ချေးငွေတွေ ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေးတောင်းနေ

နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ ကိုဗစ်ကာလ ရန်ပုံငွေကနေ ချေးထားတဲ့ ငွေတွေကို ဇူလိုင် ၁ ရက်နေ့မတိုင်ခင် အတိုးနဲ့အရင်းအားလုံး အကျေဆပ်ဖို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

စပါးစိုက်ပျိုးနေကြသည့် စစ်ကိုင်းတိုင်းမှ လယ်သမားတချို့အား ၂ဝ၂၃ ခုနှစ် ဇူလိုင်လနှောင်းပိုင်းက‌ တွေ့ရစဉ်။

နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ ကိုဗစ်ကာလ ရန်ပုံငွေကနေ ချေးထားတဲ့ ငွေတွေကို ဇူလိုင် ၁ ရက်နေ့မတိုင်ခင် အတိုးနဲ့အရင်းအားလုံး အကျေဆပ်ဖို့ ဇွန်လဆန်းလောက်ကစပြီး စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

၂ဝ၂ဝ ခုနှစ် ကိုဗစ်ကာလမှာ လယ်သမားတစ်ဦးကို လယ်တစ်ဧကအတွက် ငွေကျပ် တစ်သိန်းခွဲနှုန်းနဲ့ လယ်ဆယ်ဧကအထိ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးထားသလို ကိုဗစ်ချေးငွေအဖြစ် လယ်သမားတစ်ဦးကို ငွေကျပ် ငါးသိန်းပါ ထပ်တိုးချေးခဲ့တာဖြစ်ပါတယ်။ ချေးငွေပြန်မဆပ်ရင် အရေးယူခံရမဲ့အပြင် လယ်ယာမြေသိမ်းမယ်ဆိုပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်နေတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။

"မဖြစ်မနေ ဘေးကနေ အတိုးနဲ့ရှာပြီးတော့ ဆပ်လိုက်ရတယ်"

ချေးငွေတွေ အကျေပြန်ဆပ်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတာကြောင့် အတိုးကြီးကြီးနဲ့ ချေးငွေယူပြီး ပြန်ဆပ်နေရသူတွေရှိသလို လယ်တွေ၊ ယာတွေ၊ ကျွဲ၊ နွားတွေရောင်းချပြီး ပြန်ဆပ်နေရသူတွေလည်း ရှိပါတယ်။

ချေးငွေတွေကို ပြန်မဆပ်ရင် အရေးယူမယ်ဆိုတာကြောင့် ငွေတိုးနဲ့ယူပြီး ဆပ်ခဲ့ရလို့ အခက်အခဲတွေ ပိုဖြစ်ရတယ်လို့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာအုပ်စုမှာ နေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

“ကိုဗစ်ချေးငွေလေးကိုပဲ ပေးပါရစေပေါ့။ အတိုးနဲ့ ကိုဗစ်ချေးငွေ ငါးသိန်းနဲ့ဆိုတော့ သူတို့က လက်သင့်မခံဘူး။ အကုန်လုံး နှစ်ခုပေါင်းပြီးအကျေပေးမှ လက်သင့်ခံမယ်ဆိုလို့ ကိုကြီးတို့က အဲဒီငွေကို မဖြစ်မနေရှာပြီးတော့ သွားပြီးဆပ်လိုက်ရတယ်။ မဖြစ်မနေ ဘေးကနေ အတိုးနဲ့ရှာပြီးတော့ ဆပ်လိုက်ရတယ်။ ဘဏ်ငွေက ဆယ့်ငါးသိန်းနဲ့ ဒီကိုဗစ်ချေးငွေ ငါးသိန်းနဲ့ဆို နှစ်ဆယ်ပေါ့”

ဘိုကလေးမြို့နယ် အေရာကျေးရွာအုပ်စုက လယ်သမားတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ဇွန်လ ၃ ရက်နေ့က ပေးပို့တဲ့ ချေးငွေပြန်ဆပ်ဖို့ သတိပေးစာကို RFA က ရရှိထားပါတယ်။

အဲဒီသတိပေးစာမှာ ကိုဗစ်ချေးငွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အတိုးနဲ့ဒဏ်ကြေးအတိုးအပြင် အရင်းပါ ဆပ်ရမယ်လို့ ပါရှိပြီး ချေးငွေဆပ်ဖို့ ပျက်ကွက်ရင် မြေနဲ့အခွန်အက်ဥပဒေပုဒ်မ ၄၅ အရ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။ ဧရာကျေးရွာအုပ်စုက ကျေးရွာတွေမှာတော့ တစ်ရွာကို လယ်သမား ၂၀ လောက် သတိပေးစာအပို့ခံရပြီး လယ်သမားအများစု ချေးငွေမဆပ်နိုင်ကြသေးဘူးလို့လည်း ပြောပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က ချေးငွေယူထားတဲ့ လယ်သမားတွေလည်း အလားတူ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ချေးငွေပြန်မဆပ်ရင် အရေးယူမယ်ဆိုတာကြောင့် ရှိတာရောင်းပြီး ချေးငွေပြန်ဆပ်နေရတယ်လို့ လက်ပံတန်းမြို့နယ် ခပုံဆိပ်ကျေးရွာအုပ်စုက လယ်သမားတစ်ဦးက ပြောပါတယ်။

