မီဒီယာတွေကို တပ်မတော် သုံးသပ်ပြောဆိုမှုပေါ် သတင်းသမားတွေရဲ့တုံ့ပြန်ချက်
တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေတာဟာ မီဒီယာတွေလုပ်စားဖို့ မဟုတ်သလို တပ်မတော်က ဖော်ပြလိုတဲ့သတင်းတွေကို မီဒီယာတွေက မဖော်ပြဘဲချန်ထားတယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီရဲ့ ပြောဆိုမှုဟာ မီဒီယာတွေရဲ့ လုပ်ငန်းတာဝန်တွေကို တပ်မတော်ဘက်က နားမလည်တာကြောင့်လို့ သတင်းမီဒီယာသမားတွေက တုံ့ပြန်ပြောကြပါတယ်။
-
2019-06-25 -
-
-
Your browser doesn’t support HTML5 audio
သတင်းမီဒီယာတွေရဲ့ လုပ်ငန်းသဘောကို နားမလည်ဘဲ မီဒီယာတွေကို ဝါဒဖြန့်ချိရေး လက်နက်လိုမြင်နေတဲ့ အတွက် မီဒီယာတွေလုပ်စားဖို့ တပ်မတော်က သတင်းစာရှင်းလင်းပွဲလုပ်တာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေကို တပ်မတော်ဘက်က ပြောလာတာလို့ သတင်းမီဒီယာသမားတွေက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက သတင်းမီဒီယာတချို့အနေနဲ့ တပ်မတော်ရဲ့ အရေးယူဆောင်ရွက်မှုတွေအပေါ် အကျယ်ချဲ့ပြောတာ၊ ထည့်သွင်းလိုတာတွေကိုပဲ ထုတ်နှုတ်ဖော်ပြတာ၊ ပြဿနာပိုဖြစ်အောင်ရေးသားကြတာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အကူမဖြစ်တာတွေကို ရေးသားဖော်ပြနေတာတွေရှိတယ်ဆိုပြီး ပြောခဲ့ တာပါ။
“မီဒီယာသမားတွေ တရားစွဲဆိုခံနေရတာတွေရှိတယ်။ ဥပဒေတွေ ကို အသုံးချပြီး အာဏာနဲ့ မတန်တဆလုပ်နေတာတွေရှိတယ်။ အဲဒါ မျိုးတွေက ဒီလိုမျိုးရေးသားစေတဲ့ အကြောင်းအရင်းတွေ ဖြစ်လာစေ တဲ့ အကြောင်းအရင်းဆိုတာကိုလည်း နားလည်သင့်တယ်။ ဘာဖြစ် လို့လည်း တဖက်နဲ့ တဖက်အမုန်းဖြစ်လာရင် မီဒီယာကလည်း အမှားကိုစောင့်ပြီး ခံစားချက်တွေရှိလာရင် ဒီဟာမျိုးတွေအရိပ်က အဲမှာသွားထင်တယ်။ ကျနော်တို့က မီဒီယာဆိုတာ ဘက်မလိုက် ရဘူး။ အဲလို သင်ကြားချက်ရှိသော်လည်း ခံစားချက်ရှိရင် အဲဒီဟာက သွားထင်နိုင်တယ်။”
တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်တွေ၊ အသက်စွန့်လွှတ်သွားတဲ့ တပ်မတော်သားတွေရဲ့ ဆောင်ရွက်ချက်တွေကို သတင်းမီဒီယာတွေက မဖော်ပြဘဲ ချန်လှပ်ခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး (၂) ဦးသာလွန်စောင်းထက် က လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ လုပ်ပိုင်ခွင့်နဲ့ ဝါဒဖြန့်မီဒီယာရဲ့ ဆောင်ရွက်ချက်အပေါ် တပ်မတော်က ကွဲကွဲပြားပြားနားမလည် တာကြောင့် အခုလို ပြောတာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ပြောချင်တိုင်း၊ သူတို့ရေးစေချင်တိုင်း ရေးရအောင် ကျနော် တို့က သူတို့ရဲ့ ဝါဒဖြန့်တဲ့နေရာမဟုတ်ဘူး။ တပ်မတော်ဆိုတာ အသက်စွန့်ပြီးတော့ နိုင်ငံကိုကာကွယ်ရတယ်ဆိုတာ ကမ္ဘာမှာရှိတဲ့ တပ်မတော်တိုင်းရဲ့တာဝန်ပဲ။ မြန်မာ့တပ်မတော်ကြီးကမှ ထူးခြားပြီး အသက်စွန့်ပြီး မြန်မာနိုင်ငံကို ကာကွယ်နေတယ်ဆိုလို့ရှိရင် ကျနော် တို့က သတင်းရေးရမှာပေါ့။ သူတို့မှာလည်း ဝါဒဖြန့်တဲ့မီဒီယာ ရှိနေတာပဲ။ သူတို့မီဒီယာမှာလည်း သူတို့ပြောနေတာပဲ။”
သူတို့ရေးစေချင်တိုင်း ရေးရအောင် ကျနော်တို့က သူတို့ရဲ့ ဝါဒဖြန့်တဲ့နေရာ မဟုတ်ဘူး။
