စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်မှုဒဏ် ဆိုးရွားစွာ ရင်ဆိုင်နေရ

RFA Burmese
2024.08.30
စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်မှုဒဏ် ဆိုးရွားစွာ ရင်ဆိုင်နေရ မင်းတပ်မြို့နယ် ပန်းသွယ်ရွာမှ ဝမ်းရောဂါ ကူးစက်ခံရသည့်လူနာအချို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကောင်စီက ဆေးနဲ့ ဆေးဝါးတင်သွင်းခွင့် တင်းကျပ်ထားတာကြောင့် တစ်နိုင်ငံလုံး ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်မှာလည်း အခြေခံဆေးဝါးတွေရရှိဖို့ ခက်ခဲနေပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ မကွေး၊ ရခိုင် စတဲ့ဒေသတွေက စစ်ဘေးဒုက္ခသည်တွေမှာ ဆေးဝါးလိုအပ်ချက် မြင့်မားနေပြီး အချိန်မီဆေးမရတာကြောင့် အသက်ဆုံးရှုံးရသူတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။

“မြို့ပေါ်မှာတောင် ဆေးဝါးပြတ်လပ်နေတာကြောင့် ဝယ်ဖို့ခက်ခဲနေပါတယ်”

ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ ကန်ပက်လက်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ဒီဘက်မှာ ရာသီတုပ်ကွေးလိုလိုနဲ့ ဝမ်းပျက် ဝမ်းလျှောပေါ့နော် အဲဒီလိုမျိုးရှိတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတာပေါ့။ ဝမ်းပျက် ဝမ်းလျှော ပြင်းထန်တာပေါ့။ ဆေးစားလို့ အဆင်ပြေမဲ့ဟာကို ဆေးမရောက်လို့။ အဓိကတော့ ဆေးဝါးဝယ်လို့မရတာက စိန်ခေါ်မှုဖြစ်နေတယ်”

စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲဝန်းကျင်ရှိနေတဲ့ ချင်းပြည်နယ်က ပြည်မနဲ့ ဆက်သွယ်ထားတဲ့လမ်းတွေကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားတာကြောင့် ချင်းပြည်နယ်ကို ဆေးတွေသယ်ယူဖို့ ခက်ခဲစေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

“အဓိက စကစက ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျတော့ သူက အဝင်အထွက်ပေါ့။ ပစ္စည်းအဝင်အထွက် ဆန်တို့ဆိုလည်း အရမ်းတင်းကျပ်တာပေါ့။ အဲဒါတွေကြောင့်ပေါ့။ ပြီးရင်
ကလေးဘက်ကလည်း ပိတ်၊ ရန်ကုန်ဘက်ကလည်း ပိတ်။ ဥပမာ ဟားခါးမှာ ဆေးဆိုင်ဖွင့်တဲ့သူတွေလည်း ရောင်းရတဲ့ပစ္စည်း စာရင်းတွေ ထွေအုပ်ကို တင်ရတာတွေ ရှိတယ်လေနော်။ အဲဒီလိုမျိုး အနေအထားမှာ သူတို့ကလည်း ရောင်းတာက ရဲရဲဝံ့ဝံ့ မရောင်းချင်ဘူးပေါ့နော်။ ဘယ်ဟာမဆို အခုချိန်က လျှို့ဝှက်ပြီး သွားနေရတဲ့ အနေအထားမှာရှိတယ်”

စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေတဲ့ ကချင်ပြည်နယ်မှာလည်း ငှက်ဖျားရောဂါ အဖြစ်များနေပေမဲ့ ဆေးဝါး မလုံလောက်တဲ့ပြဿနာ ရင်ဆိုင်နေရပါတယ်။

မြို့ပေါ်မှာတောင် ဆေးဝါးပြတ်လပ်နေတာကြောင့် ဝယ်ဖို့ခက်ခဲနေတယ်လို့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကနေ ဒီရက်ပိုင်းမှာ မိုးမောက်မြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကို ကျွန်မတို့ရှောင်နေတဲ့ ဒီနားမှာ တချို့တွေ ငှက်ဖျားတွေ တအားဖြစ်နေတာပေါ့နော်။ အဲခါကျတော့ ဒီမှာနေနေတဲ့သူတွေက အခုလက်ရှိဖြစ်နေတာ ပြီးလို့ရှိရင် ကျွန်မတို့ ကျန်းမာရေးအတွက် အခက်အခဲဖြစ်တယ်။ ဆေးဝါးက မစုံဘူး။ ပြီးလို့ရှိရင် မပြေးခင်ကတည်းက အိမ်မှာလည်း ဆေးဝါးစုံ ဆောင်ရအောင်လည်း မြို့ထဲမှာက ဆေးဝါးတွေက မစုံဘူး။ အခုဆိုရင် ကလေးတွေက နှာစေး၊ ချောင်းဆိုးတာတွေ ကိုယ်ပူတာတွေ ဖြစ်နေတယ်။ အဲဒီလိုမျိုး အခက်အခဲ ဆေးဝါးတွေပေါ့နော်”

