ရှမ်းနဲ့ ပလောင် တပ်ဖွဲ့တွေအကြားက တိုက်ပွဲများ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းနဲ့ပလောင် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အဲဒီတပ်ဖွဲ့တွေအကြား အပြန်အလှန်ငြင်းဆိုမှုတွေ ရှိနေပါတယ်။
-
2018-11-07 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းနဲ့ပလောင် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အဲဒီတပ်ဖွဲ့တွေအကြား အပြန်အလှန်ငြင်းဆိုမှုတွေ ရှိနေပါတယ်။ RFA သတင်းထောက် ဦးအောင်မိုးမြင့် တင်ပြထားပါတယ်။
~~~~~~~~~~~~~~
ရှမ်းနဲ့ပလောင်တပ်ဖွဲ့တွေအကြားက တိုက်ပွဲများ
(အောင်မိုးမြင့်)
■ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာဟာ RCSS က နယ်မြေတိုးချဲ့လာတာကြောင့် ဖြစ်တယ်လို့ TNLA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
RCSS တပ်ဖွဲ့တွေဟာ စစ်ဒေသ ၃ ခုတိုးပြီး တရုတ်နယ်စပ်တွေအထိ တိုးချဲ့ချထားတယ်လို့ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချူပ် တာ့ဘုန်းကျော် က ပြောပါတယ်။
"ကျနော်တို့ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေက RCSS က ဒီ NCA ထိုးပြီးတဲ့နောက်ပိုင်း ကျနော်တို့ ဒီရှမ်းပြည်မြောက် ပိုင်းပေါ့ အထူးသဖြင့် ဒီ တရုတ်နယ်စပ်တွေကို သူကနယ်မြေတွေ တိုးချဲ့ပြီးတော့မှ စစ်ရေးလှုပ်ရှားလာတဲ့ ကိစ္စတွေကြောင့် ကျနော်တို့က ဒါတွေ မလုပ်ဖို့တားရင်းနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်ရတဲ့အဆင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။ တကယ်လို့သာ RCSS က အဲလိုမဟုတ်ဘူး၊ ဒီ NCA လက်မှတ်မရေးထိုးခင်တဲ့ ပုံစံအတိုင်းပဲ ရှမ်းပြည်နယ် အလယ်ပိုင်းနဲ့ ဒီအောက်ဘက်ပိုင်းပဲ နေမယ်ဆိုရင်တော့ ကျနော်တို့ကြားထဲမှာ ဘာမှတိုက်ပွဲ မရှိပါဘူး၊ အခုက NCA ထိုးပြီးနောက်ပိုင်း ဒီဖက်ထဲကို စစ်ဒေသ ၂ ခု ၃ ခု လာဖွင့်လို့ စစ်အင်အား အများကြီးတိုးလာတယ်"
RCSS အဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက RCSS တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတဲ့ ဒေသဖြစ်ပြီး နယ်မြေချဲ့ထွင်တာ မဟုတ်ဘူးလို့ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောဆိုပါတယ်။
"နယ်မြေချဲ့ထွင်တယ်ဆိုတာက အမှန်ဆိုရင်လည်း ဒီနယ်မြေတွေမှာ ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေတွေပါပဲ၊ ဒီ နယ်မြေပိုင်းရှားမှုဆိုတာကလည်း ကျနော်တို့ NCA ထဲမှာရော ကျနော်တို့ ဒီတပ်မတော်နဲ့ ဆွေးနွေးတဲ့နေရာမှာ လည်း ကျနော်တို့ လက်မှတ်ရေးထိုးတာလည်းမရှိဘူး၊ သဘောတူညီချက်ဆိုတာလည်း မရှိသေးဘူး၊ ဒီတိုင်းရင်းသားတွေ ကြားထဲမှာလည်း ကျနော်တို့ ဒီနယ်မြေပိုင်းခြားမှုဆိုတာ ကျနော်တို့ မဆွေးနွေးရသေးဘူး၊ ဒါကြောင့်မိုလို့ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုတာကတော့ ကျနော်တို့ အခုချိန်ထိ ပိုင်းခြားလို့ မရသေးဘူးပေါ့၊ အားလုံးက ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေ ကျနော်တို့က ဘယ်သူရဲ့ပြည်နယ်ထဲမှာ သွားပြီးတော့ ကျူးကျော်တာ မဟုတ်ပါဘူး"
ဒီအပေါ်မှာ TNLA အဖွဲ့က ဗိုလ်မှူးချုပ် တာ့ဘုန်းကျော် ကတော့ အခုလို ထောက်ပြပြောဆိုပါတယ်။
