ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ ရခိုင်ငြိမ်းချမ်းရေး
ပြီးခဲ့တဲ့အပတ်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
-
2019-03-19 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ အပတ်အတွင်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့ရဲ့ ထူးခြားချက်ကတော့ ရခိုင်တိုင်းရင်းသားတွေ တဝက်ကျော်ပါဝင်နေတာပါ။ ဒါပေမယ့် ဒီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် သုံးသပ်တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ ရခိုင်ငြိမ်းချမ်းရေး
( ဦးတင်အောင်ခိုင်)
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီမှာ အဖွဲ့ဝင် ၁၄ဦးအနက် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့အပြင် အဖွဲ့ဝင်တွေထဲမှာလည်း ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ဝန်ကြီးတွေ ပါဝင်သလို အငြိမ်းစား အစိုးရဝန်ထမ်းများလည်း ပါဝင်ပါတယ်။
ဒီအဖွဲ့ဝင် တဝက်ကျော်ဟာ ရခိုင်တိုင်းရင်းသားတွေ ဖြစ်နေတာကြောင့် သာမန်ကြည့်ရင် ရခိုင်ပြည်နယ်အရေးကို ပိုပြီး ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မယ်လို့ ထင်စရာရှိနေပေမယ့် ရခိုင်ပြည်နယ်က တည်ငြိမ်အေးချမ်းမှုဟာ ရခိုင် တိုင်းရင်းသားတွေ အများစုပါဝင်တဲ့အဖွဲ့က ဆောင်ကျဉ်းပေးနိုင်မယ့် အခြေအနေမရှိဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အဓိက ကတော့ ရခိုင်ပြည်နယ်က မတည်မငြိမ်ဖြစ်နေရခြင်းအပေါ် ရင်းမြစ်က ဘာလဲဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ခုနှစ် သြဂုတ်လ နောက်ပိုင်းက စပြီး အရှိန်တက်လာတဲ့ ဘာသာမတူ လူမျိုးမတူတွေကြား အတူယှဉ်တွဲနေထိုင်ရေး ပြဿနာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီပြဿနာကြောင့် တစ်ကမ္ဘာလုံးက မြန်မာအပေါ် စွဲချက်များ အမျိုးမျိုးတင်ပြီး စွပ်စွဲနေကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို လက်ခံရေးအခြေအနေဟာလည်း လိပ်ခဲတင်းတင်း ဖြစ်နေတာကြောင့် လတ်တလော ရခိုင်ပြည်နယ် အေးချမ်းရေးကို တိုက်ရိုက်ထိခိုက်တဲ့ အနေအထား အခြေအနေကို ရောက်မလာသေးဘူးလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ၂ဝ၁၈ ကုန်ခါနီး အချိန်လောက်ကမှ စလာတဲ့ နောက်ပြဿနာတခုကတော့ ရခိုင်တပ်မတော် AA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပါ။ ဒီတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရနေတယ် ဆိုတာထက်၊ ဒီပြဿနာအပေါ် ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ရဲ့ အမြင်အယူအဆတွေဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတယ်ဆိုတဲ့ အချက်ဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် သော့ချက်ဖြစ်နေပါတယ်။
အစိုးရနဲ့ တပ်မတော်ဖက်က AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ပြီး အပြတ်ဖြုတ်မယ်ဆိုတဲ့လမ်းကို ရွေးလိုက်ချိန်မှာ ရခိုင်ပြည်သူတွေရဲ့ အမြင်မှာ AA ဖက်ကို ပိုပြီး အားပေးဖို့ တွန်းအားတွေ ဖြစ်သွားစေပါတယ်။ တခါ အစိုးရဖက်ကလည်း ရခိုင်ပြည်သူတွေကို AA ကို မထောက်ခံဖို့ ၂ဝ၁၉ ဇန်နဝါရီလ ၇ရက်နေ့မှာ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့ပါတယ်။ ဒီအတွက်လည်း ရခိုင်တိုင်းရင်းသားတွေကို ပိုပြီး ဒေါသထွက်စေခဲ့ပါတယ်။
လက်ရှိမှာ NLD ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်အစိုးရဟာ ရခိုင်အမျိုးသားတွေ ဖြစ်ကြပေမယ့်၊ ပြည်ထောင်စုအစိုးရရဲ့ မူဝါဒကို အကောင်အထည်ဖော်နေတာကြောင့် ရခိုင်အမတ်တွေ အများစုဖြစ်တဲ့ လွှတ်တော်နဲ့ ပြဿနာ မကြာခဏဖြစ်ရပါတယ်။
အခုဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီဟာ ရခိုင်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြားက ပြဿနာတချို့ကိုတော့ အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းပေးကောင်းပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် AA နဲ့ တိုက်ပွဲ ပြဿနာကတော့ ဒီထက်ပိုပြီး သိမ်မွေ့နေပါတယ်။
အခုပြဿနာဟာ တိုင်းရင်းသားအရေးဖြစ်ပြီး ကချင်နဲ့ ရှမ်းပြည်တွေမှာလည်း အလားတူပြဿနာတွေ ပေါ်နေပါတယ်။ ဒါကြောင့် ပြဿနာတွေ ရှင်းနိုင်ဖို့ အဖွဲ့တွေ၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဖွဲ့မနေဘဲ ပြည်ထောင်စုအစိုးရအနေနဲ့ အမျှော်အမြင်ကြီးကြီး ဆောင်ရွက်ရမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီ ဖြစ်ပါတယ်။