စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး စားဝတ်နေရေး ခက်ခဲနေ

2022.03.21
စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး စားဝတ်နေရေး ခက်ခဲနေ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်လာကြသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်‌နေ့က တွေ့ရစဉ်
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ မတ်လ ၁၄ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် အသစ် ငါးသိန်းကျော် (၅၁၉, ၅၀၀) တိုးလာပြီး နဂိုကတည်းက ရှိနေတဲ့ ဒုက္ခသည် သုံးသိန်းခုနစ်သောင်းကျော် (၃၇၀, ၄၀၀) နဲ့ပေါင်းရင် စုစုပေါင်း ဒုက္ခသည်အရေအတွက် ကိုးသိန်းနီးပါး (၈၈၉, ၉၀၀) ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။

ကယားနဲ့ ကရင်ပြည်နယ်တွေရှိတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်း တည်ရှိတဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာ ပဋိပက္ခတွေ ပိုပြင်းထန်နေလာနေပြီး အဲဒီပဋိပက္ခတွေရဲ့ အကျိုးဆက်ကို အရပ်သားတွေက ခါးစည်းခံနေရတယ်လို့ UNOCHA က ပြောပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ရှိဖို့ ဟာလည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်ဆို့ခံထားရတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နယ်က စစ်ဘေး ဒုက္ခသည်တွေဟာ ရိက္ခာ မလုံလောက်မှုကြောင့် ဆန်အစား ဆန်ကွဲနဲ့ ရိုးရာ အရက်ချက်တဲ့အခါမှာ အသုံးပြုတဲ့ ဆန်ကြမ်းတွေကိုပဲ နေ့စဥ် ချက်ပြုတ်စားနေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ဆန်တောင်မှ အခု ကျနော်တို့ ဆန်ကွဲပဲ စားနေရတာလေ။ ဆန်ကွဲရယ် ပြီးတော့ ဆန်ကြမ်းပေါ့၊ အရက်ချက်တဲ့ နေရာမှာ သုံးတဲ့ ဆန်မျိုးလေ အဲဒီလိုမျိုးပဲ စားနေရတယ်။ ဖရူဆိုဆိုရင် ပိုဆိုးတယ်။ ဖရူဆိုမှာ ဆိုရင် ရိက္ခာပြတ်တောက်မှု တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ အရင်ကတည်းက သူတို့ ဆန်၊ စပါးစိုက်ပျိုးထားတဲ့ နေရာ မဟုတ်လို့ လေ။ အဲဒီနေရာမှာ ဘယ်လို အခက်အခဲရှိလဲဆိုတော့ ပိုက်ဆံရှိရင်တောင် ဘယ်မှာမှ ဝယ်လို့မရတဲ့ အနေအထား ရောက်နေတယ်”

စားနပ်ရိက္ခာတွေ ပြတ်တောက်လာတဲ့အပြင် စစ်ဘေးဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ နေရာတွေမှာ သောက်သုံးရေ မလုံလောက်တာ၊ ဆေးဝါးမလုံလောက်တာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်လိုပဲ ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ အခု မတ်လအတွင်း စစ်ကောင်စီတပ်တွေ ရွာတွေထဲကို ဝင်ရောက်တိုက်ခိုက်တာ၊ ရွာလုံးကျွတ် မီးရှို့ ခံရတာတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တောထဲမှာပဲ ပုန်းခို နေရတာပေါ့ဗျာ။ အကုန်လုံး ဆင်းရဲဒုက္ခတွေကြုံရတယ်။"

နေအိမ် ၆၃ လုံး မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရှားလွင်ရွာခံတစ်ဦးကတော့ သူတို့ဟာ ရွာထဲမှာ မနေရဲဘဲ စိုက်ခင်း၊ ယာခင်းတွေနဲ့ တောတွေထဲမှာ ပုန်းခိုနေရပြီး ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ရောက်လာတာကြောင့် သူတို့ပုန်းခိုနေတဲ့ နေရာတွေမှာ သောက်သုံးရေ မလုံလောက်တဲ့ ပြဿနာကြုံနေရတယ်လို့ ဆိုပါတယ်။

“ကျေးရွာသူ၊ ကျေးရွာသားတွေ မနည်းဘူး ဒုက္ခတွေရောက်တာ။ တောထဲမှာပဲ ပုန်းခို နေရတာပေါ့ဗျာ။ အကုန်လုံး ဆင်းရဲဒုက္ခတွေကြုံရတယ်။ နွေရာသီ ရောက်လာတာနဲ့ အမျှ ပူပြင်းတဲ့ အချိန်မှာဆိုတော့ အဓိက ကတော့ ရေပေါ့ဗျာ။ ရေရှားပါးတာရယ်၊ ကျန်းမာရေးတွေက ရာသီဥတု ကူးပြောင်းတာရယ် ကျန်းမာရေး မကောင်းတာလေး တွေနဲ့ စားဝတ်နေရေး ခက်ခဲတယ်ဆိုတဲ့ဟာလေးပဲ ပြောချင်တာပါ။ ကျနော်တို့ တစ်ရွာတင်မကဘူး ကျန်တဲ့ရွာတွေ၊ ကြားနေရတဲ့ ရွာတွေမှာလည်း ဒီလိုပဲ ဒုက္ခတွေ ခံစားနေရတာ။ အဲဒီဒုက္ခတွေက အမြန်ဆုံး လွတ်မြောက်ပါစေလို့ ကျနော်ကတော့ ဆုတောင်းတယ်”

ခင်ဦးတစ်မြို့နယ်တည်းမှာတင် အခုမတ်လအတွင်း ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလည်၊ သက်ပေး၊ တမုတ်၊ ကုလားလူးနဲ့ ရှားလွင်ရွာတွေက နေအိမ် ၃၂၇ လုံး မီးရှို့ခံရတာကြောင့် ဒေသခံ ၂၅၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် မြို့နယ်မှာတော့ မတ်လ ၁၀ ရက်ကနေ ၁၇ ရက်နေ့ အထိ စစ်ကောင်စီတပ်နဲ့ ကန်ပက်လက် CDF အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် စမ္မသားနဲ့ စံအိမ်နူးရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံ တစ်ထောင်ကျော် တောထဲမှာ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ လတ်တလောဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အသစ်ထပ်မံ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက်ဖြစ်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာကြောင့် လောလောဆယ် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ကန်ပက်လက် ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက စစ်ကောင်စီနဲ့ CDF နဲ့ အကြိမ်ကြိမ်ဖြစ်တော့ လက်နက်ကြီးတွေက ဟိုထု ဒီထုနဲ့ ဆိုတော့ ပြည်သူတွေက မနေရဲဘဲနဲ့ ပြေးတာ။ ဒီတောထဲ တောင်ထဲတွေမှာပဲ သက်ကြီး ရွယ်အိုတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းတွေ အကုန်လုံး တောထဲတောင်ထဲ ရောက်ကုန် ကြတယ်။ တိုက်ပွဲ ဖြစ်လာတယ်ဆိုတော့ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်တော့ လျှပ်တစ်ပြက် အိမ်ကနေ ဆင်းပြီးမှ ပြေးရတာတို့ အဝတ်တစ်ထည် ကိုယ်တစ်ခုပေါ့နော် အဲဒါတွေနဲ့ပဲ ပြေးနေရတာဆိုတော့ စားရေးသောက်ရေးပိုင်းရော ဆန်၊ ဆီ၊ ဆား အကုန်လုံးပဲ ခက်ခဲ နေကြတယ်”

စစ်ကောင်စီတပ်ရဲ့ လမ်းကြောင်းပိတ်ဆို့ ရိက္ခာဖြတ်တောက်မှုကလည်း ဒုက္ခသည်တွေ အတွက် ရိက္ခာမလုံလောက်မှုကို ပိုဆိုးစေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာမယ်ရီက ပြောပါတယ်။

