းထောက်ခံစာပါမှ သွားလာခွင့် ပြုခဲ့တာပါ။ အခုတော့ ပိုပြီးပိတ်ပင်တာဟာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ ရိက္ခာမရောက်နိုင်အောင် ဖြတ်တောက်လိုက်တာလို့  ချင်းဒေသကာကွယ်ရေး ပူးပေါင်းကော်မတီ၊ အထွေထွေ အတွင်းရေးမှူး ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

"စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်အနေနဲ့ ချင်းပြည်နယ်ရဲ့ နေရာ တော်တော် များများမှာ ဆိုလို့ရှိရင် ကုန်စည်စီးဆင်းမှု၊ ဆန်ကအစ သူတို့သတ်မှတ်ထားတဲ့ အရာတွေထက်ကိုကျော်လွန်ရင် ရဲစခန်းရဲ့ ထောက်ခံစာတွေလိုတယ်။ ဘယ်လိုက မှာတယ်၊ အဲ့လိုပေါ့။ CDF၊ PDF တွေဆီမှာ လုံးဝ ကုန်စည်မရောက်အောင် သူတို့အကုန်ကန့်သတ်ထားတယ်လို့ မြင်ပါတယ်"

အာဏာသိမ်းပြီးချိန်ကစလို့ ထန်တလန်မြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်တွေကို စားသောက်ကုန်သယ်ယူခွင့်တွေ ကို ကန့်သတ်ခဲ့ပြီး လက်ရှိမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက် ထားပါတယ်။

"ကုန်စည်စီးဆင်းမှု၊ ဆန်ကအစ သူတို့သတ်မှတ်ထားတဲ့အရာတွေထက်ကိုကျော်လွန်ရင် ရဲစခန်းရဲ့ ထောက်ခံစာတွေလိုတယ်"

ချင်းပြည်နယ်ကို ကုန်စည်သယ်ယူခွင့် ပိတ်ပင်ကန့်သတ်တာနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမူရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် ဖုန်း လက်ခံဖြေဆိုတာမရှိပါဘူး။

အခုလို စားနပ်ရိက္ခာနဲ့၊ ခရီးသွားလာတာတွေကန့်သတ်တာဟာ ချင်းလူမျိုးတွေကို စစ်ကောင်စီက ရည်ရွက်ချက်ရှိရှိ ကန့်သတ်ပိတ်ပင်နေတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က ပြောပါတယ်။

"စစ်ကောင်စီက ချင်းပြည်နယ်အတွင်းမှာ စားနပ်ရိက္ခာတွေကို ထိန်းချုပ်ပြီးတော့ ဒီလိုလုပ်တာသည် သူတို့ရဲ့ ဖြတ်လေးဖြတ် ပေါ်လစီကိုအကောင်အထည်ဖော်တာဖြစ်တယ်။ ပြည်သူလူထုတွေကို နစ်နာအောင်လုပ်ဆောင်ခြင်းလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်"

ဒီလုပ်ရပ်ဟာ နိုင်ငံတကာရာဇဝတ်မှုနဲ့ဆိုင်တယ်လို့လည်း သူကပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။