ထိုင်းကတစ်ဆင့် မြန်မာကို ကူညီခွင့်ပေးဖို့ Refugee International အဖွဲ့ အစီရင်ခံစာထုတ်ပြန်

အခုအချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ သတ်ဖြတ်မှုတွေကို နိုင်ငံအနှံ့ကျူးလွန်နေရုံမကဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေကို ဝင်ရောက်အကူအညီပေးလို့ မရအောင် တားဆီးနေကြောင်းနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေကနေ တစ်ဆင့်၊ အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်က ဒေသခံအဖွဲ့အစည်းတွေကနေတစ်ဆင့် နိုင်ငံတကာအကူအညီတွေကို နယ်စပ်ဖြတ်ကျော် ပေးအပ်တဲ့ နည်းလမ်းကို ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးချဖို့ လိုအပ်နေတယ်လို့ ဒီနေ့ ဇူလိုင်လ ၁၂ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ Refugee International အဖွဲ့ရဲ့ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့ စစ်ကောင်စီကို ဆက်လက် တိုက်တွန်းဖို့ လိုအပ်ပြီး အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက်လည်း ထိုင်းနိုင်ငံလို အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုတဲ့အကြောင်း အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
အခုအချိန်မှာ ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာနိုင်ငံတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးဒုက္ခသည်တစ်သန်းအထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၄ သန်းအထိ ရှိနေပါတယ်။
“မြန်မာဘက်က ဒုက္ခသည်တွေ အများကြီး ထပ်ရောက်လာပြီး ဘယ်နိုင်ငံကမှ မခေါ်ဘဲ သောင်တင်နေတာမျိုး ဖြစ်မှာ စိုးရိမ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်"
ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့အတွက် ကူညီလုပ်ဆောင်ကြဖို့ ထိုင်း၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းပြောကြားခဲ့ပြီးတဲ့နောက် Refugee International အဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အခုအချိန်မှာ စစ်ကောင်စီဟာ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ထားတာကို စစ်ရေးဗျူဟာတစ်ခုအနေနဲ့ အသုံးချနေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပေးဖို့ ဆက်လက်ဖိအားပေးဖို့ လိုသလို၊ တစ်ချိန်တည်းမှာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးတဲ့ နည်းလမ်းကို အသုံးပြုသွားဖို့ လိုတဲ့အကြောင်း Refugee International အဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး Daniel Sullivan က ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေကို အကူအညီတွေ သွားရောက်ပေးဝေခွင့်ကို တိုက်ရိုက်ပိတ်ပင်ထားတာ ဒါမှမဟုတ် သွားရောက်ပေးဝေဖို့ အလွန်ခက်ခဲအောင် လုပ်ထားတာမျိုးကို စစ်ရေးဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးနေခဲ့တာ တော်တော်ကြာပါပြီ။ စစ်ကောင်စီဟာ ကျန်းမာရေးလုပ်သားတွေ၊ အကူအညီပေးရေး ဝန်ထမ်းတွေကို တိုက်ခိုက်ဖမ်းဆီးမှုတွေ လုပ်ပြီး တိုက်ရိုက်ပိတ်ပင်တာ ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အကူအညီပေးရေး အစီအစဉ်တွေကို ခွင့်ပြုချက်မပေးဘဲ အချိန်ဆွဲထားတာ၊ ကြိုးနီစနစ်နဲ့ အဆင့်ဆင့် ဖြတ်သန်းရတာတွေလည်း တွေ့နေရပါတယ်။ အဓိကကတော့ နိုင်ငံတစ်ဝန်းမှာ တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အတွက် အကူအညီပေးရေးအဖွဲ့တွေက ဝန်ထမ်းတွေ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ အကြောင်းပြပါတယ်။ အမှန်က နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးတဲ့ အကူအညီတွေ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေဆီကို ရောက်သွားမှာကို သူတို့ စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂနဲ့အမေရိကန်လို အလှူရှင် နိုင်ငံတွေအနေနဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့ စစ်ကောင်စီကို ဆက်လက်တိုက်တွန်းဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့လို အိမ်နီးချင်း နိုင်ငံတွေကနေတဆင့် နိုင်ငံတကာအကူအညီတွေကို နယ်စပ်ဖြတ်ကျော် ပေးအပ်တဲ့ နည်းလမ်းကို အသုံးချဖို့လိုပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး၊ ဒေသခံ အကူအညီပေးရေး ကွန်ရက်တွေကလည်း အခိုင်အမာရှိပြီးဖြစ်တဲ့အတွက် အကောင်းဆုံးအခြေအနေ ရှိနေပါတယ်"
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံဘက်မှာ တတိယနိုင်ငံတွေကို ထွက်ခွာဖို့ စောင့်နေတဲ့ မြန်မာဒုက္ခသည် ၉၀၀၀၀ ကျော် ရှိနှင့်ပြီး ဒီဒုက္ခသည်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခသည်စခန်းတွေအပြင်ကို ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် မရှိတော့ဘဲ ပိုပြီး ဆင်းရဲကျပ်တည်းလာရကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေတပ်ကနေ ဗုံးကြဲမှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်အမြောက်အမြား တိုးလာကြောင်း၊ အလားတူပဲ ထိုင်းမြို့ကြီးတွေမှာဆိုရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ CDM လှုပ်ရှားမှုတွေနဲ့ အခြား အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်မှုတွေကြောင့် စစ်ကောင်စီရဲ့ပစ်မှတ်ထားခံရပြီး၊ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ ရောက်လာကြတဲ့အကြောင်း၊ သူတို့ အားလုံးဟာ တတိယနိုင်ငံကို ထွက်ခွာခွင့်ရဖို့ ကာလကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး၊ ထိုင်းအစိုးရအနေနဲ့ သူတို့အားလုံးကို ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးဖို့ လိုတယ်လို့ Daniel Sullivan က ပြောပါတယ်။
ထိုင်းအစိုးရဟာ အသက်ဘေးအန္တရာယ် ကြုံနေရသူအားလုံး ထိုင်းနိုင်ငံမှာ လာရောက်ခိုလှုံခွင့်ရှိတယ်လို့ တရားဝင် ပြောနေပေမယ့် မြေပြင်ပေါ်မှာတော့ မြန်မာဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေဟာ ထိုင်း စစ်တပ်နဲ့အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် တားဆီးမှုတွေနဲ့ ရင်ဆိုင်နေရတာ တွေ့ရတယ်လို့ Daniel Sullivan က ပြောပါတယ်။
“တရားဝင်အနေနဲ့ကတော့ အသက်အန္တရာယ် ကြုံနေရတဲ့သူတိုင်း ထိုင်းနိုင်ငံမှာ လာရောက် ခိုလှုံခွင့်ရှိတယ်၊ နေရပ်ပြန်ဖို့ ဖိအားပေးမှာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။ တကယ့်တကယ် မြေပြင်ပေါ်မှာတော့ ဒုက္ခသည်တွေကို နေရပ်ပြန်သွားဖို့ ဖိအားပေးခံနေရတဲ့အကြောင်း သတင်းတွေ အများကြီး ရထားပါတယ်။ မြန်မာဘက်က ဒုက္ခသည်တွေ အများကြီး ထပ်ရောက်လာပြီး ဘယ်နိုင်ငံကမှ မခေါ်ဘဲ သောင်တင်နေတာမျိုး ဖြစ်မှာ စိုးရိမ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့စကားပြောခွင့်ရတဲ့အထဲမှာ မြန်မာနိုင်ငံဘက်ကို အတင်းအကြပ် ပြန်ပို့ခံရမယ့်အခြေအနေ ကြုံနေရသူအချို့လည်း တွေ့ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဆိုရင် ရောက်ပြီး ရက်ပိုင်းလောက်အတွင်းမှာ မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက လာရောက် တိုက်တွန်းတာတွေ ကြုံနေရပါတယ်။ ဥပမာ - ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်က မြန်မာဒုက္ခသည် ထောင်ဂဏန်းလောက် ထိုင်းဘက်ကို ရောက်လာတုန်းက ထိုင်းစစ်တပ်ကနေ သူတို့ဘာသာ ကိုင်တွယ်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့တွေကို အကူအညီပေးခွင့် မပေးဘဲ တားမြစ်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဘက်ကို ပြန်လို့ မရတော့တဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအတွက်လည်း ထိုင်းအစိုးရအနေနဲ့ မှတ်ပုံတင် ထုတ်ပေးတာ၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ ကျောင်းတက်ခွင့် ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒီလို ဖြစ်လာဖို့ ကုလသမဂ္ဂအဖွဲ့တွေက ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုနေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဒီထက်မက လုပ်ပေးဖို့ လိုပါတယ်"

အခုအချိန်မှာ ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည်တွေ ထပ်ပြီး ရောက်လာစေမယ့် လုပ်ရပ်မျိုး မလုပ်ချင်ပေမယ့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးအပ်တာကို ခွင့်မပြုတာဟာ မြန်မာနိုင်ငံ ဘက်မှာ အခြေအနေတွေ ပိုဆိုးလာပြီး ဒုက္ခသည်တွေ ထပ်ရောက်လာအောင် လုပ်ရာ ရောက်လိမ့်မယ်လို့ Refugee International ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို မြန်မာနဲ့ အခြားအာဆီယံနိုင်ငံတွေအကြား ပေါင်းကူးတံတားအဖြစ် ရှုမြင်ထားပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဖြစ်လာတဲ့ အကြပ်အတည်းအပေါ်မှာ ထိုင်းအစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှု အားနည်းတယ်လို့ နိုင်ငံတကာက ရှုမြင်နေတဲ့အကြောင်းလည်း Refugee International က ပြောထားပါတယ်။