ဒေသခံတချို့ ပြောပြချက်အရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပူတာအိုခရိုင်က မြို့နယ် ငါးမြို့နယ်မှာဆိုရင် ဆေးဝါးတွေတင်မကဘဲ အခြေခံဆန်နဲ့ စားသောက်ကုန်တွေကအစ ပြတ်လပ်နေပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ပြည်တွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်လာ

သံတွဲက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ဆေးဝါးပြတ်လပ်နေ

ကချင်တောင်တန်းမှာ အခမဲ့ဆေးကုပေးသူတွေ ဆေးဝါးပြတ်လပ်နေ


စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာလည်း ဆေးဝါးသယ်ယူတာတွေကို စစ်ကောင်စီတပ်တွေက တားမြစ်သိမ်းယူနေတာကြောင့် ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ ထီးချိုင့်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ဆေးဝါးကလည်း သယ်လို့မရဘူးလေ။ အယူမခံဘူးလေ အဲဒီတော့ ဆေးဝါးပြတ်မှာပေါ့။ မြို့က ကြာပြီလေ။ ဟိုဟာလုပ်လို့ သယ်လို့မရဘူးဆိုတော့ စားဆေးသောက်ဆေး၊ အကိုက်အခဲပျောက်ဆေးကအစ တွေ့ရင် သိမ်းတယ်ဆိုတော့ မသယ်ရဲကြဘူး ကားသမားတွေက။ နေမကောင်းဖြစ်ရင်လည်း ဗမာဆေး ဘာညာလေးနဲ့ အဲဒီလိုပဲ ဖြစ်သလိုနေကြတာ ဆေးဝါးတွေ လိုတော့ မရှိဘူး”

စစ်ကိုင်းတိုင်း ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လမ်းကြောင်းတွေ ပိတ်နေပြီး ဆေးဝါအပြင် အခြေခံကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း ဆေးဝါးဝယ်လို့ မရတော့ဘူးလို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“ရခိုင်က စစ်ဖြစ်နေလို့ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပိတ်ထားတယ်။ အခုက ပြောရမယ်ဆိုရင် ရခိုင်တစ်ပြည်နယ်လုံး ဆေးဝါးပြတ်တောက်မှု ရှိတယ်။ တော်တော်ဆိုးဆိုးရွားရွားပဲ
ဆေးတွေ ဘာတွေလည်း ဘာမှမရောင်းဘူး”

ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးဝါးဖြန့်ဖြူးသူတစ်ဦးကတော့ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဆေးဝါးတင်သွင်းခွင့် ကန်သတ်ချက်တွေနဲ့ ဒေါ်လာစျေး မြင့်တက်နေတာတွေကြောင့် ကုမ္ပဏီတွေမှာလည်း ဆေးရရှိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

“အများစု ကုမ္ပဏီတွေက အများကြီးမတင်နိုင်ဘူး။ ဥပမာ Expire Date က တစ်နှစ်ဆိုပါစို့ သူတို့က တင်တဲ့အချိန်ရယ်၊ ဆိပ်ကမ်းရောက်တဲ့အခါကျတော့ အဖွဲ့ငါးဖွဲ့ ထုတ်ရတယ်။ ငါးဖွဲ့ထုတ်ရတော့ ငါးဖွဲ့ကို ဖြတ်ရတဲ့အချိန်ရယ်၊ အဲဒီမှာ ထုတ်ယူရတဲ့ကြေးရယ်၊ Expire Date နဲ့ မဝေးအောင်က ပစ္စည်းနည်းနည်းလေးပဲ တင်တာ။ နည်းနည်းလေးပဲ တင်လာတဲ့အခါ ဒီရောက်တော့ မလောက်ဘူး။ နောက်တစ်ခုက ဒေါ်လာစျေးကို ချိန်ရတဲ့အခါကျတော့ ပစ္စည်းအများကြီး မတင်နိုင်ဘူး”

အရင်က ပြည်ပက တင်သွင်းတဲ့ဆေးဝါးအပြင် နယ်စပ်လမ်းကြောင်းတွေကို အားထားပြီး ထိုင်းနဲ့ တရုတ်ကနေ ဆေးဝါးတင်သွင်းလေ့ ရှိပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်က တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်သွားတယ်လို့ ဆေးတင်သွင်းသူတွေက ပြောပါတယ်။

ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးမှာ အိမ်သုံးဆေးဝါးတွေတောင် ပြတ်လပ်နေသလို စျေးတွေကလည်း ငါးဆခန့်အထိ မြင့်တက်နေတယ်လို့လည်း ဆိုကြပါတယ်။

ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေအတွက် ကာလရှည် စွဲသောက်ရတဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MSF Myanmar Photo)
နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MSF Myanmar Photo)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော် ရှိနေပါပြီ။ ဒီဒုက္ခသည်တွေမှာ အခြေခံစားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်မြင့်မားနေပေမဲ့ စစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် သူတို့အတွက် စားသောက်ကုန်နဲ့ ဆေးဝါးရရှိရေးဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချမှု အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး မှတ်တမ်းပြုစုနေတဲ့ ဗြိတိန်အခြေစိုက် prosperity.com ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၃ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံထဲမှာ အဆင့် ၁၄၃ မှာသာ ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ အဆင့် ၁၀၉ သာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။