တရုတ်နိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည် ငါးထောင်ခန့် အခက်အခဲဖြစ်နေ
2023.11.03

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကနေ တရုတ်နိုင်ငံ မိန်းတိန်နယ်စပ်ကို ထွက်ပြေးနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ကို တရုတ်အာဏာပိုင်တွေက နိုဝင်ဘာလ ၂ ရက်နေ့ မနေ့ညပိုင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်းကနေ မိန်းတိန်မြို့အနီးက ကိုဗစ်စစ်ဆေးရေးဌာနဟောင်းကို ပြောင်းရွှေ့လိုက်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ RFA ကို ပြောပါတယ်။
မနေ့ကအထိတော့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပေမယ့် ဒီနေ့မှတော့ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုသက်နိုင်က RFA ကိုပြောပါတယ်။
“ဒီနေ့မနက်ကတော့ အဆက်အသွယ် မရဘူးဗျ။ ညတုန်းကတော့ လိုင်းပေါ်က နည်းနည်းပြောရတယ်။ သူတို့ စခန်းရွှေ့သွားပြီလို့ ပြောတယ်။ မိန်းတိန်မြို့နားဘက်ကို ရွှေ့သွားတယ်တဲ့။ လောလောဆယ် အခန်းနဲ့နေရတယ်။ နဂိုသူတို့ ကိုဗစ်စင်တာတွေထားတဲ့ အဆောက်အဦလို့တော့ ကြားတယ်။ ညက ကားတွေနဲ့ ရွှေ့သွားတာတဲ့ စခန်းတစ်ခုလုံး ရွှေ့သွားတာလို့ပြောတယ်။ ချင်းရွှေဟော်မြို့မှာ တိုက်ပွဲ ကြီးကြီးမားမား ထပ်ပြီးတော့ ဖြစ်နိုင်လို့ ထပ်ပြီးတော့ ရွှေ့တဲ့သဘောမျိုးလို့တော့ ပြောတယ်”
RFA က တရုတ်နိုင်ငံဘက်ခြမ်း ယာယီ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် နှစ်ဦးနဲ့ နိုဝင်ဘာလ ၂ ရက် မနေ့ ညပိုင်းက အဆက်အသွယ်ရခဲ့ချိန်မှာ သူတို့ဟာ တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက တရုတ်နိုင်ငံဘက်ခြမ်းကို ရောက်နေကြတာလို့ ပြောဆိုကြပါတယ်။
“အမျိုးသမီးသုံးပစ္စည်းတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်း အကူအညီမရလို့ အခက်အခဲဖြစ်ကြရတယ်”
တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေတဲ့ လူငါးထောင်လောက်မှာ ကလေးသူငယ်က ခုနစ်ရာဝန်းကျင်ပါဝင်ပြီး သောက်သုံးရေနဲ့ စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ အဲဒီကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ကိုစိုင်းက RFA ကို မနေ့ညက ပြောဆိုခဲ့ပါတယ်။
“ရေမလုံလောက်တော့ ဒီမှာ သူတို့ချိုးဖို့ပေးတဲ့ရေကို ကျိုသောက်နေတော့ တချို့လည်း ဝမ်းပျက် ဝမ်းလျှောတွေ ဖြစ်နေကြတယ်။ ကျန်းမာရေးတွေလည်း တော်တော်လေး ထိခိုက်ပြီးတော့ မူးလဲ မေ့လဲတဲ့သူတွေလည်း များတယ်ခင်ဗျ။ ရေမလုံလောက်တာက အကန့်သတ်နဲ့ပဲ ပေးတာ။ ပြင်ပကနေပြီးတော့ လာလှူတဲ့ အလှူရှင်တွေကိုလည်း သူတို့ပေးမဝင်ဘူး။ တရုတ်ရဲနဲ့ တပ်က အစောင့်အကြပ်နဲ့ ထားထားတာ”
အဲဒီစစ်ဘေးဒုက္ခသည်တွေထဲမှာ ချင်းရွှေဟော်မြို့ခံတွေအပြင် ရှမ်းမြောက်ဒေသခံတွေနဲ့ ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တွေက ရွှေ့ပြောင်း အလုပ်သမားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေဘက်က စစ်ဘေးဒုက္ခသည်တွေနေဖို့ အပြာရောင် ရွက်ဖျင်တဲတွေ ထိုပေးထားပြီး တဲတစ်လုံးမှာ လူငါးယောက်ကနေ ဆယ်ယောက်အထိ စုပေါင်းနေထိုင်ကြရတယ်လို့ ကိုစိုင်းက ပြောပါတယ်။
