ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး နိုင်ငံတကာက အာရုံစိုက်တွန်းအားပေးဖို့ USIP ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.05.28
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး နိုင်ငံတကာက အာရုံစိုက်တွန်းအားပေးဖို့ USIP ပြော တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာများ (AA) ထိန်းချုပ်ရာနယ်မြေသို့ ထွက်ပြေးခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။
X/Twan Mrat Naing

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖျက်ဆီးရတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာက ရိုဟင်ဂျာအဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ရက္ခိုင့်တပ်တော် (AA) ကို ဖိအားပေးကြဖို့ နိုင်ငံတကာကို တိုက်တွန်းနေပါတယ်။

ဂြိုဟ်တုနဲ့ အင်တာနက်ပေါ်က ရတဲ့ အထောက်အထားတွေအရ ဘူးသီးတောင်မြို့မှာ မြန်မာစစ်တပ် ဆုတ်ခွာသွားတဲ့နောက် တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရကြောင်းနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို AA တပ်ဖွဲ့တွေက တားဆီးပိတ်ပင်မှုတွေနဲ့ သတ်ဖြတ်မှုအချို့ပါ ရှိခဲ့တဲ့အကြောင်း မေလ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝန်းနှစ်ခုအကြား စိတ်ဝမ်းကွဲ ပဋိပက္ခဖြစ်စေမဲ့ သတင်းအမှားတွေ ဝါဒဖြန့်ချိမှု ပျံ့နှံ့နေပြီး AA ခေါင်းဆောင်ဖြစ်သူက ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေကို X လို့ခေါ်တဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာဌာနရဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာက အဲဒီသတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန်အစိုးရ ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင် တာဝါကတော့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာနဲ့ ရခိုင်အသိုက်အဝန်းနှစ်ခုကြားမှာ တင်းမာမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ အောင်မြင်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရခိုင်နဲ့ ရိုဟင်ဂျာသိုက်အဝန်း နှစ်ခုအကြား ရန်လိုမုန်းတီးမှုဖြစ်အောင် နှစ်ပေါင်းများစွာ သွေးထိုးလှုံ့ဆော်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိပါတယ်။ အခုလဲ ရိုဟင်ဂျာတွေကို ဆက်ပြီး ဖိနှိပ်မှုနေတာတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာနဲ့ ရခိုင်အသိုက်အဝန်းနှစ်ခုကြားမှာ တင်းမာမှုတွေ ဖြစ်လာအောင် ရန်တိုက်ပေးနေတယ်။ ဒီနည်းနဲ့ပဲ AA ကို (တစ်ဖက်လှည့်နဲ့) ဖိအားပေးတဲ့ ဗျူဟာကို ကျင့်သုံးနေတယ်။ အခုတွေ့ရသလောက်တော့ ဒီဗျူဟာက အောင်မြင်နေတယ်လို့ ထင်ပါတယ်။ AA ဟာ မြန်မာစစ်တပ်ကပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်ဘဲ၊ မြန်မာစစ်တပ်က ဖြစ်စေချင်တဲ့အတိုင်း ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခဖြစ်မဲ့ လမ်းကြောင်းပေါ်ကို ရောက်လာနေတာ တွေ့ရပါတယ်။”


ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး AA ဘက်က သတင်းထုတ်ပြန် ပြောဆိုတဲ့နေရာမှာလည်း အားနည်းချက် ရှိနေတယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

“တစ်ချိန်တည်းမှာပဲ AA ဘက်က ထုတ်ပြန်ပြောဆိုချက်တွေမှာ ရိုဟင်ဂျာတွေကို ချိုးနှိမ်စော်ကားပြီး ပြောဆိုရေးသားထားကို တွေ့ရတာကြောင့် ဒီအချက်က ပြဿနာကို ပိုကြီးစေပါတယ်။ ဒီကိစ္စတွေအတွက် AA အနေနဲ့ ပိုပြီး တာဝန်ယူမှု ရှိသင့်ပါတယ်။ ဒီလို ပြောဆိုမှုတွေကြောင့် ရိုဟင်ဂျာတွေ တိုက်ခိုက်သတ်ဖြတ်ခံရတာတွေ ကြားသိလာရတဲ့အတွက် AA အပေါ် စွပ်စွဲပြောဆိုကြတာတွေ မှန်ကန်နေတယ်လို့ သက်သေပြရာ ရောက်နေပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ အရပ်သားအားလုံးကို အကာအကွယ်ပေးဖို့ (ရခိုင်ပြည်နယ်မှာ စစ်အရေးအရ အသာစီးရနေတဲ့) AA မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီလို ရိုဟင်ဂျာတွေအပေါ် ထိပါးပြောဆိုနေတာတွေကြောင့် စောင့်ရှောက်ရမဲ့ တာဝန်ကို အကျိုးအထောက်အပံ့ ဖြစ်စေမှာ မဟုတ်ပါဘူး။”

ရက္ခိုင့်တပ်တော် (AA) ကတော့ ဘူးသီးတောင်မြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားကြောင်း AA က ကြေညာထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ (Photo: AA Info Desk)
ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ (Photo: AA Info Desk)

AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ သေချာပေမဲ့ ဒီလို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ဒေသခံပြည်သူတွေအတွက် တာဝန်ယူဖို့ ဖိအားပိုများလာနိုင်တယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေရဲ့ လားရာကို မှန်းဆကြည့်မယ်ဆိုရင် AA ဟာ မြန်မာစစ်တပ်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တိုက်ထုတ်နိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ ကြာတော့မှာပါ။ ဒါပေမဲ့ AA ကနေ ထိန်းချုပ်နိုင်တဲ့နယ်မြေတွေ များလာတာနဲ့အမျှ အဲဒီဒေသတွေကို စီမံအုပ်ချုပ်ဖို့နဲ့ ဒေသခံပြည်သူတွေကို လူသားးချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် အလွန်ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ဒါတွေက AA အတွက် (နိုင်ငံရေးနဲ့ ဦးဆောင်မှုအတွက်) အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ရခိုင်ပြည်နယ်က ပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်ဖို့ AA ခေါင်းဆောင်ပိုင်းနဲ့ စတင်ထိတွေ့ဆက်ဆံပြီး အတူအလုပ်လုပ်မလားဆိုတာ ဆုံးဖြတ်ရမဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီလို စိန်ခေါ်မှု အားလုံးကို မကြာခင် မြင်တွေ့ရတော့မှာပါ။”

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှု ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းကြားတာ မရှိပါဘူး။

ဘူးသီးတောင်မြို့က တိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေရှိနေပြီး ရိုဟင်ဂျာ အများအပြားနေထိုင်တဲ့ မောင်တောမြို့ကိုလည်း ပျံ့နှံ့လာဖို့ ဖြစ်နိုင်ခြေရှိနေတဲ့အတွက် အကြမ်းဖက်တိုက်ခိုက်မှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ပြီး အရပ်သားအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးကနေ တောင်းဆိုကြောင်းလည်း မေလ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။