“ပြည်သူလူထုကတော့ သိတဲ့အတိုင်းပဲ ကုန်စျေးနှုန်းကလည်းကြီး။ ပြည်သူလူထုကလည်း မပေးနိုင်တော့ တချို့သူတွေကျတော့လည်း မပေးနိုင်ဘူး။ မရ၊ ရအောင် ရှာကြံနေရတယ်ပေါ့။ နွားရောင်းတဲ့သူက ရောင်း၊ ကိုင်းရောင်းတဲ့သူက ရောင်း၊ လယ်ရောင်းတဲ့သူက ရောင်း။ သူတို့က မပေးဘူးဆိုရင် သူတို့က ဖမ်းမယ်၊ ဆီးမယ်။ မပေးနိုင်ဘူးဆိုရင်”

ရန်ကုန်တိုင်း သုံးခွမြို့နယ်က လယ်သမားအများစုလည်း ချေးငွေပြန်ဆပ်ဖို့ ခက်ခဲနေကြပါတယ်။

ချေးငွေမဆပ်တဲ့ လယ်သမားတွေရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇) တွေကို သိမ်းယူပြီး လေလံတင် ရောင်းချမယ်ဆိုတဲ့အကြောင်း သုံးခွမြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက ကြေညာထားတယ်လို့ သုံးခွမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

“မဆပ်ရင်တော့ ဒါတွေက ဘေးမှာတင်ရောင်းစားပြီး လေလံတင်မယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့ဗျာ။ ဘေးကို လွှဲပြောင်းပေးမယ်ဆိုတဲ့ ပုံစံလေးတွေတော့ သူတို့ လုပ်ထားကြတယ်လေ”

ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေကို ကုစားဖို့ဆိုပြီး ကိုဗစ် ၁၉ ရန်ပုံငွေ ကျပ်ငွေ ဘီလီယံ ၂ဝဝ နီးပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂ဝ၂ဝ ဧပြီလက စတင်ထုတ်ချေးခဲ့တာဖြစ်ပါတယ်။ အဲဒီချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ စတဲ့ လုပ်ငန်းဆယ်မျိုးကို တစ်နှစ် အတိုးတစ်ရာခိုင်နှုန်းနဲ့ ချေးငွေကာလ တစ်နှစ် ထုတ်ပေးခဲ့တာပါ။ ချေးငွေကာလ တစ်နှစ်ပြည့်ပြီးနောက် ခြောက်လနှစ်ကြိမ်နဲ့ တစ်နှစ် ထပ်တိုးခွင့်ပြုခဲ့ပြီးနောက် ဇူလိုင် ၁ ရက်နေ့မတိုင်ခင် အတိုးရော အရင်းပါ အကျေဆပ်ဖို့ ဖိအားပေးလာတာဖြစ်ပါတယ်။ ချေးငွေပြန်ဆပ်ဖို့ ပျက်ကွက်ရင် လုပ်ငန်းဆိုင်းငံ့တာ၊ အမည်ပျက်စာရင်းသွင်း ကြေညာတာ၊ ဥပဒေကြောင်းအရ လိုအပ်တာတွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မကွေးတိုင်းက လယ်လုပ်ငန်းလုပ်ကိုင်နေကြသည့် လယ်သမားများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ တောင်သူလယ်သမားအရေး ဆောင်ရွက်သူလည်းဖြစ်တဲ့ ဦးစိန်ဝင်းက ချေးငွေတွေကို အခုလို လယ်လုပ်ငန်းပြန်စချိန်မှာ မတောင်းသင့်ဘူးလို့ ပြောပါတယ်။

“တောင်သူလယ်သမားဆိုတာက တစ်နိုင်ငံလုံးရဲ့ စားနပ်ရိက္ခာ။ တစ်နိုင်ငံလုံး ဒီပါးစပ်ပေါက်ကြီးနဲ့ စားသောက်နေကြတာ။ အဲဒီတော့ အားလုံးမှာ တာဝန်ရှိတယ်။ သူတို့တစ်တွေ စိတ်ဓာတ်မကျအောင်။ သူတို့တွေ စိတ်ဓာတ်မဆုံးရှုံးအောင်။ ဒီ စိုက်ပျိုးရေးသာ စိတ်ဓာတ်ဆုံးရှုံးရင် ကျွန်တော်တို့နိုင်ငံသွားပြီ။ ဒုက္ခရောက်မှာ”

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ ဧရာ၀တီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ ရန်ကုန်တိုင်းပြောခွင့်ရ တိုင်းဥပဒေချုပ် ဦး‌‌ဌေးအောင်နဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာတာနဲ့ တစ်ပြိုင်နက် အထွေထွေအကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၄၂ သန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအထဲမှာ လူပေါင်း ၁၃ သန်းကျော်က စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org