စားသောက်ရေးအတွက် တစ်ရက်ကို ထမင်းနှစ်နပ် ကျွေးတယ်ဆိုပေမယ့် ထမင်းဟင်းတွေက စားသောက်ဖို့ အဆင်မပြေဘူးလို့ တရုတ်နိုင်ငံဘက်ခြမ်းကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်သူ မထူးထူးက RFA ကို မနေ့ညက ပြောဆိုခဲ့ပါတယ်။
“စားစရာတွေက စားလို့ အဆင်မပြေဘူး။ ကြက်ဥနဲ့ ခရမ်းချဉ်သီးဆိုရင် သူတို့ နှစ်ရက်ကျွေးပြီ။ ပထမရက်ကတော့ ကြက်ဥနည်းနည်နဲ့ ညီမလေးတို့ ထမင်းစားဝင်သေးတယ်။ ဒီနေ့ကျွေးတဲ့ ကြက်ဥနဲ့ ခရမ်းချဉ်သီးက စားလို့မရဘူး။ ခရမ်းချဉ်သီးက အစိမ်းစော်တွေနံပြီး ထမင်းဖြူလေးပဲ စားလို့ရတယ်။ တစ်ခါတလေကျရင် ထမင်းဖြူပါ စားလို့မရဘူး။ ကပ်စီးစီးဖြစ်နေတာ ချွေးတွေပျံပြီး နံနေတာ။ ဝက်သားနဲ့ ကျွေးတဲ့ရက်တွေဆို စားလို့မရဘူး စားပြီးရင်ဆို ပျို့အန်တာ အန်ချင်သလို ဖြစ်တဲ့သူတွေ တော်တော်များများပဲရှင့်။ ကိုယ်တိုင်ချက်စားလို့လည်း မရဘူးရှင့်။ အပြင်ကနေ ဟိုတစ်ရက်က မုန့်တွေ ခိုးမှာတာပေါ့ ရဲတွေ မသိအောင်။ ခိုးမှာတော့ ပေါင်မုန့်ကတ်နဲ့ ရေကတ်လေး လာပို့တာ ရဲ တွေ့သွားတော့ အကုန်သိမ်းသွားတာ။ ပေးမစားဘူး အဲဒါ ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်မှာတာ”
အမျိုးသမီးသုံးပစ္စည်းတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်း အကူအညီမရလို့ အခက်အခဲဖြစ်ကြရတယ်လို့ မထူးထူးက ပြောပါတယ်။
နိုဝင်ဘာလ ၂ ရက် မနေ့ နေ့လယ်ပိုင်းမှာတော့ စားစရာနဲ့ရေ ရဖို့ ဒုက္ခသည်တွေက တရုတ်အာဏာပိုင်တွေကို စုပေါင်းတောင်းဆိုခဲ့ကြပေမယ့် အဆင်မပြေဘဲ တရုတ်ရဲနဲ့ စစ်တပ်က လူစုခွဲဖို့ လာရောက်ဖိအားပေးခဲ့တယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုစိုင်းက ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ အရင်က မြန်မာဖုန်းလိုင်းတွေ ရပေမယ့် တိုက်ပွဲဖြစ်ပြီးကတည်းက ဖုန်းလိုင်းရော အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတာပါ။
တရုတ်နိုင်ငံအတွင်း ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဖုန်းတွေကို တရုတ်ရဲတွေက သိမ်းထားတဲ့အတွက် ဒုက္ခသည်အများစု မိသားစုနဲ့ အဆက်အသွယ် မရကြဘူးလို့ ဆိုပါတယ်။
အချို့ကတော့ နီးစပ်ရာ တရုတ်ဖုန်းတွေကို အသုံးပြုပြီး မိသားစုဝင်တွေကို ဆက်သွယ်ကြရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကတော့ တရုတ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မြန်မာပြည်ဘက်အခြမ်း UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်မြို့ ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ခွင့် ရချင်နေကြပါတယ်။ အကယ်လို့ အဲဒီနေရာကို ပြောင်းရွှေ့ခွင့်မရရင်လည်း တရုတ်အာဏာပိုင်တွေအနေနဲ့ သူတို့ကို သောက်သုံးရေနဲ့ စားစရာ လုံလုံလောက်လောက် ပေးစေချင်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ တရုတ်နိုင်ငံ ဘေကျင်းမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
MNDAA ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ကတော့ လက်ရှိ တိုက်ပွဲအခြေအနေတွေအရ ဒုက္ခသည်တွေ မိမိနေရပ်ပြန်နိုင်ရေး အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။
