တိုက်ပွဲကြောင့် ကလေးနဲ့ တန့်ဆည်မြို့နယ်က ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ကလေးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
-
RFA Burmese
2024-02-25 -
-
-
စစ်ကိုင်းတိုင်း ကလေးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား နယ်မြေသိမ်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်က အရပ်သား ငါးထောင်ကျော်နဲ့ တန့်ဆည်မြို့နယ်က အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ကို PDF တွေ သိမ်းယူဖို့ကြိုးစားတာကနေ တိုက်ပွဲတွေပြင်းထန်ပြီး မြို့ပေါ်ရပ်ကွက်တွေပါ ထွက်ပြေးနေတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
"အခုကတော့ မြို့နားကို ဝင်တာပေါ့နော်၊ မြို့သိမ်းဖို့လုပ်တာဆိုတော့။ အဲဒီဘက်က မြို့နားနဲ့ နီးတဲ့ရပ်ကွက်တွေပေါ့နော်။ မြို့လှတို့၊ မြောင်းဆုံတို့ ကြို့သုံးပင်တို့ အဲဒီဘက်ကဟာတွေကတော့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုတော့ လာကြတယ်။ ငါးထောင်လောက်တော့ရှိမယ်ပေါ့ လက်ရှိ။ ကလေးမြို့အနောက်ဘက်ကျမှာပေါ့၊ အနောက်ဘက်က ရပ်ကွက်တွေ"
တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ထိမှန်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဒေသခံ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ကလေးမြို့နယ်ထဲက စက္ကန့်ကျေးရွာ၊ ကံကြီးရွာ၊ ကံသာယာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူထားပါတယ်။
ကလေးမြို့တိုက်ပွဲမှာ ပါဝင်နေတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်ကတော့ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်လိမ့်မယ်လို့ RFA ကိုပြောပါတယ်။
"KKG ပါမယ် RKDF ပါမယ်။ နောက်ကျွန်တော်တို့ ရှိမယ်။ နောက်ပြီးတော့ PDF ပကဖတွေ ပါမယ်။ အဖွဲ့တော်တော်များများ ဆုံမယ်။ ကျွန်တော်တို့ (တိုက်ပွဲ) ဆက်လက် ဖော်ဆောင်ဖို့ရှိပါတယ်။ ကျန်တဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးပြီးသားရှိတယ်။ ဗျူဟာစနစ်တကျတွေလည်း ရှိတယ်ဆိုတော့ ဆက်လက်ဖော်ဆောင်ဖို့ ရှိပါတယ်။ ရှေ့ဆက်တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားဖို့ ရှိပါတယ်"
ကလေးတိုက်ပွဲမှာ CNDF ဒုတိယစစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း တပ်ဖွဲ့ဝင် လေးဆယ်ခန့် ကျဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။
အလားတူ တန့်ဆည်မြို့နယ် ကံထူးမရွာအနီး စစ်ကောင်စီရဲစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မနက်မှာ PDF တပ်တွေက ဝင်ရောက်စီးနင်းတာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် အနီးအနား ကျေးရွာနှစ်ဆယ်က အရပ်သားတွေ ထွက်ပြေးနေရပါတယ်။
"တန့်ဆည်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာသူ၊ ရွာသားတွေ အကုန်ရှောင်နေကြရတယ်ပေါ့ကွယ်၊ ဒီနေ့အထိ"
အရပ်သားတွေအားလုံး ဖေဖော်ဝါရီလ ၂၅ ရက်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကဆိုရင် ကံထူးမ (ရွာ) ပတ်ချာလည်က ဆယ့်လေးငါးရွာလောက်က လူတွေလည်း အကုန်စစ်ရှောင်ရတယ်။ (စစ်ကောင်စီတပ်) ဘီလူးစစ်ကြောင်းလာခဲ့တဲ့လမ်းကြောင်းမှာ ရှိနေတဲ့ ဝါးရငယ်တို့၊ ခရမ်းခြံတို့၊ သပြေရင်းတို့၊ ပဲခင်းကြီးတို့ အဲဒီရွာတွေကလည်း အကုန်တိမ်း (ရှောင်) ရတဲ့အတွက် တန့်ဆည်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာသူ၊ ရွာသားတွေ အကုန်ရှောင်နေကြရတယ်ပေါ့ကွယ်၊ ဒီနေ့အထိ"
ကံထူးမ၊ သရက်ခါး၊ ကြက်ဆူကန်၊ မရမ်းမိ၊ ရေရှင်ကုန်း၊ အင်တောရိုး၊ ပေကုန်း၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ အိုင်ယားရှည်၊ ကြောင်ဆင်းအိုင်၊ အင် ပင်အိုင်၊ အင်တောရိုး၊ ကျီးကန်ရွာ၊ ဝါးရငယ်၊ ခရမ်းခြံ၊ သပြေရင်းနဲ့ ပဲခင်းကြီးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ်နဲ့ PDF တွေကြားမှာ ဖေဖော်ဝါရီလ ၂၁ ရက်ကစလို့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂.၇ သန်းနီးပါး ရှိလာပါပြီ။