မှတ်ပုံတင်တစ်ခုထက် ပိုကိုင်ဆောင်သူတွေကို စစ်ကောင်စီ သတိပေး

2022.11.07
မှတ်ပုံတင်တစ်ခုထက် ပိုကိုင်ဆောင်သူတွေကို စစ်ကောင်စီ သတိပေး စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက လူဦးရေစာရင်း ပုံစံ (၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် စာရင်းသွင်းရန် ပြင်ဆင်နေသည်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: myawady.net.mm

အာဏာသိမ်းထားတဲ့ ၂၁ လအတွင်းမှာ နိုင်ငံအတွင်းက လူဦးရေ ၅၂ သန်းရဲ့ မှတ်ပုံတင် ကိုယ်ရေးအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက (E-ID) လို့ ခေါ်တဲ့ Electronic ID စနစ်နဲ့ စာရင်းသွင်းဖို့ ပြင်ဆင်နေပါတယ်။

အဲဒီစနစ်အရ လူတစ်ယောက်၊ မိသားစုတစ်စုဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတစ်ခု ထက် ပိုကိုင်ဆောင်ထားတယ်ဆိုရင် အပိုကိုင်ထားတဲ့ မှတ်ပုံတင်နဲ့ပတ်သက်တဲ့ ဘဏ် စာရင်းနဲ့ ပိုင်ဆိုင်မှုကအစ ဖျက်သိမ်းပစ်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေ ကနေ မကြာခဏ ထုတ်ပြန်သတိပေးနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်ကလည်း တစ်နိုင်ငံလုံးက လူဦးရေစာရင်းကို အီး-အိုင်ဒီ စာရင်းသွင်းဖို့ ဥရောပချေးငွေတွေနဲ့ ကြိုးစားခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် အချိန်မမီလိုက်ဘူး လို့ NLD ပါတီရဲ့ ပြောရေးဆိုင်ခွင့်ရှိသူ ဦးကျော်ထွေး က ပြောပါတယ်။

"အီလက်ထရွန်နစ် ID တစ်ခုကို လုပ်မယ်ဆိုရင် သူတို့ရဲ့ အကျိုးအတွက်ရှိတဲ့ဟာက ဘာလဲဆိုတော့ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်နေတာကို ထောက်လှမ်းနိုင်ဖို့အတွက် အီလက်ထရွန်နစ် အိုင်ဒီ မရှိရင် ပြဿနာတစ်ခု ရှာလို့ရတာပေါ့"

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက လာမယ့်၂၀၂၃မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ (E-ID) မှတ်ပုံတင်စနစ်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပါတယ်။

NLD အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားတယ်လို့ စစ်တပ်က စွပ်စွဲခဲ့တာကြောင့် မကြာခင် စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ကာကွယ်ပြင်ဆင်နေတာလို့ ထောက်ပြဝေဖန်ကြပါတယ်။

တစ်နိုင်ငံလုံးက လူဦးရေစာရင်းကို (E-ID) စနစ်နဲ့ ဘယ်လိုပဲ စနစ်ကျအောင် လုပ်ပါစေ အာဏာသိမ်းပြီးတဲ့ နောက်မှာ တိုင်းပြည်ကနေ ထွက်ပြေးသွားသူအရေအတွက် များလွန်း ပြီး ပြည်တွင်းမှာလည်း လုံခြုံရေးအခြေ အနေ ဖရိုဖရဲဖြစ်နေတာကြောင့် စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲက ပိုပြီး အမှားအယွင်းများလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"ရွေးကောက်ပွဲက လုပ်တော့မယ်ဆိုတော့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားတယ်ဆို ပြီးပြောတယ်၊ အခုသူတို့က ပိုပြီးတော့ အမှားအယွင်းတွေ များလိမ့်မယ်၊ ဘာကြောင့်လဲ ဆိုတော့ ပြည်ပထွက်သွားတဲ့သူတွေ အများအပြားရှိနေတယ်၊ PDF တွေ အများအပြား ရှိနေတဲ့ အနေအထားပေါ်မှာ ဒါဟာ မှန်ကန်တဲ့ စာရင်း လုံးဝမဖြစ်နိုင်ဘူးလို့ မြင်ပါ တယ်"

နိုင်ငံအတွင်းက လူဦးရေ ၅၂ သန်းမှာ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ခွာသူ၊ လုံခြုံရေးကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားသူ၊ လက်နက်ကိုင်ခုခံသူ၊ အကျဉ်းကျနေသူတွေအပြင် ပြည်တွင်းမှာ ရှောင်ပုန်းနေရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် လူဦးရေစာရင်း စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ မလွယ်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NLD ပါတီရဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး ကတော့ စစ်ကောင်စီရဲ့ အခုလုပ်ဆောင်ချက်ဟာ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့ သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