"RCSS နဲ့ ပူးပေါင်းသွားတာ၊ ဒါကတော့ အမှန်တရား ကျနော်တို့လည်း နားလည်ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း လှုပ်ရှားမှုမှာက ဒါ ဦးစိုင်းရီရဲ့ လှုပ်ရှားမှု မဟုတ်တော့ဘူး RCSS ရဲ့ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ PSLA ဒီ လက်နက်အပ်ပြီးနောက်ပိုင်း ၂၀၀၅ လက်နက်အပ်ပြီးနောက်ပိုင်းမှာRCSS က ဒီဘက်ကို ထိုးဖို့ကြိုးစားတယ်၊ ဥပမာ သံချောင်းတို့အဖွဲ့ကို လွှတ်ပြီးတော့ အခြေစိုက်ဖို့ ကြိုးပမ်းလာတဲ့ဟာတွေပေါ့၊ အဲဒီကတည်းကစပြီးတော့ သူတို့က ဒီ တရုတ်နယ်စပ်တချို့မှာ အခြေချတပ်တွေလှုပ်ရှားဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ဦးစိုင်းရီ တို့ အဆက်မဟုတ်ပါဘူး၊ ဦးစိုင်းရီ တို့ မဝင်ခင်ကတည်းက RCSS နယ်မြေနဲ့ အဲဒီလို ထိုင်းနယ်စပ်မှာပဲ နေနေတဲ့ အပြင်ကို တရုတ်နယ်စပ်ဘက်ကို လွှမ်းမိုးချင်လို့ ပြီးတော့ ကျနော်တို့ PSLA ကလည်း လက်နက်အပ်လိုက်တဲ့အတွက်ကြောင့် ဒီက ဒေသစည်းရုံးရေးတွေရော တခြားအပိုင်းတွေရော ကျနော်တို့ နယ်မြေထိန်းသိမ်းရေးမလုပ်နိုင်တော့ RCSS က အခွင့်ကောင်းယူပြီး ဝင်လာတာ ဖြစ်ပါတယ်။"
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အခုလို စစ်ရေးနည်းအရ ဖြေရှင်းမှုမျိုးတွေကို ရှောင်ရှားလိုပြီး နိုင်ငံရေးနည်းအရ ရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ စားပွဲပေါ်မှာ အဖြေရှာသွားမှသာ အချင်းချင်းကြား ပြေလည်မှုရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် တာ့ဘုန်းကျော် က ဆက်ပြောပါတယ်။
အဲဒီလိုတိုက်ပွဲတွေနဲ့ နယ်မြေ မတည်ငြိမ်မှုတွေဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်မှုကြောင့် မဟုတ်ဘဲ နယ်မြေပိုင်းခြား သတ်မှတ်ထားမှုတွေ မရှိတာကြောင့် ဖြစ်တာလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။
အဲဒီတိုက်ပွဲတွေထဲမှာ PNLO, TNLA, SSPP နဲ့ ဖြစ်ပွားမှုတွေ ရှိသလို အစိုးရတပ်မတော်နဲ့ ဖြစ်ပွားတာတွေရှိတယ်လို့ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။
"ဒီအစိုးရတပ်မတော်ဘက်မှာဖြစ်တယ်ဆိုတာကတော့ ကျနော်တို့ ဒီသဘောတူညီချက်အတိုင်း မလိုက်နာလို့ ကျနော်တို့ ဆိုလိုနိုင်တာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီဆက်ဆံရေးရုံးတွေလည်း ဖွင့်ထားတာရှိတယ်၊ အပြန်အလှန် ဆက်ဆံရေးရုံးတွေနဲ့ ကျနော်တို့ အကြောင်းကြားမယ်၊ ဒါပေမဲ့ သူတို့ကတော့ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးဆိုတဲ့ အချက်အလက်တွေနဲ့ပဲ သူတို့ထပ်မံပြီး လှုပ်ရှားနေတယ်။ ထပ်မံပြီး လှုပ်ရှားနေတယ် ဆိုတော့ ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်မှုဆိုတာလည်း ဖြစ်တတ်ပါတယ်။ တဘက်က တိုင်းရင်းသားတွေနဲ့ ဖြစ်တယ်ဆိုတဲ့နေရာမှာကတော့ ဒါကတော့ အထင်အမြင် လွဲမှားချက်တွေပေါ့နော်၊ ဒါပေမဲ့ တဖက်ကတော့ သူတို့ကလည်း ကျနော်တို့ကို နယ်မြေကျူးလွန်တာတို့ ဘာတို့ စွပ်စွဲနေတာရှိတယ် ဒါပေမဲ့ ကျနော်တို့အနေနဲ့ လည်း နယ်မြေမကျူးလွန်ဘူး ကျနော်တို့က လှုပ်ရှားတဲ့နယ်မြေတွေပဲ ဒါပေမဲ့ ကျနော်တို့ စတင်တိုက်ခိုက်တယ် ဆိုတာကတော့ အခုချိန်ထိတော့ ကျနော်တို့မရှိသေးဘူးပေါ့"
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေမှာ RCSS အဖွဲ့ဘက်က ၁၀ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ SSPP နဲ့ အစိုးရတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရှမ်းပြည်နယ်ထဲမှာ RCSS/SSA နဲ့ အစိုးရတပ်မတော်၊ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့မှုဟာ အခုနှစ်အတွင်းမှာ အကြိမ်ပေါင်း ၃၀ ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီလိုပဋိပက္ခဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ကို အကြိမ်ကြိမ်ဆွေးနွေး တင်ပြတာတွေရှိခဲ့ပေမဲ့ တပ်မတော်ဘက်က လက်မခံသလို သမာသမတ်ကျမှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုမရှိတာကြောင့် RCSS အဖွဲ့အနေနဲ့ နောင်ကျင်းပမယ့် JMC အစည်းအဝေးအဆင့်ဆင့်ကို ပါဝင်တက်ရောက်ဖို့ သုံးသပ်ရမှာဖြစ်တယ်လို့လည်း နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
RCSS/SSA ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က အစိုးရနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်ခင်ဗျာ။