သတင်းထောက်တွေကို ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတဲ့ အခြေအနေ
သတင်းထောက်တွေကို သူရေးလိုက်တဲ့သတင်းအတွက်မဟုတ်ဘဲ လုပ်ရပ်နဲ့မဆိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့တရားစွဲနေတဲ့အခြေအနေဟာ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေတယ်ဆိုတာ သက်သေပြဖို့ခက်နေသလို၊ တရားစီရင်ရေးကိုလည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ သုံးသပ်ပြောဆို ကြပါတယ်။
- 2017-08-01
-
-
-
Your browser doesn’t support HTML5 audio
သတင်းထောက်တွေကို သူရေးလိုက်တဲ့သတင်းအတွက်မဟုတ်ဘဲ လုပ်ရပ်နဲ့မဆိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့တရားစွဲနေတဲ့အခြေအနေဟာ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေတယ်ဆိုတာ သက်သေပြဖို့ခက်နေသလို၊ တရားစီရင်ရေးကိုလည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ သုံးသပ်ပြောဆို ကြပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့လတွေမှာ သတင်းထောက်တွေအနေနဲ့ စစ်အစိုးရလက်ထက်ကရေပန်းစားခဲ့တဲ့ မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)တို့၊ ပုဒ်မ ၆၆ (ဃ) တို့နဲ့ဖမ်းဆီးတရားစွဲခံရနေရတာတွေ့ရပါတယ်။ တကယ်တော့သူတို့ဟာ သူတို့ရေးသားဖြန့်ချီလိုက်တဲ့သတင်းအတွက် အဖမ်းခံရတာ၊ သတင်းမီဒီယာ ဥပဒေတွေနဲ့တရားစွဲခံရတာမဟုတ်ပဲ၊ မသက်ဆိုင်တဲ့အကြောင်းတရားတွေ၊ ပုဒ်မတွေနဲ့တရားစွဲခံနေရ တာကလည်း ထူးခြားချက်ဖြစ်နေပါတယ်။
The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေဆိုရင် သူ့တာဝန်ခံရတဲ့သတင်းစာမှာဖေါ်ပြ လိုက်တဲ့ ကျည်ထောင်စုသစ္စာ ဆိုတဲ့သရော်စာကို သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ်မှာ ပြန်မျှဝေလို့ဆိုပြီး စစ်တပ်က ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲတာဖြစ်နေပါတယ်။
ဧရာဝတီနဲ့ DVB သတင်းထောက်တွေကလည်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တဖွဲ့ဖြစ်တဲ့ TNLA တအာန်းလွတ်မြောက်ရေးတပ်မတော်နယ်ထဲ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့သတင်းသွားယူတာကို မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့တရားစွဲခံရတာဖြစ်နေပါတယ်။
တခါ ဦးကိုနီလုပ်ကြံမှုမှာ နောက်ကွယ်ကပါဝင်ပတ်သက်နေတဲ့စစ်ဗိုလ်ဟောင်းတချို့နဲ့ပတ်သက်ပြီး ရေးသားဖေါ်ထုတ်ခဲ့ဖူးသလို၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုတွေရဲ့ ကလေးသူငယ်နှိပ်စက် ညှင်းပမ်းမှု၊ ရဲဘက်အကျဉ်းစခန်းတွေကမတရား အလုပ်ခိုင်းမှုတွေကိုဖေါ်ထုတ်ဖူးတဲ့ Myanmar Now အယ်ဒီတာကိုဆွေဝင်းကိုလဲ သူရေးခဲ့တဲ့သတင်းတွေကိစ္စနဲ့မဟုတ်ပဲ၊ ဦးကိုနီလုပ်ကြံမှုနဲ့ပတ်သက်လို့ သူ့သတင်းဌါနမှာဖေါ်ပြလိုက်တဲ့ဆောင်းပါးမှာပါတဲ့ သံဃာတပါးရဲ့ ဦးဝီရသူရဲ့ပြောဆိုဝေဖန်ချက်ကို ပြန်သုံးသပ်တဲ့ သုံးသပ်ချက်ကို ဖေ့စ်ဘွတ်မှာပြန်မျှဝေလို့ဆိုပြီး ဖမ်းဆီး တရားစွဲခံရတာဖြစ်နေ ပါတယ်။
ဒီဖြစ်ရပ်တွေကိုကြည့်ရင် တပ်မတော်နဲ့တနည်းတဖုံပတ်သက်တဲ့အကြောင်းအရာရေးသားသူတွေ၊ ရဲရဲဝံ့ဝံ့ဖေါ်ထုတ်တင်ပြနေတဲ့ သတင်းထောက်တွေကို ဟန့်တားခြိမ်းခြောက်တာမျိုးဖြစ်နေပြီ လားဆိုတဲ့ မေးခွန်းတွေပေါ်ထွက်နေပါတယ်။ အထူးသဖြင့် စစ်တပ်အနေနဲ့သူ့တို့ကို တပ်မတော်လို့ ခေါ်ဝေါ်သုံးစွဲဖို့၊ ဗိုလ်ချုပ် ဗိုလ်မှူးအစရှိတဲ့ရာထူးဆိုင်ရာ အခေါ်အဝေါ်တွေကို သူတို့အတွက်သာသုံးဖို့ ဆိုပြီးတော့လဲ ဖွင့်ဟပြောဆိုလာတဲ့အထိရှိနေပါတယ်။
သတင်းစာဆရာတွေအနေနဲ့ အခုလိုမထင်မှတ်ပဲဖမ်းဆီးခံနေရ၊ တရားစွဲခံနေရတာတွေကြောင့် နေ့စဉ်ရေးသားဖေါ်ပြနေရတဲ့သတင်းတွေ၊ သုံးသပ်ချက်တွေ၊ ဝေဖန်ရေးဆောင်းပါးတွေကို လွတ်လွတ်လပ်လပ်ရေးနေရတယ်လို့မခံစားရတော့ပဲ စိုးရိမ်မှုတွေရှိလာနေတယ်လို့လဲပြောကြပါတယ်။
ဒီမိုကရေစီစစ်စစ်နိုင်ငံတခုရဲ့အင်္ဂါရပ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင် ၃ ခု က တခုချင်းစီသီးခြားလွတ်လပ်ပြီး တခုနဲ့တခုထောက်ပြအမှီသဟဲပြုနေရမှာဖြစ်သလို သတင်းမီဒီယာ ကိုလဲ စတုတ္ထမဏ္ဍိုင်အဖြစ်အသိအမှတ်ပြုပြီး သီးခြားလွတ်လပ်နေဖို့လိုတယ်ဆိုတာ ကမ္ဘာ့မှာအမြဲ ပြောဆိုနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်တည်ဆောက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့လဲ ဒီကဏ္ဍ လေးခုဘယ်လိုရှိနေလဲဆိုတာနဲ့တိုင်းတာရမှာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာ။