ရသေ့တောင်က ဒဏ်ရာရသူနှစ်ဦးကို ကယ်ထုတ်ဖို့ ခက်ခဲနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို တွေ့ရစဉ် Photo: Google Map

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်ရံကျေးရွာက ၁၃ နှစ်အရွယ် မနှင်းချေနဲ့ ငစင်ဘော် ကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်သိန်းညွန့်မတို့ နှစ်ဦးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကျည်သင့်ဒဏ်ရာတွေ အသီးသီးရရှိထားကြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ရွာတွေအနီးအနားမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒီနေ့အထိ အဲဒီဒဏ်ရာရ လူနာနှစ်ဦးကို ကယ်ထုတ်ယူဖို့ ခက်ခဲနေတာပါ။

မနေ့က သူတို့နှစ်ဦးကို ကယ်ထုတ်ဖို့သွားရောက်ရာမှာလည်း ရေတပ်ကတားလို့ မသွားရောက်နိုင်ခဲ့ဘူးလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ခံ ဦးလှကျော်က ပြောပါတယ်။

“ကျွန်တော့ကို နေဗီကနေပြီး လုံခြုံရေးအရ တာဝန်မယူဘူးဆိုပြီး ကျွန်တော့ကို သွားခွင့်မပြုဘူးလေ။ သွားခွင့်မပေးတော့ ဒီနေ့အထိ မယူနိုင်သေးဘူး ကျွန်တော်တို့က။ စောစောကလည်း ကျောက်တန်းမှာ တိုက်ခိုက်မှုတွေဖြစ်နေတယ်တဲ့။ မိုင်းခွဲတာ။ ဒါကြောင့် ကျွန်တော့ကို သွားခွင့်မပေးနိုင်ဘူးတဲ့။ လုံခြုံရေးအရ စိတ်မချရလို့။ ဒီနေ့ထပ်သွားမယ်လို့ စီစဉ်ထားတာ။ မသွားဖြစ်တော့ဘူး။ မနက်ဖြန်မှ ထပ်စီစဉ်မယ်”

မနေ့က စက်လှေနဲ့ကယ်ထုတ်ဖို့ သွားချိန်မှာ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေလည်း လိုက်ပါသွားခဲ့ပါတယ်။ စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ကူညီဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စစ်ဆေးစိစစ်ရတာတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်လို့ လုံခြုံရေးအရ ဆောင်ရွက်တာလို့ ပြောပါတယ်။

“နံပါတ်တစ်ကတော့ တိုက်ပွဲနယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အန္တရာယ်ဖြစ်မှာစိုးလို့ တားတာဖြစ်တယ်။ ဒုတိယအချက်ကလည်း အဲဒီနယ်မြေဟာ အေအေ ကျင်လည်ကျက်စားရာ နယ်မြေဖြစ်တယ်။ (ရွှေနဒီရေယာဉ်ပေါ်က) ကျွန်တော်တို့အဖွဲ့ကို ခေါ်သွားတဲ့နေရာဖြစ်တဲ့အတွက်မို့လို့ အေအေအဖွဲ့တွေသည် ဒဏ်ရာရသွားတယ်ဆိုတာလည်း ကျွန်တော်တို့သိတယ်။ အေအေ အဖွဲ့ဟာ ဘယ်လောက်အထိ ရွာသားအသွင်ယူပြီးလုပ်သလဲဆိုလို့ရှိရင် စစ်တွေတို့၊ မင်းပြားတို့၊ မြောက်ဦးတို့က ဆေးရုံတွေပေါ်မှာ တက်ပြီးတော့မှ ဆေးကုသတယ်။ ဒါကတော့ထားပါ။ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ သေချာမရှာဖွေနိုင်လို့သာ ဒီလိုဆေးရုံတက်တာပေါ့။ အဲလိုမျိုးတွေကို ကျွန်တော်တို့ကသိရတဲ့ အခါကျတော့ ကျွန်တော်တို့က ဒါတွေကို သေချာစိစစ်ရာမှာဗျ။ စိစစ်ချင်တဲ့အတွက်ကြောင့်မို့လို့လည်း ဒါတွေဟာဒီလိုလုပ်တာဖြစ်တယ်။ တိုက်ပွဲမဖြစ်တဲ့နယ်မြေဆိုရင် ကျွန်တော်တို့က ဒါတွေကို ဘယ်လိုမှ ကန့်သတ်စရာအကြောင်းမရှိဘူး”

အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မညင်းတောင်နဲ့ မုတ်ဆိတ်ချောင်းကျေးရွာကြားမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီချိန်မှာပဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာက ကျောက်ရံကျေးရွာမှာရှိတဲ့ မနှင်းချေထံရဲ့ ဘယ်ဘက်လက်ကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဘယ်သူပစ်တဲ့ကျည်ဆိုတာကို မသိရဘူးလို့ မိသားစုက ပြောပါတယ်။

မနှင်းချေတို့မိသားစုဟာ အမျက်တောင်ကျေးရွာကဖြစ်ပြီးတော့ တိုက်ပွဲတွေကြောင့် ကျောက်ရံကျေးရွာကို မိသားစုနဲ့အတူ ထွက်ပြေးရောက်ရှိ ခိုလှုံနေကြတာဖြစ်ကြောင်း မနှင်းချေရဲ့အဖိုးဖြစ်သူ ဦးစံလှကျော်က ပြောပါတယ်။

ဒဏ်ရာရတာ သုံးရက်မြောက်ရှိခဲ့ပြီဖြစ်တာကြောင့် ဒီနေ့မှာတော့ မနက် ၇ နာရီကနေစပြီး စေတီတောင်တိုက်နယ် ဆေးရုံကိုစက်လှေနဲ့ ထွက်လာတာ ညနေ ၄ နာရီလောက်မှာ ဆရာဝန်နဲ့တွေ့ခွင့်ရပြီလို့ အဖိုးဖြစ်သူ ဦးစံလှကျော်က ပြောပါတယ်။

“ကျောက်ရံရွာကို ပြေးလာတဲ့အချိန်မှာ နောက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်နေတုန်း အိမ်မှာထိုင်နေချိန်မှာ ကျည်ထိမှန်သွားတာ။ တိုက်ပွဲက မညင်းတောင်နဲ့ မုတ်ဆိတ်ချောင်း ကျေးရွာကြားမှာဖြစ်တာ။ ဒီနေရာနဲ့ဆို တစ်မိုင်လောက်ဝေးတယ်”

စေတီတောင် တိုက်နယ်ဆေးရုံမှာ ဒဏ်ရာကို ဓာတ်မှန်ရိုက်ကူး စစ်ဆေးနိုင်ခြင်း မရှိကြောင်း၊ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ထမ်းတွေက အသေးစိတ် မပြောပြနိုင်ခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မနှင်းချေလိုပဲ နောက်ထပ်ကျည်ဒဏ်ရာရသွားတဲ့ ငစင်ဘော်ကျေးရွာက ဒေါ်သိန်းညွန့်မလည်း ရွာထဲမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က တပ်မတော်စစ်ကြောင်းရွာထဲဝင်လာချိန်မှာ ဟောင်နေတဲ့ခွေးကို သေနတ်နဲ့ လှမ်းပစ်ရာကနေ ဒေါ်သိန်းညွန့် ဘယ်ဘက်လက်ကို ထိမှန်သွားတာလို့ ရွာသားတွေက ပြောပါတယ်။

ငစင်ဘော်ကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဖြူက အခုလို ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့က ရွာထဲကို တပ်မတော်ကဝင်လာတော့ ခွေးကိုသေနတ်နဲ့ လှမ်းပစ်ရာမှာ ဒေါ်သိန်းညွှန့်မရဲ့ လက်မှာ ကျည်ထိမှန်သွားတာပေါ့။ ICRC က လူနာကိုယူဖို့လာတာ တပ်မတော်က မလာရလို့ ပြန်သွားတယ်။ ဒီနေ့အချိန်အထိ ကိုယ့်ရွာမှာပဲ ရှိသေးတာပေါ့။ သူတို့ကတော့ ဆေးကုချင်တယ်လို့ ပြောတယ်။ ကျည်ထိမှန်သွားတဲ့ ဒဏ်ရာဆိုတော့ သူတို့က စိုးရိမ်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ကိုမှသွားလာလို့မရဘူး”

ဒေါ်သိန်းညွန့်မရဲ့ ဒဏ်ရာကို တပ်မတော်စစ်ကြောင်းတစ်ခုမှာပါတဲ့ ဆေးမှူးက ဆေးထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာပျောက်ကင်းဖို့အတွက် မိသားစုက သင့်တော်တဲ့ ဆေးရုံမှာ ကုသမှုခံယူလိုတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ အခုရက်ပိုင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိနေပြီး ဒဏ်ရာရသူကတော့ ၁၃၀ ကျော်အထိရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org