မီဒီယာတွေကို ဝါဒဖြန့်ချိရေးလို တပ်မတော်က သဘောထားနေ တယ်ဆိုတဲ့ သတင်းသမားတွေရဲ့ တုံ့ပြန်ပြောဆိုချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ --- မဟုတ်မှန်ကြောင်းနဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို တပ်မတော်အနေနဲ့ နားလည်တယ်လို့ ဒီနေ့ ဖြေကြားခဲ့ပါတယ်။
“ကျနော်တို့ ရင့်ကျက်ပါတယ်။ ကျနော်တို့ကို ဝေဖန်တာ ကျနော်တို့ ဘာမှမပြောပါဘူး။ သတင်းလွတ်လပ်ခွင့်ကိုလည်း ဘာမှမတားဆီး ပါဘူး။ မပိတ်ပင်ပါဘူး။ သတင်းက သတင်းအတိုင်းဖြစ်ဖို့လိုတာပေါ့။ ဒါပေမဲ့ လိုရာဆွဲပြီး ဖော်ပြနေကြတဲ့အပေါ် မှန်မှန်ကန်ကန်လုပ်စေ ချင်တယ်လို့ ပြောတာပါ။ ကျနော်တို့ အားလုံးသိမ်းကြုံးပြီး ပြောဆိုနေ တာမရှိပါဘူး။”
တပ်မတော်ရဲ့ လုပ်ငန်းတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်တာကို သတင်းမီဒီယာတွေက ရေးသားဖော်ပြမှာမဟုတ်ဘဲ တာဝန် မဟုတ်တဲ့ နိုင်ငံရေးပိုင်းမှာ ပါဝင်နေတာကိုတော့ မီဒီယာတွေက ထောက်ပြ မှာဖြစ်ပြီး၊ ဒါဟာတပ်မတော်အပေါ် မီဒီယာတွေက မကောင်းမြင်နေတာ မဟုတ်ဘူးလို့လည်း သတင်းသမားတွေက တုံ့ပြန်ကြပါတယ်။
အစိုးရ၊ တပ်မတော်၊ အရပ်ဖက်အဖွဲ့အစည်း အသီးသီးက မိမိတို့ဖော်ပြလိုတဲ့ အကြောင်းအရာတွေကို သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောတာတွေရှိပေမယ့် သတင်းမီဒီယာတွေကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့ အကြောင်းအရာအားလုံးကို ဖော်ပြမှာမဟုတ်ဘဲ မိမိတို့ဌာနရဲ့ မူဝါဒနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေကိုသာ ထုတ်နှုတ်ဖော်ပြကြမှာဖြစ်ပြီး၊ ဒါဟာလည်း မြန်မာအလင်း၊ ကြေးမုံ၊ မြဝတီ အစရှိတဲ့ အစိုးရနဲ့ တပ်မတော်ပိုင် သတင်းဌာနတွေလည်း လုပ်လေ့ရှိတဲ့အရာတွေ ဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေက ပြောကြပါတယ်။
နိုင်ငံခြားသတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်တဲ့ ဦးသီဟသွေးက တချို့မီဒီယာတွေမှာ စစ်အစိုးရခေတ်က ခံစားခဲ့ရတာတွေကို မမေ့ပျောက်နိုင်တဲ့ သတင်းအယ်ဒီတာတွေရှိနေပြီး အဲဒီလိုအမြင်တွေကိုလည်း မီဒီယာတွေ ဘက်က တည့်မတ်ဖို့ လိုတယ်လို့ ပြောပါတယ်။
“အကုန်လုံးကိုတော့မဟုတ်ဘူး။ တချို့မီဒီယာတွေမှာတော့ သတင်းအယ်ဒီတာဖြစ်ဖြစ် သတင်းထောက်ပဲဖြစ်ဖြစ် သူတို့မှာရှိတဲ့ နိုင်ငံရေးအမြင်လေးတွေနဲ့ ကြည့်ပြီး ရေးတဲ့သားတဲ့အခါမှာ အဲဒီလို ယူဆစရာဖြစ်သွားတဲ့အခါလည်း ရှိပါတယ်။ သတင်းမီဒီယာတချို့ ဆိုပြီးခဲ့တဲ့ စစ်အစိုးရခေတ်ကတည်းက ဖြတ်သန်းလာခဲ့တာကြတော့ အမြင်တွေ သုံးသပ်မှုတွေက တော်လှန်ရေးဆန်တယ်။ အမြဲတမ်း တပ်မတော်က မှားတယ်။ မဟုတ်တာလုပ်တော့မယ်ဆိုတဲ့ အခံလည်းရှိတယ်။ ဒါလေးကို ပြန်ပြီးတည့်မတ်နိုင်ဖို့ အားနည်းတဲ့ မီဒီယာတချို့လည်းရှိတယ်။”
တပ်မတော်ကို ဝေဖန်ရေးသားလို့ ဆက်သွယ်ရေးဥပဒေနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ သတင်းမီဒီယာသမား ရှစ်ဦး ရှိတယ်လို့ အသံ အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တပ်မတော်က လွိုင်ကော်မြို့နယ် တောင်သူလယ်သမားထွန်တုံး တိုက်ပွဲသတင်းရယူခဲ့တဲ့ DVB၊ Eleven နဲ့ Kantarawaddy Times သတင်းဌာန သုံးခုက သတင်းသမား သုံးဦးကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၂ နဲ့ တရားစွဲဆိုထားပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)