“စစ်မြေပြင်ရဲ့ဘေးတစ်ဝိုက်ပေါ့နော်။ စစ်ဘေးရှောင်တွေကိုတော့ ကျွန်တော်တို့ အဖွဲ့အစည်း လက်လှမ်းမီနိုင်သလောက် ကျွန်တော်တို့ ကူညီစောင့်ရှောက်ပါတယ်။ အခုလောလောဆယ် စစ်ဆင်ရေးအတောအတွင်းမှာ ကိုယ့်နယ်မြေကိုပြန်ဖို့ ဒီပြည်ထောင်စုလမ်းမကြီးကို ဖြတ်ဖို့ကတော့ တော်တော်လေးကို ခက်ခဲပါတယ်”
ရှမ်းမြောက်ဒေသ တိုက်ပွဲကြောင့် UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်ဒေသမှာ ဒုက္ခသည် တစ်သောင်းဝန်းကျင်၊ ချင်းရွှေဟော်မြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံ မိန်းတိန်မြို့မှာ ဒုက္ခသည် ငါးထောင်ဝန်းကျင်နဲ့ သိန္နီ၊ လားရှိုး၊ ကွမ်လုံ၊ မုံးကိုး အပါအဝင် ရှမ်းမြောက်ဒေသ မြို့တွေမှာ ဒုက္ခသည် တစ်သောင်းကျော်၊ စုစုပေါင်း ဒုက္ခသည် နှစ်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပါ ပြတ်တောက်နေတာကြောင့် ဒုက္ခသည်အတွက် အကူအညီတွေ မရရှိဘဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA- Myanmar) ရဲ့ နိုဝင်ဘာ ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၂၂ မြို့နယ်ထဲက အနည်းဆုံး ကိုးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဒုက္ခသည် နှစ်သောင်းသုံးထောင်ကျော်အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းက ရွှေလီ ကြိုးတံတားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့နယ် ရဲစခန်း၊ မန်တုံမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း၊ နောင်ချိုမြို့နယ်အတွင်းက ကွန်ခါ စစ်ကောင်စီတပ်စခန်းတွေကို TNLA တပ်ဖွဲ့က ဒီမနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသအတွင်းမှာ တုံးစန့်ဒေသက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို MNDAA တပ်ဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းမှာ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ MNDAA ပြောခွင့်ရ ကိုရန်နိုင်က ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဒီနေ့အထိ စစ်ဆင်ရေးကာလ ရှစ်ရက်အတွင်းမှာ စစ်ကောင်စီ သံချပ်ကာကား ခြောက်စီး အပါအဝင် တပ်စခန်း အသေးအကြီး စုစုပေါင်း ကိုးဆယ်ကျော်ကို သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပါ အရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူတို့အနေနဲ့ တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုထားပြီး ဆောင်ရွက်ပေးခဲ့ပေမယ့် သူတို့အပေါ် တိုက်ခိုက်မှုတွေ ဆောင်ရွက်လာတဲ့အပေါ် တန်ပြန်ချေမှုန်းသွားမယ်လို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုမှုအရ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေက ဆက်လက် ပြင်းထန်လာနိုင်တယ်လို့လည်း ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုံ၊ နောင်ချို၊ မုံးကိုး၊ လောက်ကိုင်၊ ကွမ်လုံနဲ့ လားရှိုးမြို့နယ်တွေမှာ နိုဝင်ဘာလ ၃ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။