ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှု နှစ်ဆတိုးလာ
2023.02.28
ကချင်ပြည်နယ် ဝေးလံခေါင်ဖျားဒေသတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြေရှားသတ္တု တူးဖော်မှု နှစ်ဆ မြင့်တက်လာတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်နေတဲ့ သတ္တုတွင်းအလုပ်သမားတွေက ပြောပါတယ်။
ပြည်သူ့စစ်ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါ ဒေသမှာ လုပ်ကွက်တွေ ပိုကျယ်ပြန့်လာသလို ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်နဲ့ မန်စီမြို့နယ်တွေမှာလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကစလို့ မြေရှားသတ္တုတူးဖော်ရေးအတွက် ကြိုတင် ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။
လက်ရှိ ပန်ဝါဒေသမှာ မြေရှားသတ္တု လုပ်ကွက်ပေါင်း ၃၀၀ ကျော်ရှိနေပြီး လုပ်ကွက်တစ်ခုစီမှာ တရုတ်နိုင်ငံသား ၂၀ ခန့် လုပ်ကိုင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတ္တုတွင်း လုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်၊ ၂၀၂၂ ခုနှစ်မှာ သန်း ၆၀၀ ကျော်နဲ့ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်မှာ ၃၈၇ သန်းသာ ရှိခဲ့ပါတယ်။
ဒီစာရင်းကိုကြည့်ရင် စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့တဲ့ ပမာဏဟာ အာဏာမသိမ်းခင်ကထက် နှစ်ဆကျော် တိုးလာပါတယ်။
ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ရာ ပန်ဝါဒေသမှာဆိုရင် အရင်က မြို့အနီးတစ်ဝိုက်မှာသာ တူးဖော်ရာကနေ အခုတော့ မြို့နဲ့ဝေးတဲ့ တောတောင်ဒေသတွေအထိ လုပ်ကွက်တွေ ပိုကျယ်ပြန့်လာတယ်လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။
“အများပိုင်က ဒီပန်ဝါဘက်မှာ ဆိုက်အသစ်လေးတွေ တိုးချဲ့တူးလာတာ တွေ့ရတယ်။ တက်တာကတော့ အလုပ်သမားတွေ ဆိုင်ကယ်နဲ့တက်လာတာ၊ အနည်းဆုံး တစ်ရက်မှာ ၅၀ နဲ့ ၁၀၀ ကြားမှာ တက်ကြတယ်။ နေ့တိုင်း တက်နေတာ။ အလုပ် ရတာ မရတာတော့ မသိဘူး။ တက်တာက နေ့တိုင်းလိုလို တက်နေကြတာ။ ဆိုက်အသစ်တွေ ဘယ်လိုပြောမလဲ လမ်းမဘေး မဟုတ်တော့ ဟိုအထဲ ဝင်သွားပြီ။ ဒီဆိုက်ဟောင်းတွေ အရင်ကတော့ နီးတဲ့နေရာမှာ အရင်လုပ်တယ်။ ကုန်သွားပြီ မရှိတော့ဘူး။ အကုန်ကတော့ ဝေးတဲ့နေရာမှာ အထဲထဲမှာဆိုက် အသစ်ဖွင့်ပြီးလုပ်နေကြတယ်”
နောက်ထပ် ပန်ဝါမြို့ခံတစ်ဦးကလည်း မြို့အနီးတစ်ဝိုက်မှာ ဆက်တူးလို့ မရတော့တဲ့အတွက် ကျေးလက် ဒေသဖြစ်တဲ့ ချီဖွေမြို့နယ် ဖီမော်နဲ့ ချန်းမော်ခုန်း ဒေသတွေမှာ မြေရှားသတ္တု တူးဖော်မှု တိုးချဲ့လာတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်သိရသလောက်တော့ အခု ပန်ဝါပတ်ဝန်းကျင်က သတ္တုတူးဖော်တာက ကုန်သလောက် ရှိသွားပြီ။ ကုန်ပြီးမှ ဆက်ပြီး ချန်းမော်ခုန်း၊ ဖီမော်ဘက်ကို ပြန်ချဲ့ပြီးမှ တူးသွားနေတယ်။ အခုက တရုတ်တွေက မြေရှားတူးတဲ့ နေရာမှာသုံးတဲ့ မြေဩဇာလို့ ပြောကြတဲ့ဟာ တခါးဖွင့်ပြီး လွတ်လွတ်လပ်လပ် သယ်နေကြတယ်ဆိုတော့ တူးတဲ့ဧရိယာလည်း နည်းနည်းတော့ ပိုများလာမယ်။ တခြားကုန်ပစ္စည်းတွေကျတော့ တော်တော်လည်း ခက်ခက်ခဲခဲ ယူရတယ်၊ ဒါပေမဲ့ ဒီသူတို့ မြေဩဇာတွေ ဘာတွေက လွတ်လွတ်လပ်လပ်ပဲ။ တရုတ်လည်း အဲလို တင်သွင်းတယ်။ “
ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသဟာ မြို့တော် မြစ်ကြီးနားကနေ မိုင်ပေါင်း ၁၀၀ ကျော်အကွာမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသ ဖြစ်ပါတယ်။
အခု အဲဒီဒေသမှာ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် သောက်သုံးရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင်ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ်ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက် ပေါင်း ၃၀၀ မှာ အားပြင်းအက်စစ် သတ္တုရည်ကန် ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ သူတို့လက်ထက်မှာ မြေရှားသတ္တုတူးဖော်ဖို့ တရားဝင် ခွင့်ပြုမထားဘူးလို့ RFA ကို ပြောပါတယ်။
“မြေရှားနဲ့ပတ်သက်လာရင် ကျနော်တို့က ဥပဒေအတိုင်း၊ မူအတိုင်း ကျနော်တို့ လုပ်တယ်။ လုပ်တယ်ဆိုတာက survey တိုင်းတာ၊ စီးပွားထုတ်လုပ်မှု ရ။ မရ ဒီကိစ္စကျနော်တို့ လုပ်ထားတာပဲ ရှိသေးတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ တရားဝင် တူးဖော်ခွင့်လည်း မပေးဘူး။ ဘာမှလည်း ဆက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ တရားဝင် ခွင့်ပြုထားတာ မရှိပါဘူး။ ကျန်တာ သူတို့အောက်မှာ ခိုးတူးတာ ရှိချင်ရှိလိမ့်မယ်။ အစိုးရက တရားဝင် ခွင့်မပြုပါဘူး “
NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါး သတ္တုတူးဖော်ရေးကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ ချီဖွေမြို့နယ်က မြေ ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ခုမှာ မြေရှားသတ္တုတူးဖော်ဖို့ ခွင့်ပြုပေးခဲ့တာ တွေ့ရပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ၂၀၂၀ ကနေ အခု ၂၀၂၃ ခုနှစ်အထိ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဆက်လက် လုပ်ကိုင်နေသလဲဆိုတာကို အတိအကျ မသိရပါဘူး။
၂၀၂၂ စက်တင်ဘာလမှာတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်နဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ်မှာလည်း ပုဂ္ဂလိက ကုမ္ပဏီတွေက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်လာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အကုန်ကတော့ ဝေးတဲ့နေရာမှာ အထဲထဲမှာဆိုက် အသစ်ဖွင့်ပြီးလုပ်နေကြတယ်”