“ပြည်တွင်းမှာရှိတဲ့ လူတွေကတော့ စစ်ဘေးကိုလည်း ကြောက်နေရတယ်။ စစ်ဘေး အပြင်ကို စကစတွေက သူတို့ ရွာထဲဝင်ပြီးတော့ ရွာမှာ ဖျက်ဆီးလိုက်တာနဲ့ သူတို့ စပြီးတော့မှ ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဦးစားပေးက ဥပမာ- ဆန်စက်တွေ ရှိတယ်ဆိုရင် ဆန်စက်တွေကို အရင်ဆုံးမီးရှို့တယ်။ ပြီးရင် စပါးကျီတွေကို မီးရှို့တယ်။ ဒါသူတို့ရဲ့ သဘောသဘာဝက ဖြတ်လေးဖြတ် ပုံစံမျိုးပေါ့နော်။ ပြည်သူတွေရဲ့ စားနပ်ရိက္ခာကို အရင်ဖြတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့အခါကျတော့ စားဝတ်နေရေးကအစ အခက်အခဲတွေ့နေတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ IDP တွေရဲ့ အခက်အခဲပေါ့နော်”

စစ်ပြေးဒုက္ခသည်တွေကို စေတနာရှင်တွေက ထောက်ပံ့ကြတဲ့အခါမှာလည်း ရိက္ခာတွေ သယ်ယူနိုင်တဲ့ လမ်းတွေ ပိတ်ဆို့တာနဲ့ တခြား အခက်အခဲတွေကြောင့် ထိထိရောက်ရောက် မကူညီနိုင်ကြဘူးလို့ ပြောပါတယ်။

kayah refugees in shan
ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့နယ်ကိုရောက်နေတဲ့ ကယားစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဥ် (Photo: Khu San Oo)

စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေး အကျပ်အတည်းဖြစ်စေတဲ့ ရိက္ခာလမ်းကြောင်း ပိတ်ဆို့မှုကို စစ်ကောင်စီဘက်က ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက တောင်းဆိုပါတယ်။

“စစ်ကောင်စီကို ကျနော် ပြောချင်တာကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်း အကျင်းဖြစ်စေ၊ တိုက်ပွဲဖြစ်စေ ဒီကနေ ထွက်ပေါ်လာတဲ့ IDP တွေကိုတော့ စားနပ်ရိက္ခာ ပိတ်ဆို့တာတော့ လုံးဝ မလုပ်သင့်ဘူး။ နိုင်ငံတကာရဲ့ ကူညီရေး အထောက်အပံ့ကို သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်။ ဒီဟာက မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ရန်သူတွေမဟုတ်ပါဘူး”

ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက်စကားပြောဖို့ လိုအပ်ပြီး စစ်ကောင်စီက ခွင့်မပြုလို့ ဒီနေရာတွေကို မသွားရဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခု တည်းနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို ရပ်တန့်မထားဘဲ နည်းလမ်းပေါင်းစုံ သုံးပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီသင့်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒုက္ခသည်တွေကို ကူညီဖို့ ကုလသမဂ္ဂဝန်ထမ်းတွေ သွားရောက်ခဲ့ပေမယ့် စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်အရေအတွက်က ပိုတိုး လာပြီး အကူညီပေးနိုင်တဲ့ အနေအထားက နည်းနေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်တွေအပြင် အကြောင်းအမျိုးမျိုးနဲ့ အကူအညီ လိုအပ် နေသူ ၆.၂ သန်းအတွက် တောင်းဆိုထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ အပြည့် အဝ ရရှိဖို့က အဓိက လိုအပ်နေပြီး အခု ၂၀၂၂ ခုနှစ် ရဲ့ ပထမ လေးလပတ်ထဲ ဝင်ရောက် လာခဲ့ပေမယ့်လည်း အရေးကြီးတဲ့ ကဏ္ဍတွေအတွက် ရန်ပုံငွေ ဝင်မလာသေးဘူးလို့ (UNOCHA) ရဲ့ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။