လူသားချင်းစစ်တိုက်မလား လူသားနဲ့ဗိုင်းရပ်စ်စစ်မှာ လူလူချင်းလက်တွဲမလား

ကမ္ဘာမှာရော မြန်မာမှာပါ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့စိန်ခေါ်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးရတာထက် စစ်ကြောင့် သေကြေပျက်စီးရတာပိုများနေပါတယ်။

aa-622.jpg

ကမ္ဘာမှာရော မြန်မာမှာပါ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့စိန်ခေါ်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးရတာထက် စစ်ကြောင့် သေကြေပျက်စီးရတာပိုများနေပါတယ်။ ဒေသတွင်းမှာ စစ်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရပ်ရွာနေ အိမ်တွေ လယ်ယာလုပ်ငန်းခွင်တွေစွန့်ပြီး ထွက်ပြေးနေရဆဲပဲဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရတယ်လို့အတည်ပြုနိုင်တဲ့သူ ၆ ဦးရှိတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ဒီနှစ်အစကနေ ခုချိန်ထိ ၅ လနီးပါးအတွင်း စစ်ကြောင့်သေရတဲ့အရပ်သား ၁၄၈ ယောက်နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ရတဲ့သူ ၃၅၀ ထိရှိနေတာကို RFA က နေ့စဉ်နီးပါး စာရင်းပြုစုပြီး တင်ပြနေပါတယ်။ ဒါတောင် လက်လှမ်းမမှီလို့ စာရင်းထဲမထည့်နိုင်သေးတဲ့သူတွေ ရှိနေပါသေးတယ်။ အဲဒီအပြင်လဲ မြန်မာ့တပ်မတော်ဘက်ကရော AA ရခိုင့်တပ်တော်ဘက်ကပါ ကျဆုံးတဲ့သူ ထိခိုက် ဒဏ်ရာရတဲ့သူတွေလဲရှိနေပေမယ့် နှစ်ဖက်လုံးက ထုတ်ပြောတာမရှိလို့ သူတို့စာရင်းတွေလဲ မထည့်နိုင်သေးပါဘူး။

အဲဒီရခိုင်ပြည်နယ်က စစ်ပွဲမှာ မြန်မာ့တပ်မတော်က တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်နေတဲ့အကြောင်း ဒေသခံတွေပြောတာကို မကြာခဏကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်က အခုမေလထဲမှာ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာကို AA ရခိုင့်တပ်တော်က မြေပြင်ကနေ ခုခံနေတဲ့ ရုပ်သံဖိုင်ကို AA အဖွဲ့က မနေ့က မေလ ၂၅ ရက်နေ့မှာ အွန်လိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ AA အဖွဲ့ဝင်တွေ၊ AA ကိုထောက်ပံ့သူတွေလို့ သံသယနဲ့ကြည့်ပြီး ဖမ်းတာနှိပ်စက်တာ အရေးယူတာရှိသလို AA ရခိုင့်တပ်တော်ကလဲ မြန်မာ့တပ်မတော်ကို သတင်းပေးနေတယ်လို့ သံသယရှိသူတွေဆိုရင် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိနေပါတယ်။

အဲဒီလို ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအရေးယူဖို့ ရခိုင်အမျိုးသားပါတီ (ANP) အမတ်တချို့က အစိုးရထိပ်တန်းခေါင်းဆောင်တွေဆီတိုင်ကြားခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခမျိုးစုံကြုံတွေ့နေရပြီး ရခိုင်ပြည်သူတွေဟာ ပေးစရာ ငွေမရှိသလို၊ ပြေးစရာ မြေလည်း မရှိ ဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက် ဆုပ်ကိုင်ပြီး  ပြောဆိုဆွေးနွေးဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက မေလ ၂၀ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တကယ်တော့ ပြည်တွင်းစစ်မှာ အရင် ဖဆပလခေတ်နဲ့ မဆလ၊ နဝတ၊ စစ်အစိုးရခေတ်တွေတုန်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဖြတ်လေးဖြတ်စီမံချက်နဲ့တိုက်ခဲ့သလို၊ အခုတော့ AA ဆိုတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ပြီး အင်တာနက်အဆက်အသွယ်ဖြတ်၊ ရွာတွေနဲ့အဆက် အသွယ်ဖြတ်၊ သတင်းမီဒီယာတွေနဲ့အဆက်အသွယ်ဖြတ်၊ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေနဲ့အဆက်အသွယ်ဖြတ်ပြီး တိုက်နေတာတွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းစစ်အနှစ် ၇၀ ကျော်အတွင်း အပြတ်အသတ်အနိုင်ရလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုလို့လဲ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ကရင်နီ၊ ဝ၊ ရခိုင်၊ ပလောင် စတဲ့ အင်အားကြီးတဲ့ အဖွဲ့တွေထဲမှာ တဖွဲ့မှမတွေ့ရသေးပါဘူး။ အခုဆိုရင် UWSA က ဝ တိုင်းရင်းသားနယ်ကို အထူးစိုးမိုးထားနိုင်ပြီး အင်အားတောင့်လွန်းတဲ့ အနေအထားရောက်နေတဲ့အတွက် တခြား တိုင်းရင်းသားအဖွဲ့တွေကပါ အားကျနေတဲ့ အနေအထား ရောက်နေတာတွေ့ရပါတယ်။

တဖက်မှာတော့ အစိုးရရဲ့ နှစ်စဉ်ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအရ ကြည့်ရင် စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်က ကျန်တဲ့ ကျန်းမာရေးပညာရေးဆိုင်ရာ ဘတ်ဂျက်တွေထက် အဆပေါင်းများစွာ သုံးနေတာနှစ်ပေါင်း များစွာရှိနေပါပြီ။ ဒါပေမယ့်လည်း ပြည်တွင်းစစ်ဟာ သေးမသွားပဲ ကြီးသထက်ကြီးနေတာ တွေ့ရပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါက လူသားအားလုံးကိုခြိမ်းခြောက်နေတဲ့အတွက် လူလူချင်းစစ်ဖြစ်နေတာတွေရပ်ပြီး လူသားနဲ့ဗိုင်းရပ်စ်ဖြစ်တဲ့စစ်မှာ လူသားအချင်းချင်းဖေးမကူညီကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေရော အရပ်ဖက်လူမှုအသိုင်းအဝိုင်းတွေအပြင် သာမန်အရပ်သားတွေကပါ တိုက်တွန်းနေကြပါတယ်။ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်ကတော့ ပြင်ပကမ္ဘာတခုလိုဖြစ်နေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့စစ်ပွဲထက် လူလူချင်းစစ်ပွဲကပိုပြင်းထန်နေတာတွေ့ရပါတယ်။ ဒါကြောင့် လူသားချင်း စစ်ဆက်တိုက်မလား၊ လူသားနဲ့ဗိုင်းရပ်စ်စစ်မှာ လူသားကအနိုင်ရအောင် ဝိုင်းကြိုးပမ်းမလားဆိုတာ တိတိကျကျဆုံးဖြတ်ရမယ့်အချိန်ရောက်နေပြီလို့ တင်ပြလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org