"လူခွန်ကောက်တဲ့ သဘောမျိုးပါပဲ၊ လူခွန်ကောက်တဲ့အခါမှာ စားရင်းကောက်တာလည်း ပါသလို နောက် ကုန်ကျစရိတ် ဘာညာအနေနဲ့ အခွန်အခကို ယူလိုက်တဲ့အခါကျတော့ အခွန်ကောက်လိုက်တဲ့ သဘောမျိုးပါပဲ၊ အဲဒါမျိုးက ၁၉၈၈ ခုနှစ် အပြီးပေါ့နော်၊ ၈၉ နှစ်မှာလည်း တစ်ခါ ဖြစ်ခဲ့ဖူးပါတယ်၊ ကြားထဲမှာလည်း တစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်၊ အခု လည်း သူတို့က အီလက်ထရွန်နစ် ID တစ်ခုကို လုပ်မယ်ဆိုရင် သူတို့ရဲ့ အကျိုးအတွက်ရှိ တဲ့ ဟာက ဘာလဲဆိုတော့ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်နေတာကို ထောက်လှမ်းနိုင်ဖို့ အတွက် အီလက်ထရွန်နစ် အိုင်ဒီ မရှိရင် ပြဿနာတစ်ခု ရှာလို့ရတာပေါ့၊ အဲသဘောမျိုး ပေါ့ အဲဒါမျိုး ရည်ရွယ်ချက်တစ်ခုပါ၊ နောက် တစ်ခုက လာမယ့် သူတို့ ကျင်းပမယ်ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဟာမှာ အထောက်အပံ့ဖြစ်နိုင် တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း တစ်ခုပဲပေါ့"

နိုင်ငံအတွင်းက လူဦးရေ ၅၂ သန်းကို အီး- အိုင်ဒီ စာရင်းသွင်းလိုက်တာနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို RFA က အကြိမ်ကြိမ်ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

EID2.jpg
စစ်တွေမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက လူဦးရေစာရင်း ပုံစံ (၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် စာရင်းသွင်းရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (Photo: RFA)

လက်နက်ကိုင်တွေနဲ့ ရှုပ်ထွေးနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာဆိုရင် ကုန်သွယ်ရေးဇုန်လည်း ရှိနေတာကြောင့် တရုတ်နိုင်ငံသားတွေက မှတ်ပုံတင်အတုနဲ့ လာရောက်အလုပ်လုပ်နေတာတွေရှိတယ်လို့ မူဆယ် မြို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လဝက ဌာနကနေ အီလက်ထရွန်နစ် အိုင်ဒီစနစ် ပြောင်းလဲလိုက်တာက လူဦးရေစာရင်းကို ပိုစနစ်ကျသွားစေနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီမူဆယ်က စီးပွားရှာလို့ အရမ်းကောင်းတယ်၊ လူမျိုးစုံလည်း ရှိတာပေါ့၊ တစ်ခုပဲ တရုတ်ဘက်က လာတဲ့ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ထားတာ ကြုံဖူးတယ်၊ မြန်မာစကား တစ်လုံးတောင် မပြောတတ်ဘူး၊ မှတ်ပုံတင် ဘယ်လိုရသွားလဲ မသိဘူး၊ မြန်မာနိုင်ငံသားပါဆိုပြီး ဒီဘက်မှာ စီးပွားလာရှာကြတာပေါ့၊ဒီအီလက်ထရွန်နစ် အိုင်ဒီစနစ်က မှတ်ပုံတင်ကိစ္စ အရှုပ်အရှင်းတွေကို အဟန့်အတား ဖြစ်မယ်လို့ ထင်ပါတယ်"

ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးကတော့ တစ်နိုင်ငံလုံးက လူဦးရေကို စနစ်တကျ မှတ်တမ်းတင်ဖို့ ကြိုးစားတာဟာ ကောင်းမွန်ပေ မယ့် ဒါဟာ စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ ကနေ တိုင်းပြည်အာဏာကို ရေရှည် ဆုပ်ကိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ ပြောပါတယ်။

"နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရင် သူတို့က နိုင်ငံတော်ရဲ့အာဏာကို ထိန်းချုပ် ချင်လို့၊ သူတို့လိုချင်လို့ အာဏာရူးမူးနေတဲ့သူတွေကတော့ အာဏာရဖို့အတွက်ပဲ နည်း မျိုးစုံနဲ့ ကြံစည်သွားနေရတာ၊ ပြည်သူ တစ်ယောက်အနေနဲ့ နစ်နာတယ် ခံစားရတယ်၊ အာဏာရဖို့အတွက် နည်းမျိုးစုံနဲ့ ကြံစည်နေတာ၊ သွားနေကြတာ အခုလာမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ သူတို့ဘယ်လိုပုံစုံမျိုးနဲ့ သွားသွား၊ ဘယ်ပါတီကပဲပြိုင်ပြိုင် သူတို့ပါတီ အချိန်တန်ရင် နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပဲ၊ ဒါမှ အခုလက်ရှိ တပ်ချုပ်ကြီး ကလည်း သမ္မတ ဖြစ်မှာ လေ၊ သမ္မတ လုပ်ချင်နေတာဆိုတော့၊ ပြည်သူတစ်ယောက် အနေနဲ့ကြည့်ရင် စစ်မှန်သော ဒီမီုကရေစီကို တကယ်ဖြစ်ချင်တယ်ဆိုရင် ပြတ်ပြတ် သားသား ရွေးကောက်ပွဲ လုပ်ကြည့်လိုက် ဘယ်သူလဲဆိုတာ သိလိမ့်မယ်"

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီး တဲ့နောက်မှာ ဘယ်လောက် စနစ်ကျတဲ့ ရွေးကောက်ပွဲပဲလုပ်လုပ် တရားမျှတမှု မရှိတဲ့ အတွက် စိတ်ဝင်စားမှု မရှိသလို ထောက်ခံမှာ မဟုတ်ဘူးလို့လည်း သူက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။