တိုက်ပွဲတွေကြောင့်စာမသင်ရတဲ့ ဘူးသီးတောင်မြို့နယ်က ကလေးငယ်များ


2019.01.16
kyauktaw-refugees-622.JPG တပ်မတော်နဲ့ (AA) တို့ တိုက်ပွဲတွေကြောင့် ချင်းမဝန်တောင်းကျေးရွာကနေ သလူချောင်းကျေးရွာကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် စာသင်ကျောင်း အတော်များများ ပိတ်ထားရပါတယ်။ အတန်းတင်စာမေးပွဲတွေ နီးကပ်လာနေပေမယ့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စာလုံးဝမသင်နိုင်တဲ့ ကလေးတွေ ရာနဲ့ချီပြီး ရှိနေတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။

အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုက်ပွဲတွေကြောင့် စာမသင်ရတဲ့ ဘူးသီးတောင်မြို့နယ်က ကလေးငယ်များ

(မနန္ဒာချမ်း)

လွတ်လပ်ရေးနေ့က ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရပြီး နောက်ပိုင်း ဇန်နဝါရီလ ၇ ရက်နေ့က စလို့ အဲဒီမြို့နယ်တွင်းမှာရှိတဲ့ စာသင်ကျောင်း ၁၆ ကျောင်းကို လုံခြုံရေးအခြေအနေအရ လုံးဝပိတ်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှ က RFA ကို ပြောပါတယ်။

“ဘူးသီးတောင်ကတော့ ဇန်နဝါရီလ ၇ ရက်နေ့ စပိတ်တာ။ ၁၆ ကျောင်းဆိုတဲ့နေရာမှာ တိုက်ပွဲတွေကြောင့် ပိတ်ထားရတာပါ။ ဘယ်လိုမှ သွားလို့လာလို့ အဆင်မပြေလို့လေ အဲဒီကျောင်းတွေက။ တကယ်လို့ အေးချမ်းပြီး အဆင်ပြေပြီ လုံခြုံမှုရှိပြီဆိုရင်တော့ အဲဒီကျောင်းတွေကို ပြန်ဖွင့်မှာပါ။ ဒီကျောင်းသားတွေက တခြားရွာမှာ သွားတက်ဖို့ကလည်း အဆင်မပြေဘူး။ အဲဒီဒေသက အဓိကနေရာဖြစ်နေတယ်”

လောလောဆယ် ရခိုင်ပြည်နယ်တဝှမ်းလုံးမှာ ယာယီပိတ်ထားတာ စုစုပေါင်း ၃၁ ကျောင်းရှိပြီး၊ ကျောက်တော်မြို့နယ်မှာ ၁၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှာ ၁၆ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂ ကျောင်း၊ ရသေ့တောင်မြို့နယ်မှာ ၁ ကျောင်းရှိတယ်လို့ ဆိုပါတယ်။ အားလုံးကျောင်းသားဦးရေ ၁ ထောင်ကျော်ရှိတယ် လို့လည်း ဦးစိန်ထွန်းလှက ပြောပါတယ်။

“ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေရှိပါတယ်။ အဲဒီစခန်းတွေက ကျောင်းသားတွေကို နီးစပ်တဲ့ကျောင်းတွေမှာ တက်ခိုင်းထားပါတယ်ခင်ဗျ။ ကျောင်းဝတ်စုံရော စာရွက်စာတမ်းရော အားလုံး အပြည့်အစုံ ပေးထားပါတယ်။ စာမေးပွဲကျရင်လည်း အဲဒီကျောင်းတွေမှာပဲ ဖြေကြရမှာပါ။ အတတ်နိုင်ဆုံး အနီးကပ် အချိန်ပိုတွေရော သင်ကြားပေးနေပါတယ်။ ကလေးတွေ လုံးဝ မနစ်နာစေရပါဘူး။ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်”

မြန်မာနိုင်ငံတဝှမ်းမှာ ၁ဝ တန်းကလွဲပြီး အတန်းတင်စာမေးပွဲတွေကို ဖေဖော်ဝါရီလ ပထမပတ်ကစလို့ စစ်ဆေးတော့မှာဖြစ်ပါတယ်။ စာမေးပွဲဖြေဖို့ သီတင်း ၃ ပတ်သာလိုတော့တဲ့ အချိန်မှာ ဘူးသီးတောင်မြို့နယ်တွင်းက ကျောင်းလုံးဝမတက်နိုင်တဲ့ ကလေးတွေအတွက်တော့ သီးသန့် အခွင့်အရေးပေးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးပိုင်းကတော့ ခရိုင်ထွေအုပ်နဲ့ မြို့နယ်ပညာနဲ့ ခရိုင်ပညာနဲ့ အားလုံးပေါင်းစပ်ညှိနှိုင်းနေပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ပေးမှာပါ။ ကလေးတွေကတော့ လုံးဝ မနစ်နာစေရပါဘူး။ လကုန်ပြီးရင် စာမေးပွဲစမှာဆိုတော့ ၂ဝ ရက်နောက်ပိုင်းတော့ တခုခု အဖြေတော့ ပေါ်လာမှာပါ။ အခုတော့ ညှိနှိုင်းတုန်းခင်ဗျ။ တပြိုင်တည်းတော့ ဝင်ဖြေရမှာပဲ။ ဘာလို့လဲဆိုတော့ စာမေးပွဲကို နှစ်ကြိမ်မကျင်းပဘူး။ အတတ်နိုင်ဆုံး သူတို့ကို သက်သက်ညှာညှာလေးပေါ့နော်”

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းက အလယ်တန်းကျောင်းသား ကိုခင်မောင်ဝင်း ဟာ ဒီစစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ဒီဇင်ဘာလ ၃ဝ ရက်နေ့ကမှ ရောက်လာတာပါ။ နီးစပ်ရာကျောင်းမှာ စာသင်ကြားနေပေမဲ့ ရွာမှာလောက်တော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ မကြာခင်ဖြေရတော့မယ့် အတန်းတင်စာမေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။

“၇ တန်းပါ။ စာတွေတော့ မကျက်ရသေးဘူး။ အခုနေတဲ့ကျောင်းက အဆင်မပြေတော့ဘူး။ အရင်နေတဲ့ ကျောင်းက အဆင်ပြေတာပေါ့။ ကျနော်တို့ ရွာမှာနေရတာနဲ့ ဒီမှာနေရတာ မတူတော့ဘူး”

မြန်မာအစိုးရတပ်တွေနဲ့ AA ရက္ခိုင့်တပ်မတော်အကြား ဒီဇင်ဘာလဆန်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ်တွင်းက ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုအရှိန်မြင့်လာနေတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ဦးရေဟာလည်း အခုဆိုရင် ၅ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။