တရုတ်လူမျိုးတွေ ပါဝင်တဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပြီး အပြီးအပိုင် ထွက်ခွာသွားဖို့ မံစီမြို့နယ် အင်ဘာပါဒေသခံတွေက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့သလို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ကုမ္ပဏီထံ စာရေးတောင်းဆိုခဲ့ပေမယ့် အခုချိန်ထိ တုံ့ပြန်ချက် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ အသက်ရှင်သန်နေထိုင်ရေး ထိခိုက်မှာကို စိုးရိမ်တာကြောင့် ဒီကိစ္စကို မဖြစ်မနေ ကန့်ကွက်သွားမယ်လို့ အင်ဘာပါရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမြေရှားတူးတာက သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးတယ်၊ ပြီးတော့ ကျနော်တို့ ဒေသခံတွေအတွက်လည်း အားလုံးအတွက်လည်း မကောင်းတဲ့ အလုပ်ဆိုတော့ ကန့်ကွက်တာပေါ့။ ဒီဟာတွေ ကျနော်တို့ ဒေသကနေ လုံးဝ ထွက်ခွာသွားတဲ့အထိ ကန့်ကွက်သွားမယ်”
မြေရှားသတ္တု တူးဖော်မှုတွေကို ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ ဒေသခံတွေက စာရေးတောင်းဆိုထားတာပါ။
ကေအိုင်အို ထိန်းချုပ်ရာနယ်မြေက မြေရှားသတ္တုတူးဖော်ရေးပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ကို RFA က မေးမြန်းတဲ့အခါ အဲဒီကိစ္စ သူတို့နဲ့ မသက်ဆိုင်ဘဲ စစ်ကောင်စီရဲ့ ဒေသ အာဏာပိုင်တွေနဲ့သာ သက်ဆိုင်တယ်လို့ တုံ့ပြန်ပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေကအစ သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဆုံး အခုလို နိုင်ငံရေးရှုပ်ထွေးတဲ့ကာလမှာ ကချင်လူထုနဲ့ ကချင်ပြည်နယ်ရဲ့ သဘာဝဝန်းကျင်ကို ထိခိုက်ပျက်စီးမယ့် လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ မြေရှားသတ္တုအကြောင်း လေ့လာနေသူ ကချင်သုတေသီတစ်ဦးက တိုက်တွန်းပါတယ်။
“အဓိက တာဝန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျနော်တို့ BGF၊ ပြီးရင် တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေပေါ့လေ ဒီဒေသအာဏာပိုင်တွေက အစပေါ့ တာဝန်အရှိဆုံး ဖြစ်တယ်။ အဲဒီမှာ တူးဖော်တဲ့ဟာကို တရားမဝင် လက်လွတ်စပယ် ခွင့်ပြုပြီးတော့၊ ပေါင်းပြီးတော့ လုပ်ဆောင်တဲ့ဟာတွေကိုတော့ ကျနော်တို့ လုံးဝ ရပ်ဆိုင်းဖို့ လိုတယ်။ ဒီကျနော်တို့ ယန္တယားတွေ၊ တကယ် တရားဝင် ကျနော်တို့ မလုပ်ဆောင်နိုင်တဲ့အခါ နိုင်ငံရေးရှုပ်ထွေးတဲ့ ကာလတွေမှာက ကျနော်တို့ ရပ်တန့်တာက အကောင်းဆုံး ဖြစ်တယ်ပေါ့လေ။ ဒါမှမဟုတ်ရင် ကျနော်တို့က ထိန်းချုပ်ဖို့ monitor လုပ်ဖို့ စောင့်ရှောက်ဖို့က တော်တော်လည်း ခက်ခဲတယ်။”
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မြေရှားသတ္တုတန်ချိန် နှစ်သိန်းရှစ်သောင်းခန့် ထွက်ရှိခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက တန်ချိန် တစ်သိန်း ခြောက်သောင်း ရှစ်ထောင်နဲ့ ပထမ၊ အမေရိကန်က တန်ချိန် လေးသောင်း သုံးထောင် နဲ့ ဒုတိယ၊ မြန်မာနိုင်ငံက တန်ချိန် နှစ်သောင်း ခြောက်ထောင် နဲ့ တတိယ အများဆုံး တူးဖော်နေတာ ဖြစ်ပါတယ်။